DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ပြီးနောက်ပိုင်း တပ်အသွင်ပြောင်းမည်မဟုတ်ဟု ကေအန်အယ်လ်အေ ပြော
DVB
·
October 14, 2015
အပစ်ရပ်ပြီးနောက်ပိုင်း တပ်အသွင်ပြောင်းမည်မဟုတ်ဟု ကေအန်အယ်လ်အေ ပြော
Donate to DVB

အပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း နယ်ခြားစောင့်တပ်ဖြစ်စေ၊ ပြည်သူ့ရဲဝန်ထမ်းဖြစ်စေ အသွင်ပြောင်းတာကို လုံးဝလက်မခံမှာဟုတ်ဘူးလို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်အနေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ရပ်တည်ချက်မူ ၆ ချက်ကို ထုတ်ပြန်ထားပြီး အစိုးရက တပ်အသွင်ပြောင်းခိုင်းရင်လည်း လုံးဝ ပြောင်းမှာမဟုတ်ဘူးလို့ ကေအန်အယ်လ်အေရဲ့ တွဲဖက်စစ်ရေးချုပ် ဗိုလ်မှူးချုပ် မန်းရှာထူးဝေါ်က ပြောပါတယ်။

“ဒါက ဖြစ်လေ့ဖြစ်ထားရှိတယ်လေ။ အရင်တုန်းကဆိုရင် ဒီကေဘီအေတို့ဆိုရင် သူတို့ အပစ်ခတ်ရပ်စဲရေးလုပ်တဲ့အခါကျတော့ သူက အသွင်ပြောင်းပစ်လိုက်တာပဲ။ ပထမ ဗြုန်းကနဲ မလုပ်သည့်တိုင်အောင် နောက်တဖြည်းဖြည်းလာမှာပဲ။  အခုလက်မှတ်ထိုးပြီးတဲ့ တိုင်းရင်းသား လူမျိုးစုတွေ တော်လှန်ရေးအဖွဲ့အစည်းတွေကို လုပ်မှာပဲလို့ ကျနော်တို့တွက်ထားတယ်။ အဲဒီတွက်ထားတဲ့အပေါ်မှာ အဲဒီကိစ္စတွေကို မဖြစ်အောင် ကျနော်တို့ ကြိုတင်ကာကွယ်ထားတဲ့ သဘောပဲ။ ကျနော်တို့ကလည်း အသွင်မပြောင်းနိုင်ဘူး။ ကျနော်တို့က ကျနော်တို့ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်အဖြစ်နဲ့ပဲ ကျနော်တို့ ဆက်လက်ရပ်တည်သွားမယ် ဆိုတာ ပြန်ပြီးတိတိကျကျ ပြန်ပြီးဖော်ပြတာဖြစ်တယ်။”

ကေအန်အယ်လ်အေက ချမှတ်ထားတဲ့ မူ ၆ ချက်ထဲမှာလည်း မိမိတို့ရဲ့ခရိုင်၊ တပ်မဟာ နယ်မြေတွေမှာ အစိုးရတပ်အင်အားတိုးချဲချထားခြင်း၊ လက်နက်ခဲယမ်းတွေ ဖြည်ဆည်းမှုတွေ မလုပ်ဖို့၊ ဗမာ့တပ်မတော်ရဲ့ ရှေ့တန်းတပ်စခန်းတချို့ ရုပ်သိမ်းပေးဖို့၊ အကြောင်း တစုံတရာကြောင့် ကေအန်အယ်လ်အေ နယ်မြေအတွင်း ဖြတ်သန်းသွားလာမယ်ဆိုရင် ကြိုတင်ဆက်သွယ် အကြောင်းကြားဖို့၊ ကေအန်ယူ ထိန်းချုပ်နယ်မြေအတွင်း ကေအန်အယ်လ်အေတပ်ဖွဲ့ သွားလာလှုပ်ရှားစည်းရုံးမှုကို အစိုးရတပ်က  တာဆီးကန့်ကွက်တာတွေ မလုပ်ဖို့ဆိုပြီး ထုတ်ပြန်ထားပါတယ်။

တကယ်လို့ အစိုးရတပ်ဘက်က သူတို့ချမှတ်ထားတဲ့မူအတိုင်း မလုပ်ရင်တော့ ထိပ်တိုက်ဖြစ်စဉ်တွေ ဖြစ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

“လုပ်မပေးဘူးဆိုရင်တော့ ဒီထိပ်တိုက်ဖြစ်စဉ်တွေ မတော်တဆဖြစ်လာနိုင်ပါတယ်။ ဖြစ်ရင် နှစ်ဦးနှစ်ဖက်ကလည်း မကောင်းဘူးလေ။ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီဆိုရင် ဒါ လုပ်ကိုလုပ်ရမယ်။ သူတို့လည်း ကျနော်တို့ရဲ့ ထားထားတဲ့ code of conduct (အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စစ်စည်းကမ်းများ) အပေါ်မှာ အားလုံး လိုက်နာရမယ်လေ။ အဲဒီသဘောကို ပြန်ပြီးချပြတာ၊ ပြန်ဖော်ပြပေးတာပေါ့ဗျာ” လို့ ဗိုလ်မှူးချုပ်ပ် မန်းရှာထူးဝေါ်က ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မထိခိုက်ဖို့အတွက် ကေအန်ယူ အုပ်ချုပ်နယ်မြေအတွင်း အစိုးရဘက်က အုပ်ချုပ်ရေး၊ တရားစီရင်ရေးလုပ်ငန်းတွေကို ၀င်ရောက်လုပ်ဆောင်ခြင်းမပြုဖို့ လည်း ထုတ်ပြန် ထားပါတယ်။

“အဲဒီကိစ္စက တချို့ ကျနော်တို့ရဲ့ နယ်မြေထဲမှာ သူတို့က အခု အုပ်ချုပ်ရေးလုပ်ငန်းတွေ ဥဗမာ ကျန်းမာရေးလုပ်ငန်းတွေ၊ ပညာရေးလုပ်ငန်းတွေ လာဝင်လုပ်တဲ့အခါကျတော့ ကျနော်တို့ နဂိုရှိထားတဲ့ ကျနော်တို့ ကျောင်းတွေမှာ ကျနော်တို့ ပညာရေးစနစ်က အဟန့်အတားတွေဖြစ် တယ်။ သူတို့လာတဲ့အခါကျတော့ သူတို့ပုံစံနဲ့သူတို့လုပ်တယ်။ ကျနော်တို့ကျတော့ ကျနော်တို့ ကော်သူးလေ ပညာရေးစနစ်နဲ့ သွားတဲ့အခါကျတော့ မကိုက်ညီဘူးဗျာ။ အဲလိုဖြစ်တဲ့အခါကျတော့ ရှုပ်ရှုပ်ရှက်ရှက်တွေ မဖြစ်ဖို့ ကျနော်တို့ ဖော်ပြထားတာဖြစ်တယ်။ အားလုံးထိန်းထိန်းသိမ်းသိမ်း ဖြစ်နိုင် အောင်လို့ပေါ့။”

လက်ရှိ ကေအန်အယ်လ်အေက ထုတ်ပြန်ထားတဲ့ မူ ၆ ချက်ဟာ ဟိုအရင် ၂၀၁၃ သြဂုတ်လကတည်းက ချမှတ်ထားတဲ့မူဖြစ်ပြီး ဒီအချက်တွေကို တပ်မဟာ၊ ခရိုင်တွေကို ပို့ဆောင်အသိပေးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းရုံးအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် ချုပ်ဆိုတော့မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013