DVB Logo
Home
မြန်မာသတင်း
မော်ချီးဒေသမြေပြိုမှု သေဆုံးသူ ၁၈ ဦးထိရှိလာ
DVB
·
October 13, 2015
မော်ချီးဒေသမြေပြိုမှု သေဆုံးသူ ၁၈ ဦးထိရှိလာ
Donate to DVB

ကယားပြည်နယ် ဘော်လခဲခရိုင် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ မိုးသည်းထန်စွာ ရွာသွန်း မြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၈ ဦးထိရှိလာပြီလို့  အဲဒီဒေသကို သွားရောက်ကူညီနေတဲ့ ကရင်နီပြည်လူငယ်များသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုကျော်တင်အောင်က ပြောပါတယ်။

“ရဲတပ်ဖွဲ့ရော၊ အခုလက်ရှိ သက်သေအနေနဲ့အရရော၊ ၁၃ လောင်းကတော့ မနေ့ညအထိ အတည်ပြုပြီးသွားပါပြီ။ ကျန်တဲ့ ရွာသူရွာသားတွေ ဆွဲထုတ်ပြီးတော့ ကယ်ဆယ်တယ်ဆိုတဲ့ ဟာက ၅ လောင်းဆိုတော့ ၁၈ လောင်းရှိတယ်။ ပျောက်ဆုံးတာကတော့ ၅ ယောက်လောက် ရှိနေသေးတယ်။ ”လို့ သူကပြောပါတယ်။

ဒေသခံကရင်နှစ်ခြင်းခရစ်ယာန်အသင်းရဲ့ မနေ့ည ၇ နာရီအထိ ပြုစုတဲ့စာရင်းအရ ၁၃ ကုန်းမှာ ၂ ယောက်၊ ရတနာမြေမှာ ၃ ယောက် နဲ့ ဇီးပင်ကွေ့မှာ ၆ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွေ တူးဖော်နေတယ်လို့ ဆိုပါတယ်။

ဒီကနေ့ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာတော့  မော်ချီးဒေသမြေပြိုမှုမှာ ကျား(၁၀)ဦး၊ မ(၇)ဦး စုစုပေါင်း  ၁၇ ဦးသေဆုံးပြီး ၆ ဦးပျောက်ဆုံးကာ (၁၅)ရပ်ကွက်နဲ့ ဇီးပင်ကွေ့ (၁၆)ကုန်းနေရာမှာ လူ နေအိမ် ခြေ ၆၀ လောက်  ပြိုကျပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

မော်ချီးဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောက်တိုဘာ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီလောက် ကစပြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး နေအိမ်တချို့လည်း မြေပြိုမှုမှာ ပါသွားပြီးသေဆုံးမှုတွေ ရှိနေတာပါ။

လက်ရှိ မော်ချီးဒေသက ၁၃ ကုန်း၊ လိုခါးလိုကားဂိတ်တွေနဲ့ ၁၆ ကုန်းက ပြည်သူတွေဟာ မြေပြိုကျမှု ထပ်ဖြစ်မှာကို စိုးရိမ်ပူပန်နေတယ်လို့  လိုခါးလိုရွာသူ နော်အဲနီကပြောပါတယ်။

“ဒုက္ခသည်တွေကတော့ပိုများလာနေပြီ၊ လိုခါးလိုဘက်မှာ အကုန်လုံး တထောင်ကျော်လောက်ရှိတယ်။ သတ္တုတွင်း အမှတ် (၂)နဲ့ အမှတ် ၃ မှာ ဘယ်သူမှ မနေရဲ တော့ဘူး။ တောင်ကလည်း ဆက်တိုက် ပြိုကျနေတယ်။ တောင်ပေါ်တခုလုံး ကျနိုင်တဲ့ အနေအထား၊ အခုလည်း ကျနေတုန်းပဲ။ ကျမတောင် အိမ်မှာမနေရဲဘူး။  မိုးကလည်း အခုထိ မစဲသေးဘူး။ အခြေအနေတော့ မကောင်းဘူး။”လို့သူက ပြောပါတယ်။

မြေပြိုမှုကြောင့် အိုးအိမ်စွန့်ခွာ ရွေ့ပြောင်းနေရတဲ့ ဒုက္ခသည်တွေတိုးပွားလာနေသလို   ကား၊ ဆိုင်ကယ်တွေသွားလာရခက်ခဲတဲ့အတွက် ဒုက္ခသည်တွေအတွက် အကူအညီတွေ ခက်ခက်ခဲခဲနဲ့ သွားပို့ရမယ့် အနေအထားမျိုး ဖြစ်နေတယ်လို့  ကယ်ဆယ်ရေး အဖွဲကတွေက ပြောပါတယ်။

သဘာဝဘေးကြောင့် မနေ့ကထိ အိမ်ထောင်စု (၉၈)စုက လူဦးရေ (၃၆၉)ဦး လောက် ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြရသလို  အခြေခံပညာ စာသင်ကျောင်း တချို့လည်း ယာယီ ပိတ်ထား ရတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013