DVB Logo
Home
Lead Story
ကိုကိုးကျွန်းမှာ ပြည်ခိုင်ဖြိုးအမတ်လောင်းတွေကိုပဲ မဲဆွယ်ခွင့်ပေးထားတယ် - ဦးဝင်းမင်း
DVB
·
October 12, 2015
ကိုကိုးကျွန်းမှာ ပြည်ခိုင်ဖြိုးအမတ်လောင်းတွေကိုပဲ မဲဆွယ်ခွင့်ပေးထားတယ် - ဦးဝင်းမင်း
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအပိုင် ကိုကိုးကျွန်းမဲဆန္ဒနယ်မြေမှာ လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းတွေသာ  မဲဆွယ်စည်းရုံးခွင့်ရနေပြီး ကျန်ပါတီတွေ သွားရောက်မဲဆွယ်ခွင့် မရသေးဘဲ   ဖြစ်နေပါတယ်။

လေကြောင်းလိုင်း၊ ခရီးသည်တင်သင်္ဘောလိုင်းမရှိတဲ့အဲဒီဒေသကို ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ရေတပ်ကာကွယ်ရေးဦးစီးချုပ် (အငြိမ်းစား) သူရ ဦးသက်ဆွေ ကတော့ လေယာဉ်နဲ့ သွားရောက်ပြီး မဲဆွယ်စည်းရုံးသွားခဲ့တယ်လို့ သူရဦးသက်ဆွေနဲ့ ယှဉ်ပြိုင်အရွေးခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးဖို့ အချိန် ၂၅ ရက်သာ ကျန်တော့တဲ့အချိန်မှာအထိ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေ သွားလာနိုင်ဖို့ အခက်အခဲဖြစ်မှုဟာ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှာ တာဝန်ရှိတယ်လို့သူက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေ သွားရောက်မဲဆွယ်ခွင့်မရသေးဘူးလို့ သိရပါတယ်။ နောက်ဆုံး အခြေအနေကို ပြောပြပါ။

“နောက်ဆုံးအခြေအနေက ၁ ရက်နေ့က တိုင်းအစိုးရအဖွဲ့က ပြန်ကြားတာက တားဆီးပိတ်ပင် ထားတာ မရှိပါဘူး။ လွတ်လပ်စွာ အဆင်ပြေရာနဲ့ သွားလာနိုင်တယ်လို့ပြောတဲ့အတွက် ကျနော်တို့ သင်္ဘောငှားထားပါတယ်။ သင်္ဘောငှားပြီးတော့ ကျနော်တို့ ၉ ရက်နေ့မှာ တင်တဲ့ အခါကျတော့ သူတို့က တိုင်းအစိုးရကနေ အကြောင်းပြန်တယ်။ ဌာနှဆိုင်ရာစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း ဥပဒေနဲ့အညီဆိုတဲ့အတွက် ကျနော်တို့က သက်ဆိုင်ရာ ရေကြောင်း ပို့ဆောင်ရေးဌာနတွေကို ကျနော်တို့က ဒီကနေ့ စာတင်ရပါတယ်။ အဲဒီအတွက် ကျနော်တို့က သွားရောက်ဖို့အတွက်က အခက်အခဲတွေ ဖြစ်နေပါသေးတယ်။”

ကိုဝင်းမင်းတို့တတွေ အောက်တိုဘာ ၁၁ ရက်နေ့မှာ သွားမယ်ဆိုပြီး ကနဦးပိုင်းတုန်းက ကျနော်တို့ ကြားထားတာက မဖြစ်သေးဘူးပေါ့။

