DVB Logo
Home
မြန်မာသတင်း
မြေပြိုမှု ဆက်တိုက်ဖြစ်ပွား၍ မော်ချီးဒေသခံများ အိုးအိမ်စွန့်ခွာတိမ်းရှောင်
DVB
·
October 12, 2015
မြေပြိုမှု ဆက်တိုက်ဖြစ်ပွား၍  မော်ချီးဒေသခံများ အိုးအိမ်စွန့်ခွာတိမ်းရှောင်
1 / 5
Donate to DVB

ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသထဲမှာ မိုးသည်း မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၁၀ ဦးလောက် သေပျောက်ခဲ့ပြီးတဲ့နောက် နောက်ထပ်မြေ ပြိုကျမှုတွေ ဆက်ဖြစ်နေတဲ့အတွက် ရာနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းကစတင်ဖြစ်ပွားတဲ့ မြေပြိုမှုမှာ လူ ၇ ဦးသေဆုံးပြီး နောက်ထပ် ၄ ဦးကို အလောင်းဖော်နေကြောင်း ပျောက်ဆုံးနေသူ ၁၁ ဦးရှိကာ ဒေသခံ ၆၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ မြေပြိုမှုမှာ လိုက်လံကူညီဆောင်ရွက် ပေးနေတဲ့ ကရင်နီပြည် လူငယ်များသမဂ္ဂ ဗဟိုကော်မတီဝင် ကိုကျော်ထင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“အခုမိုးတွေရွာပြီး မြေတွေထပ်ပြိုနေလို့ လူတွေမနေရဲတော့ဘူး။ တောင်အောက်ကို ဆင်းလာ ကုန်ပြီ၊  လမ်းမှာ တံတားလည်းပျက်တော့ ကားလည်းသွားလို့မရ။ ဆိုင်ကယ်လည်း သွားလို့မရ အကုန်လုံး ခက်ခက်ခဲခဲလမ်းလျှောက်ပြီး ဆင်းလာရတယ်။ တောင်အောက်က လိုခါးလိုရွာ ဘုရားရှိခိုးကျောင်းမှာ ၄၀၀ ကျော်၊  အထက်တန်းကျောင်းမှာက ၂၀၀ ကျော် အားလုံးပေါင်း ၆၀၀ ကျော်၊ တချို့ကတော့ သူတို့ဆွေမျိုးတွေရှိတဲ့ ဖာဆောင်းတို့၊ ဘော်လခဲနဲ့ လွိုင်ကော်ဘက် ဆက်သွားမလို့ လုပ်နေပါတယ်။”

အခုထွက်ပြေးလာတဲ့လူတွေဟာ တောင်ပေါ်ရွာ လေးအိမ်စုရပ်ကွက်၊ ရတနာအောင်မြေ ရပ်ကွက်နဲ့ ဆီးပင်ကွေ့ရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ပြီး ဒေသခံရွာသားနဲ့  တခြားဒေသကနေ ခဲသတ္တုတူးလုပ်ငန်း လာရောက်လုပ်ကိုင်သူတွေရဲ့ မိသားစုဝင်တွေလည်း ပါတယ်လို့ ပြောပါ တယ်။

မြေပြိုလို့ သေဆုံးသူတွေထဲမှာ ကလေး ၂ ဦး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ပါဝင်ပြီး အလောင်းကိုဆက်ပြီးဖော်နေတာက ၂ ဦး၊ အဆောက်အဦတွေအောက်မှာ ပိနေသူ ၂ ဦး နဲ့  နောက်ထပ် ၁၁ ဦးကတော့ ဘယ်နေရာ ရောက်နေမှန်း မသိသေးဘူးလို့  ဆိုပါတယ်။

မြေပြိုမှုကြောင့်  လုံးဝပြိုကျပျက်စီးသွားတဲ့ လူနေအိမ်က ၂၀ လုံးနဲ့ တိမ်းစောင်းယိုင်နဲ့သွားတာက ၅၀ လုံးခန့်ရှိကြောင်း၊ ဘုရားရှိခိုးကျောင်း တခုနဲ့ စာကြည့်တိုက်တခု ပါဝင်တယ်လို့ သိရပါတယ်။

မြေပြိုမှုဖြစ်ပွားရာဒေသဟာ ခဲမဖြူတူးဖော်ရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေတဲ့ ဒေသ ဖြစ်ပြီး ယခင်က တနိုင်တပိုင်သာတူးဖော်ကြပေမယ့် အခုနောက်ပိုင်း ကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ ထုတ်လုပ်နေကြတာပါ။

ခဲတူးမှုကြောင့် တောင်အောက်မှာ လှိုင်ခေါင်းတွေ ဖြစ်ပေါ်နေကာ မိုးရွာတဲ့အခါ မြေသားတွေ မခိုင်တော့ဘဲ တောင်စောင်းမှာ ဆောက်ထားတဲ့  အဆောက်အဦတွေကနေ ဆင့်ကဲပြိုကျခဲ့တာ လို့  ဒေသခံ ကိုကျော်ထင်အောင်က ပြောပါတယ်။

မြေပြိုမှုနဲ့ ပတ်သက်ပြီး ကယားပြည်နယ်အစိုးရက သတင်းရရခြင်း ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ၀န်ကြီး ၃ ဦးတို့ဟာ ကူညီကယ်ဆယ်ရေးပစ္စည်းပါ ကား ၃ စီး၊ ကျန်းမာရေး ဆေးဝန်ထမ်းတွေနဲ့အတူ ချက်ချင်းခရီးထွက်ခွာသွားကြောင်း၊ ဒါပေမယ့် ဆက်သွယ်ရေး ခက်ခဲတာကြောင့် သေဆုံးဒဏ်ရာရသူနဲ့ ပျက်စီးဆုံးရှုံးတဲ့စာရင်း အတိအကျကို ထုတ်ပြန်လို့ မရသေးဘူးလို့  အစိုးရအဖွဲ့  ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့မနက် ၉ နာရီကတော့ သေဆုံးသူ ၉ ဦး ပျောက်ဆုံး ၁၂ ဦးလို့  သတင်းရပါတယ်။ ဒဏ်ရာရသူ ၃ ဦးနဲ့ မွေးလူနာ တဦးကို မော်ချီးတိုက်နယ်ဆေးရုံကနေ ဖားဆောင်းဆေးရုံကို လွှဲပေးလိုက်တယ်လို့ဆိုပါတယ်။ ပျက်စီးတဲ့ အိမ်တွေက အများအားဖြင့် ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ တဲအိမ်ပေါ့နော် အလုံး ၄၀ ကျော်လို့ ကနဦးသိရပါတယ်။ အဲဒီဒေသက ဆက်သွယ်ရေးခက်ခဲလို့ စာရင်းတွေ အတည်ပြုလို့မရသေးပါဘူးခင်ဗျာ။”

မြေပြိုဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးစခန်းတွေကို  တောင်ပေါ်ရွာက ခဲသတ္တုစီမံရေးရုံးမှာ တခု၊ တောင်အောက် လိုခါးလိုဆေးရုံဝင်းထဲမှာ တခုနဲ့  မော်ချီးအတက်တန်းကျောင်းမှာတခု ဖွင့်လှစ်ထားပါတယ်။

ဓာတ်ပုံ - ပြည်ဟိန်းကျော်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013