DVB Logo
Home
မြန်မာသတင်း
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါက်တာ မနာမ်တူးဂျာ အန်စီအေကိစ္စ ဆွေးနွေး
DVB
·
October 13, 2015
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါက်တာ မနာမ်တူးဂျာ အန်စီအေကိစ္စ ဆွေးနွေး
Donate to DVB

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာတို့ဟာ ဒီကနေ့မနက်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မလိခ ဧည့်ရိပ်သာမှာ တွေ့ဆုံပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်နဲ့ ပတ်သက်လို့ အမြင်တွေ ဆွေးနွေးကြပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းရဲ့ ဖိတ်ကြားချက်အရ ယနေ့မနက် ၇ နာရီကနေ စတင်တဲ့ နာရီဝက်ကြာမြင့်တဲ့ ဒီတွေ့ဆုံပွဲမှာ ဒေါက်တာတူးဂျာနဲ့အတူ ပါတီအတွင်းရေးမှူး ဦးဖော်ယူး ဘရန်လီနဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ဦးခရက်ခွန်ဆာ့တို့လည်း တက်ရောက်ကြသလို တပ်မတော် အရာရှိကြီးတွေလည်း တက်ရောက်ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးရာမှာ အားလုံးပါဝင်နိုင်ရေးအတွက် အားလုံး ၀ိုင်းဝန်းကြိုးပမ်းရမှာဖြစ်ကြောင်း ဆွေးနွေးသလို ဒေါက်တာတူးဂျာကလည်း အန်စီအေစာချုပ် လက်မှတ်ထိုးရာမှာ အားလုံးပါဝင်နိုင်ရေး ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ ပြန်လည်တင်ပြခဲ့တယ်လို့ ပါတီအတွင်းရေးမှူး ဦးဖော်ယူဘရန်လီက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲတွေ အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အတွက် အစိုးရတပ်အနေနဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ အထူးတလည် လိုအပ်တယ်ဆိုတာကို ပြန်လည်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်း တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက်အားပေးနေကြောင်း ပြောတယ်လို့  ဆိုပါတယ်။

“အဓိက ဒု-ဗိုလ်ချုပ်မှူးကြီး ဦးစိုးဝင်းက ပိုပြောတာပေါ့နော်။ တိုက်တာ၊ ဖြစ်တဲ့အတိုင်းအတာတွေတော့ ပြောတာပေါ့။ ငြိမ်းချမ်းရေးက တပ်မတော်က ပိုလိုချင်ပါတယ်တဲ့။ စစ်တပ်ရဲ့ ဦးတည်ချက်လည်း ပါတယ်တဲ့၊ ငြိမ်းချမ်းရေးရအောင် လုပ်မယ်ပေါ့နော်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အဓိကပြောပါတယ်။” လို့ ဦးဖော်ယူး ဘရန်လီက ပြောပါတယ်။

ဒေါက်တာမနာမ်တူးဂျာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကို အောင်အောင်မြင်မြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အားလုံး ၀ိုင်းဝန်းကြိုးစားကြရမယ်လို့ ပြန်လည်တင်ပြခဲ့ပါတယ်။

ဒေါက်တာ မနာမ်တူးဂျာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းတွေက ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်ခဲ့ရာက အခုအခါ ကချင်အမျိုးသားဒီမိုကရေစီပါတီကို တရားဝင်တည်ထောင်ပြီး ပါတီဥက္ကဋ္ဌတာဝန် ယူထားပါတယ်။

ဒီတွေ့ဆုံဆွေးနွေးကြချိန်ဟာ နေပြည်တော်မှာ အန်စီအေစာချုပ်ကို အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရအကြား လက်မှတ်ထိုးမယ့်ရက် မတိုင်ခင် နှစ်ရက်အလိုမှာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒေါက်တာတူးဂျာကို ကေအိုင်အေအဖွဲ့ ပါဝင်လက်မှတ်ရေးထိုးအောင် စည်းရုံးဖို့ မေတ္တာရပ်ခံသလားလို့ မေးမြန်းရာမှာ   ပါတီအတွင်းရေးမှူး ဦးဖော်ယူဘရန်လီက “ဟာ အဲဒါတော့ မပြောဘူး။ ကေအိုင်အေနဲ့ ပတ်သက်တဲ့ဟာ မပါဘူး။ ငြိမ်းချမ်းရေးဖြစ်အောင် ကြိုးစားရမယ်ဆိုတာတော့ ပြောတော့ပြောတာပေါ့နော်။ အခွင့်အခါသင့်ရင်တော့ ပြောပေါ့နော်။ အဲလိုတော့ ပြောတာပေါ့နော်။ ကြုံလာရင်ပေါ့ စားပွဲပေါ်တို့ ဘာတို့မှာ အပစ်အခတ်ရပ်စဲရေး ဖြစ်အောင်ပေါ့ ၀ိုင်းကြိုးစားရအောင် အဲလိုတော့ ပြောတော့ ပြောတာပေါ့။ ပါတီဥက္ကဋ္ဌဆိုတော့ ကေအိုင်အိုနဲ့လည်း စကားပြောလို့မရဘူးလေ ၁၇ (၁) နဲ့ ငြိမှာပေါ့။” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ရိုက်တာသတင်းဌာနရဲ့ သတင်းမှာ အန်စီအေစာချုပ်မှာ လက်မှတ်မထိုးဖို့ ကေအိုင်အိုနဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီတို့ကို တရုတ်အာဏာပိုင်တွေက တိုက်တွန်းတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတဦးက ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013