“ဟုတ်တယ်လေ။ ၁၁ ရက်နေ့မှာ သွားဖို့ကို အစိုးရကို စာတင်လိုက်တယ်လေ။ စာတင်တော့ သူက ၉ ရက်နေ့က အကြောင်းပြန်တာက ‘သက်ဆိုင်ရာဌာနတွေရဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းနဲ့အညီ လိုက်နာမည်ဆိုပါက တိုင်းအစိုးရအနေဖြင့် ကန့်ကွက်ရန် မရှိ’ဆိုတဲ့အတွက် ကျနော်တို့မှာက အခက်အခဲဖြစ်တယ်ခင်ဗျ။ ကိုကိုးကျွန်းဒေသဆိုတာ ပင်လယ်ပြင်ကို ဖြတ်သန်းရမှာဖြစ်ပါတယ်။ ပင်လယ်ပြင်ကို ဖြတ်သန်းရမှာဆိုတဲ့အတွက် ကျနော်တို့က ပင်လယ်ကမ်းရိုးတမ်းကို ဖြတ်သန်းနိုင်တဲ့ ခရီးသည်တင် စက်လှေသင်္ဘောက ဗမာပြည်မှာ ပုဂလိကပိုင်ထဲမှာ မရှိပါဘူး။ အဲဒီအတွက် ကျနော်တို့က ပင်လယ်ကမ်းရိုးတမ်းသွား ကုန်တင် စက်လှေတွေကို ငှားရမ်းပြီးသွားရမှာဖြစ်သည့်အတွက် ကုန်တင်စက်လှေကို ကျနော်တို့က ငှားရမ်းသွားပါတယ်။ အဲဒီတော့ ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းလုပ်ထုံးဥပဒေမှာ ကုန်တင်စက်လှေက လူတင်ခွင့်မရှိပါဘူး။ အဲဒီအတွက် ကုန်တင်စက်လှေကို လူတင်ခွင့်ရဖို့ သက်ဆိုင်ရာ ရေကြောင်းပို့ဆောင်ရေးညှိနှိုင်းမှု ဦးစီးဌာနကနေပြီးတော့ ဆောင်ရွက်ပေးမယ် ဆိုရင်တော့ ကျနော်တို့က သွားလို့ရမှာပါ။”

ဒီအခြေအနေဆိုရင် (လွတ်မြောက်အောင်) ဒီဖြစ်စဉ်ကို ဘယ်လိုဆက်သွားမလဲ၊ ရွေးကောက်ပွဲကလည်း တဖြည်းဖြည်းနီးလာနေပြီဆိုတော့လေ။

“ဟုတ်တယ်၊ အဲဒါကို ကျနော်တို့က ပြောတာလေ။ ဒီရွေးကောက်ပွဲ တရားမျှတမှုဖြစ်ဖို့ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပတယ်။ လက်ရှိအစိုးရအဖွဲ့မှာ တာဝန်ရှိပါတယ်။ ဒီဟာ မဲဆန္ဒနယ်တနယ်လို့သတ်မှတ်ထားလို့ရှိရင် ၀င်ရောက်ယှဉ်ပြိုင်တဲ့ပါတီသည် တန်းတူညီမျှ မဲဆွယ်စည်းရုံးခွင့်ရအောင် အစိုးရအဖွဲ့နဲ့ ကော်မရှင်က ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။”

ကိုကိုးကျွန်းမဲဆန္ဒနယ်မှာ ကိုဝင်းမင်းတို့နဲ့ ပြိုင်ဘက် ပြိုင်ဘက်ပါတီတွေက ပုဂ္ဂိုလ်တွေကရော မဲဆွယ်နေကြပြီလား။

