DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ပြောကြား
DVB
·
October 13, 2015
ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Donate to DVB

ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သတင်းမီဒီယာတွေကို ပြောကြားလိုက်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ရွှေ့မလား၊ မရွှေ့ဘူးလားဆိုတာ တိုင်ပင်ပြီး မကြာခင် ကြေညာမယ်လို့ ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းသင့်၊ မသင့် ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က နိုင်ငံရေးပါတီတချို့နဲ့ နေပြည်တော်မှာ ဒီကနေ့ ဆွေးနွေးအပြီး ပြောဆိုခဲ့တာပါ။

ဦးတင်အေးက “ကော်မရှင်ဥပဒေထဲမှာလည်းပဲ ရွေးကောက်ပွဲရက် သတ်မှတ်တာနဲ့ ပတ်သက်ပြီး တိုင်ပင်သင့်တာ တိုင်ပင်ရမယ်၊ တိုင်ပင်နိုင်တယ်လို့ ပြောတဲ့အတွက်ကြောင့် ခေါ်တိုင်ပင်တာပါ။ ရွှေ့မယ့်ရက်ကိုတော့ ကြေညာမယ့်ရက် ထွက်လာရင် သိလာပါလိမ့်မယ်။ ကြေညာချက် မကြာမီ ထွက်ပါမယ်၊ မကြာမီဆို လုံလောက်ပါပြီ။ တနိုင်ငံလုံး ရွှေ့သင့်လား မရွှေ့သင့်လားဆိုတာ ကျနော်တို့ ပြန်တိုင်ပင်ရအုံးမှာပါ။  ကော်မတီနဲ့တိုင်ပင်ပြီး ဆုံးဖြတ်ချက် ဒီနေ့ကျမယ်လို့ထင်ပါတယ်။ ဒီနေ့ထွက်ချင်လည်း ထွက်မယ်၊ ထွက်ချင်မှလည်း ထွက်မှာပေါ့လေ၊ မနက်ဖြန်လည်း ဖြစ်နိုင်တယ်။" လို့ ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ  ရေကြီးမှု၊ မြေပြိုမှု၊ သဘာဝဘေးတွေကြောင့် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ထဲကနေ ရွှေ့ဆိုင်းဖို့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးရဲ့ တင်ပြချက်အပေါ် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဖိတ်ကြားတဲ့ ပါတီ ၁၀ ပါတီအနက် ၇ ပါတီ တက်ရောက်ဆွေးနွေးကြပါတယ်။ ၇ ပါတီအနက် ၃ ပါတီက ထောက်ခံ၊ ၃ ပါတီက ကြားနေ၊ ၁ ပါတီက ကန့်ကွက်ပါတယ်။

ထောက်ခံတဲ့ပါတီတွေက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီတို့ ဖြစ်ပါတယ်။

ကန့်ကွက်တဲ့ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖြစ်ပါတယ်။ ကြားနေတဲ့ပါတီတွေက ရခိုင်အမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီတို့ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မရွှေ့ဆိုင်းဖို့ ဆွေးနွေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က “ကော်မရှင်ဥက္ကဋ္ဌက ကျနော်တို့ကို ခေါ်ပြီးတော့ အစည်းအဝေး ဖိတ်တာပေါ့ဗျာ။ ၁၀ ပါတီဖိတ်တယ်။ ဒါပေမယ့် ၇ ပါတီပဲ တက်တယ်။ ရှမ်း ၂ ပါတီနဲ့ ကရင် ၁ ပါတီ မတက်ဘူး။ အဲဒီတော့ အဓိကက ဘာလဲဆိုရင် သဘာဝဘေးအန္တရာယ်ဖြစ်လို့ ဖားကန့်မှာ မြေပြိုနေတယ်။ ကောလင်းမှာ ရေထပ်ကြီးနေတယ်။ ဟိုနေရာ ဒီနေရာတွေမှာ သဘာဝဘေးဒဏ်ရှိလို့ ရွေးကောက်ပွဲကို ရွှေ့ချင်တဲ့ဆန္ဒရှိတယ်။ အဲဒါ ကျနော်တို့က ဆွေးနွေးပါဆိုတော့ ကြံ့ခိုင်ရေးရယ်၊ နေဇင်လတ်ပါတီ အမျိုးသားပါတီရယ်၊ ကျော်စွာစိုးရဲ့ တောင်သူလယ်သမားပါတီက ထောက်ခံတယ်၊ ဥက္ကဋ္ဌကို။ UEC ဥက္ကဋ္ဌကို။ အဲဒီမှာ တစညနဲ့ ရခိုင်နဲ့ ရခိုင်ပါတီနဲ့၊ အန်ဒီအက်ဖ်ကတော့ ဥက္ကဋ္ဌကြီးသဘောပါပဲ၊ ညှိနှိုင်းဆောင်ရွက်ပါလို့ ပြောတယ်။ ကျနော်ကတော့ လုံးဝကန့်ကွက်တယ်။ ကန့်ကွက်တဲ့အကြောင်းက ကော်မရှင်ဥက္ကဋ္ဌ ပြောတဲ့ဥစ္စာက သဘာဝဘေးအန္တရာယ်ဆိုတာ မှန်ပါတယ်။ သို့သော်လည်းပဲ ၂၀၀၈ ခုနှစ်တုန်းက ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း စုတ်ပြတ်သတ်သွားပြီး လူ သိန်းနဲ့ချီသေတာတောင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ (လူထုဆန္ဒခံယူပွဲ) ကို တပတ်ပဲ ပြီးအောင် လုပ်သွားတာလေ။ အဲဒါကြောင့်မို့လို့ ကျိုးကြောင်းမခိုင်လုံပါဘူး၊ ကန့်ကွက်ပါတယ်ဆိုတာ။ အဲဒီတော့ အဲဒါကို မဆုံးဖြတ်သေးဘူး။ မကြာခင် ဆုံးဖြတ်တော့မယ်လို့ ယုံကြည်ရတယ်။" လို့ ပြောပါတယ်။

