DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်နိုင်မှု အခြေအနေ စိုးရိမ်ရ
DVB
·
October 13, 2015
နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်နိုင်မှု အခြေအနေ စိုးရိမ်ရ
Donate to DVB

မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ နိုင်ငံရေးနဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားပေမယ့် ပါဝင်လာနိုင်ဖို့ အခြေအနေကတော့ စိုးရိမ်စရာ ဖြစ်နေတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ ဖန်တီးအိမ်အဖွဲ့က ပြောပါတယ်။

ဖန်တီးအိမ်အဖွဲ့ရဲ့ အစီအစဉ် မန်နေဂျာ ဒေါ်ခင်လေးငယ်က “မဲစာရင်းကြည့်ပြီးပြီလား ဆိုရင်လည်း မအားလို့ မကြည့်ရသေးဘူး ဆိုတာမျိုး၊ ရွေးကောက်ပွဲမှာ မဲသွားထည့်မှာလား ဆိုရင်လည်း ရယ်နေတာမျိုး၊ အခြေအနေအရ၊ အားမှပဲသွားမယ် ဆိုတာမျိုးတွေ အများစု တွေ့ရတယ်” လို့ ပြောပါတယ်။

ပါတီတွေအနေနဲ့လည်း အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို နှစ်နှစ်ကာကာ လက်မခံသေးတာ ဖြစ်လိမ့်မယ်လို့လည်း သူက သုံးသပ်ပါတယ်။

ဒေါ်ခင်လေးငယ်က “ရန်ကုန်မှာ ကြည့်မယ်ဆိုရင် ရွှေ့ပြောင်းလုပ်သားတွေထဲမှာ အမျိုးသမီးတွေက အများဆုံးပဲ။ ပြီးတော့ အိမ်အကူအမျိုးသမီးလေးတွေ၊ သူတို့တွေ မဲစာရင်းမှာ ပါသလား။ ပါရင်ရော ရွေးကောက်ပွဲနေ့မှာ မဲသွားပေးနိုင်အောင် အလုပ်ရှင်တွေက စီစဉ်ပေးမှာလား။ ဒါကလည်း စိုးရိမ်စရာပဲ။ ကျမတို့ကလည်း ဒီကိစ္စကို လိုက်မလုပ်နိုင်သေးဘူး” လို့ ပြောပါတယ်။

ဖန်တီးအိမ်အဖွဲ့က ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ကော်မရှင်၊ ကိုယ်စားလှယ်လောင်းနဲ့ မဲဆန္ဒရှင် စတဲ့ ကဏ္ဍတိုင်းမှာ အမျိုးသမီးတွေ ဘယ်လောက်ပါဝင်နိုင်သလဲ ဆိုတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ စောင့်ကြည့်သွားပြီး အစီရင်ခံစာ ထုတ်သွားမှာပါ။

လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက်ကလည်း ကိုယ်စားလှယ်လောင်း စုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်းပဲ ရှိနေသေးတာပါ။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုကတော့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ၀င်ရောက်လာဖို့က မိသားစုက လက်ခံနိုင်မှု အားနည်းနေသေးတယ်လို့ ပြောပါတယ်။

ဒေါ်သန်းသန်းနုက “ကျမထင်တယ်။ မဲသွားပေးတာကတော့လေ အမျိုးသမီးတွေက စိတ်မ၀င်စားတာမျိုးကတော့ မဟုတ်ဘူး။ လူငယ်လူလတ်ပိုင်းတွေက တော်တော်လေးတော့ စိတ်ပါဝင်စားမှုတော့ ရှိလာပါပြီ။ ဒါပေမယ့် သူတို့ရဲ့ အတွေ့အကြုံအရ စီးပွားရေးကို ပိုပြီး အာရုံစိုက်ကြတယ်” လို့ ပြောပါတယ်။

လက်ရှိ လွှတ်တော်အသီးသီးမှာ အမျိုးသမီးတွေ ပါဝင်နေတဲ့ ရာခိုင်နှုန်းကတော့ ၆ ရာခိုင်နှုန်းကျော်ပဲ ရှိနေပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013