“ဟုတ်ကဲ့ ကျနော်တို့အဓိကပြိုင်ဘက် ယူအက်စ်ဒီပီ (ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ) က ၈ ရက်၊ ၉ လ၊ ၂၀၁၅ မဲဆွယ်စည်းရုံးရေးကာလ မတိုင်ခင်ကတည်းက ဦးတင်ဝင်းနဲ့ ကိုအောင်နိုင်က ကိုကိုးကျွန်းမြို့နယ်ကို ရောက်ရှိနေပါတယ်။ ၂၂ ရက်၊ ၉ လ၊ ၂၀၁၅ ရက်နေ့က ရေတပ်ကာကွယ်ရေးဦးစီးချုပ် (အငြိမ်းစား) သူရဦးသက်ဆွေက ရန်ကုန်ကနေ လေယာဉ်နဲ့ လိုက်ပါခွင့်ရပြီး မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ပြီး ၁၀ ရက်၊ ၆ လ၊ ၂၀၁၅ လေယာဉ်နဲ့ ကိုကိုးကျွန်းကနေ ရန်ကုန်ကို ပြန်လာပါတယ်။ အဲဒီတော့ အဓိကပြိုင်ဘက်ပါတီ ၂ ခုမှာ ကျနော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့အချိန်ထိ သွားရောက် မဲဆွယ်စည်းရုံးခွင့်ကို အစိုးရအဖွဲ့အနေနဲ့ နည်းမျိုးစုံနဲ့ ဟန့်တားထားခြင်းကို ကျနော်တို့ ခံရပါတယ်။ ယူအက်စ်ဒီပီပါတီ ကတော့ လွတ်လပ်စွာ သွားလာပြီးတော့ မဲဆွယ်စည်းရုံးခွင့်ကို ဆောင်ရွက်ခွင့်ရနေတာဟာ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ကို နှောင့်ယှက်နေသလိုပါပဲ။”

ဒီခရီးစဉ်အတွက် ကိုယ်စားလှယ်လောင်းက ကြိုးစားမှုအပြင် ပါတီလိုင်းအနေနဲ့၊ ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီအနေနဲ့ ကိုယ်စားလှယ်လောင်းတွေ သွားရောက်ခွင့် ရအောင် အာဏာပိုင်တွေနဲ့ ဘယ်လိုဆက်စပ်လုပ်ကိုင်နေကြသလဲ။

“ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကနေပြီးတော့ ဘဘဦးတင်ဦးဟာဆိုလို့ရှိရင် ၉ ရက်၊ ၉ လက သွားခွင့်ရဖို့အတွက် တကြိမ်စာတင်ပါတယ်။ နောက်တခါ ၂၂ ရက်နေ့က တကြိမ်စာတင်ပါတယ်။ အစိုးရအဖွဲ့ကို အကူအညီတောင်းပါတယ်။ နောက်တခါ ၅ ရက် ၁၀ လက တကြိမ် စာတင်ပါတယ်။ ၁ ရက် ၁၀ လက တကြိမ် စာတင်ပါတယ်။ ၉ ရက် ၁၀ လမှာ တကြိမ် စာတင်ပါတယ်။ ကျနော်တို့ အကြိမ်ကြိမ်စာတင်ပြီးတော့ ဗဟိုအောင်နိုင်ရေးကနေပြီးတော့ ကျနော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာကော်မရှင်ကို သွားခွင့်ပြုဖို့ အကြိမ်ကြိမ် ကျနော်တို့ အကူအညီတောင်းခံပါတယ်။ ကိုကိုးကျွန်းဒေသဆိုတာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုမိန့်ရမှ သွားလို့ရတဲ့ ဒေသတခု ဖြစ်နေပါတယ်။ အဲဒီအတွက် သွားခွင့်ပြုဖို့ ကျနော်တို့ အကြိမ်ကြိမ် စာတင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးအရ ခရီးသည်တင်လိုင်း သင်္ဘော၊ ခရီးသည်တင်လေယာဉ်မရှိပါဘူး။ အဲဒီအတွက် ကျနော်တို့ကို ကူညီပေးဖို့ စာတင်သော်လည်း ကျနော်တို့ကို ယနေ့ချိန်ထိ ကူညီဆောင်ရွက်ပေးခြင်းမရှိပါဘူး။”

