DVB Logo
Home
မြန်မာသတင်း
အန်စီအေစာချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် အသိသက်သေအဖြစ် လက်မှတ်ထိုးမည်မဟုတ်
DVB
·
October 12, 2015
အန်စီအေစာချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် အသိသက်သေအဖြစ် လက်မှတ်ထိုးမည်မဟုတ်
Donate to DVB

လာမယ့် ၁၅ ရက်နေ့ နေပြည်တော်မှာကျင်းပမယ့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ထိုးမှာမဟုတ်ဘူးလို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုတက်ရောက်မယ့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က “သက်သေအနေနဲ့သွားမှာ၊ လက်မှတ်ထိုးဖို့သွားမှာ မဟုတ်ဘူး။ ကျနော် တယောက်တည်း။” လို့ဒီဗွီဘီကို ပြောပါတယ်။

အလားတူ ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ခေါင်းဆောင် ဦးမင်းကိုနိုင်လည်း အန်စီအေ လက်မှတ်ရေးထိုးပွဲမှာ ပါဝင်တက်ရောက်ဖို့မရှိဘူးလို့  အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးကပြောပါတယ်။

“ကျနော်တို့ကို သုံးယောက်ဖိတ်တယ်ပေါ့နော်။ ကိုမင်းကိုနိုင်ရယ်၊ ကိုကိုကြီးရယ်၊ ကျနော်ရယ် ပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့ တိုင်ပင်တယ်၊ ဆွေးနွေးတယ်၊ ဆွေးနွေးပြီးတဲ့ အခါကျတော့မှ လောလောဆယ် ကတော့ အဖွဲ့အစည်းစုံ လက်မှတ်ရေးထိုးတဲ့ပွဲလည်း မဟုတ်တဲ့အတွက် ကြောင့်မို့လို့ ကိုမင်းကိုနိုင် မတက်ဘူးဗျာ။ ကျနော်နဲ့ကိုကိုကြီးနဲ့ပဲ ရှစ်ဆယ့်ရှစ်ကိုယ်စားပြုပြီး တက်ပြီးတော့ ကျနော်တို့ သက်သေထိုးပေးမယ်။ ဒါပဲဗျ။ ကိုမင်းကိုနိုင်တော့ အားလုံးစုံမှပဲ ထိုးဖို့အတွက်၊ အားလုံးစုံတဲ့အခါကျရင် ရှစ်ဆယ့်ရှစ်က တင်းပြည့်ကျပ်ပြည့်တက်ထိုးမယ်။”

ယူအဲန်အေ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့)ကလည်း နုတ်နဲ့ ဖိတ်ကြားခြင်း ခံခဲ့ရပြီး သူတို့အဖွဲ့အစည်းအနေနဲ့ အသိသက်သေအဖြစ် ပါဝင်လက်မှတ်ထိုးဖို့ မရှိတာကြောင့် တက်ရောက်မယ့်သူမရှိသလို လေ့လာသူ အနေနဲ့လည်း သွားရောက်မှာ မဟုတ်ဘူးလို့ အဖွဲ့ပြောခွင့်ရ ဦးစိုင်းညွန့်လွင်က  ပြောပါတယ်။

ဖိတ်ကြားခြင်းခံထားရတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်လည်း သွားရောက် လက်မှတ်ထိုးဖို့ ကိစ္စ မဆုံးဖြတ်ရသေးကြောင်း၊ အဲဒါနဲ့ ပတ်သက်ပြီး မနက်ဖြန် ဗဟိုကော်မတီ ထဲမှာ ဆွေးနွေးတိုင်ပင်ဖို့ရှိတယ်လို့  ပါတီဒုဥက္ကဋ္ဌ ဦးစိုင်းစောအောင်က ဒီဗွီဘီကို ပြောပါတယ်၊၊

ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးက အားလုံးပါဝင်တဲ့ လက်မှတ်ရေးထိုးပွဲမဟုတ်ရင် သူ အသိသက်သေ အဖြစ် လက်မှတ်ထိုးမှာ မဟုတ်ဘူးလို့ လွန်ခဲ့တဲ့လပိုင်းက ထုတ်ပြောခဲ့ပါသေးတယ်။

လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ အကြား အန်စီအေစာချုပ်လက်မှတ်ရေးထိုးဖို့ ရှိနေတာဖြစ်ပြီး ပြည်တွင်းပြည်ပက အသိသက် သေတွေကို လည်း ပါဝင်လက်မှတ်ထိုးဖို့ ဖိတ်ကြားထားတာပါ။

လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသားအဖွဲ့တွေက ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KPC)၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ALP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ရှမ်းပြည်တပ်မတော် - ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (SSA - RCSS) အဖွဲ့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013