DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တောင်ပိုင်းမှ စစ်ပြေးဒုက္ခသည်များ အရေးပေါ် အကူအညီလိုအပ်
DVB
·
October 14, 2015
ရှမ်းပြည်တောင်ပိုင်းမှ စစ်ပြေးဒုက္ခသည်များ အရေးပေါ် အကူအညီလိုအပ်
Donate to DVB

ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်က ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အဖွဲ့နဲ့ အစိုးရတပ်တို့ကြား ထိတွေ့ပစ်ခတ်မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ ရွာသားပေါင်း ၆၀၀ ကျော်ဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။

မိုင်းရှူးမြို့နယ်  တာ့ဆမ်ပူး၊ လွယ်ယောင်းနဲ့ လွိုင်မောက်ခေါဝ်ဘက်မှာ အောက်တိုဘာလ ၆ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးတဲ့နောက် အဲဒီအနီးတ၀ိုက်က  နောင်ခစ်၊ ထာ့ဆမ်ပူး၊ ကုန်းနိမ်၊ နမ့်ပါမုံး စတဲ့ရွာက ရွာသားစုစုပေါင်း ၆၀၀ ကျော် မိုင်းရှူးမြို့နယ် ဟိုင်းပါကျေးရွာဘက်ကို ထွက်ပြေးလာတာလို့ မိုင်းရှူးဒေသခံ ဦးဆန်စိုင်းက ဒီဗွီဘီကို ပြောပါတယ်။

“ပစ်ခတ်သံတွေ ရွာထဲကနေ နေ့တိုင်းကြားနေရတော့ မနေရဲတော့ဘူး။ တရွာကို ရွာစောင့် သုံးလေးယောက်လောက်ပဲ ကျန်တယ်။ တချို့က နားပေရွာ၊ ၀မ်ဆော့ရွာဘက် ထွက်သွားတယ်။ အများစုက ဟိုင်းပါဘုန်းကြီးကျောင်းမှာ ရောက်နေတယ်၊ အ၀တ်တထည် ကိုယ်တခု ပြေးလာတာ၊ လာတုန်းကတော့ ခဏပဲနေမယ်ပေါ့။ နောက်တော့ သေနတ်သံက မငြိမ်တော့ လေးငါးရက်ကြာတော့ စားဖို့သောက်ဖို့ရော၊ အိပ်ယာခြင်ထောင်တွေရော အခက်အခဲရှိတယ်။ ကလေးတွေဆို အနွေးထည်လည်း မပါလာကြဘူး။”

စစ်ဘေးရှောင်သူတွေဟာ လတ်တလော စားဝတ်နေရေးအပြင် အလုပ်ပျက်အကိုင်ပျက် ဖြစ်နေတဲ့အတွက် တနှစ်တာ စားဝတ်နေရေးပါ ပူပင်နေရကြောင်း သူက ခုလို ဆက်ပြောပါတယ်။

“သူတို့တိုက်ကြတာ လက်နက်ကြီးတွေက လယ်တောထဲကျတော့ ဘယ်သူမှ လယ်ထဲမဆင်းရဲဘူး။ အခုက နှမ်းဆွတ်ချိန် မြေပဲနုတ်ချိန်၊ သိမ်းချိန်လွန်လို့ မသိမ်းရရင်ပျက်စီးရော၊ ၇ ရက်နေ့ကလည်း အစိုးရတပ်က ပြောင်းခင်းထဲမှာ ပြောင်းဖူးပင်တွေ အကာအကွယ်ယူပြီး ရှမ်းတပ်ကိုတိုက်တယ်။ ပြောင်းဖူးပင်တွေလည်း သေကုန်တယ်။ တနှစ်လုံးကျတော့ ဘာနဲ့သွားစားမလဲ။”

ဒုက္ခသည်တွေကို လာရောက်ကြည့်ရှုကူညီနေတဲ့ မိုင်းရှူးမြို့ ရှမ်းစာပေယဉ်ကျေးမှု အသင်းက နန်းဆိုင်ဟိန်းကလည်း မနေ့က တောင်ကြီးက အလှူရှင်တချို့ ရောက်လာပေမယ့် မလုံလောက်သေးဘူးလို့ ပြောပါတယ်။

“မနေ့က တောင်ကြီးက နမ့်ခုံး သာရေးနာရေးအသင်းနဲ့ ခင်ဟဲန်ဖကုမ္ပဏီက ရောက်လာတယ်။ ဆန် ၈ အိတ်နဲ့ ဆန်ဆီဆား ခေါက်ဆွဲခြောက်တွေ ပါလာတယ်။ ဒီနေ့ဝေပေးလိုက်တာ မလောက်ဘူး။ မိသားတစုကို ဆန်တပြည်စီပဲရတယ်။ ဒီနေ့ ကျားခေါင်းပါတီလည်း လာကူမယ်လို့ ပြောပါတယ်ရှင့်၊ အခု လမ်းမှာ ရောက်နေပါပြီ။”

စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ဘုန်းကြီးကျောင်း ဇရပ်မှာအပြင် ရွာထဲမှာလည်း တအိမ်ကို နှစ်ဆယ်၊ သုံးဆယ် ခွဲပြီးနေနေကြကြောင်း၊ အိမ်ရှင်တွေလည်း ရေရှည်မှာ လက်ခံထားရတာ အခက်အခဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။

မိုင်းရှူးမြို့နယ် ဟိုင်းပါကျေးရွာရောက် ဒုက္ခသည်တွေကို ကူညီလိုတယ်ဆိုရင် မိုင်းရှူးရှမ်းစာပေ ယဉ်ကျေးမှုအဖွဲ့ ဖုန်းနံပါတ် ၀၉ ၄၅၈၀ ၃၀၈၄၂ ကို ဆက်သွယ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013