ဒီအစည်းအဝေး ကျင်းပမယ်ဆိုတာကို ဒီကနေ့မနက် ဆယ်နာရီအစည်းအဝေးကျင်းပမှ သိတာဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ပြောတဲ့အခါမှာ ကိုယ်ကန့်ကွက်တာကို သူက ထောက်ခံတယ်” လို့ ဦးဝင်းထိန်က ပြောပါတယ်။

၂၀၀၈ လူထုဆန္ဒခံယူပွဲနဲ့နှိုင်းယှဉ်ပြီး ဦးဝင်းထိန်ရဲ့ တင်ပြချက်ကို ဦးတင်အေးက တုံ့ပြန်ဖြေကြားရာမှာ “၂၀၀၈ ရွေးကောက်ပွဲတုန်းက မြစ်ဝကျွန်းပေါ်ဒေသတခုပဲဖြစ်တာ။ အခုဟာက နေရာတကာအနှံ့ ဖြစ်နေတာပဲ။ အခု အများစုထဲကကြည့်လိုက်တော့ ကန့်ကွက်တာ ဒီချုပ်ပဲ တိတိကျကျ ကန့်ကွက်တာရှိပါတယ်။ နှစ်ပါတီက ရွှေ့ဖို့ပြောတာရှိတယ်။ ကျန်ပါတီတွေကတော့ ကော်မရှင်ဆုံးဖြတ်တာပဲ လက်ခံပါမယ်ပြောတယ်” လို့ ဦးတင်အေးက ပြောပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ရခိုင်အမျိးသားပါတီ ဒု-ဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကတော့ “ကျမတို့ပါတီကတော့ ကန့်ကွက်တာလည်းမဟုတ်၊ ထောက်ခံတာလည်း မဟုတ်ဘဲ ရွှေ့ခြင်းဖြင့် ဖြစ်နိုင်ခြေ၊ မရွှေ့ခြင်းဖြင့် ဖြစ်နိုင်ခြေတွေကို တင်ပြတာပဲ ရှိပါတယ်။ လက်ရှိ သဘာဝဘေး အန္တရာယ် ကြုံရတာတွေ၊ တိုက်ပွဲတွေ ဖြစ်နေတာတွေလည်း လက်ခံတယ်၊ ဒါပေမယ့်  ရွှေ့မယ်ဆိုရင် တပြည်လုံးကို ရွှေ့သင့်တယ်၊ လုပ်နိုင်တဲ့နေရာမှာလုပ်ပြီး မလုပ်နိုင်တဲ့နေရာတွေမှာ မလုပ်ဘဲ ထားတာမျိုးတော့ ကျမတို့က မလိုလားပါဘူး၊ နောက်ပြီးတော့   ရွှေ့ခြင်းအားဖြင့် လက်ရှိ ပါတီအချင်းချင်းကြား ပဋိပက္ခတွေ ပိုရှည်အောင် ဆွဲဆန့်ရာများ ရောက်မလား၊ တိုင်တန်းတာတွေ အမှုဖြစ်တာတွေ၊ ပိုမိုကြီးထွားလာမယ့် အခြေအနေကို ကြုံတွေ့ရမလားပေါ့” လို့ ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ နိုင်ငံတ၀န်း ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော် ယှဉ်ပြိုင်ကြဖို့ မဲဆွယ်စည်းရုံးနေကြပါတယ်။

မဲဆွယ်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့အကြား ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013