၁၉၉၀ ပြည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဦးလှသန်းဟာ အခုလိုပုံစံမျိုးပဲ ကြုံခဲ့ရတယ်။ အဲဒီတုန်းက ပြိုင်ဘက်က တိုင်းရင်းစည်းလုံးညီညွတ်ရေးပါတီပေါ့။ ဒါပေမယ့် နိုင်ခဲ့တယ်။ အခု ၂၅ နှစ် အကြာမှာ ပြန်လည် ပြိုင်မယ့်သူတဦးအနေနဲ့ ကိုဝင်းမင်းကရော ဘယ်လောက်ယုံကြည်မှု ရှိသလဲ။ ကိုဝင်းမင်းရဲ့ မဲဆန္ဒရှင်တွေနဲ့ လေလှိုင်းကနေ ထိတွေ့မှုရှိလား။

“ဟုတ်ကဲ့ပါ ကျနော်ကတော့ ကိုကိုးကျွန်းဒေသက မဲဆန္ဒရှင်တွေကို တယ်လီဖုန်းလေလှိုင်းနဲ့ပဲ အားပေးဆောင်ရွက်ရပါတယ်။ သူတို့ကလည်း ကျနော်တို့ကို လာဖို့အတွက် ဖိတ်ခေါ်နေပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့က အကြောက်တရားနဲ့ အုပ်ချုပ်ခံနေရတဲ့အတွက် လူ့အခွင့်အရေးကို သူတို့ ချိုးဖောက်ခံနေရပါတယ်။ ခြိမ်းခြောက်မှု အကြောက်တရားတွေရှိနေတဲ့အတွက် သူတို့ ဒီဘ၀တွေကို ခံစားနေရတယ်။ အဲဒီဘ၀တွေကို လွတ်မြောက်ဖို့အတွက် ကျနော်တို့ကို သူတို့ဒေသကို လာဖို့အတွက် သူတို့က ဖိတ်ခေါ်နေပါတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး ကြိုးစားပြီး ရောက်အောင်သွားမှာပါ။”

အခုနောက်ဆုံး အကိုတို့သွားခွင့်၊ မဲဆွယ်စည်းရုံးခွင့်ရဖို့ လတ်တလောမှာ ဘာဆောင်ရွက်မလဲ။

“ကျနော်တို့က လက်ရှိ ကျနော်တို့ သင်္ဘောငှားထားပါတယ်။ တိုင်းအစိုးရအဖွဲ့က သင့်တော်ရာ အစီအစဉ်နဲ့ သွားနိုင်တယ်ဆိုတော့ သင်္ဘောငှားတယ်။ ဒီသင်္ဘောထွက်ခွင့်ကို ကျနော်တို့ တောင်းမှာပါ။ ဒီသင်္ဘောကို ဘာကြောင့်ထွက်ခွင့်မပေးသလဲဆိုတာကို သက်ဆိုင်ရာဌာနကို လည်း မေးမှာပါ သင်္ဘောထွက်ခွင့်မပေးရင်။ အရင်အရင်တုန်းကလည်း ဒီလိုပဲ ဂျီအီးတပ်ကနေ ငှားပြီးတော့ သွားတဲ့သင်္ဘောတွေရှိပါတယ်။ အဲဒီပေါ်မှာလည်း ခရီးသည်တွေ သူတို့ လိုက်ခွင့်ပြုခဲ့ပါတယ်။ ဒါဆိုင်ရင် ဌာနဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ဒီအစိုးရအဖွဲ့က အရင်ချိုးဖောက်နေတာကို ကျနော်တို့က ထောက်ပြမှာပါ။”

ကိုဝင်းမင်းတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်လောင်းတွေ မဲဆွယ်စည်းရုံးချိန်အရဆို သွားခွင့်မရတာ တော်တော်ကြာခဲ့ပြီပဲ။

“ကျနော်တို့ တလကျော်လောက် မဲဆွယ်စည်းရုံးခွင့် နစ်နာသွားပါပြီ။ ဒီဟာသည် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ခြင်းမဖြစ်ခြင်းပေါ်မှာ ပြည်သူတွေ သုံးသပ်လို့ရပါတယ်။”

အန်အယ်လ်ဒီအမတ်လောင်းတွေမှာ ကိုဝင်းမင်းက ပြည်သူ့လွှတ်တော်အတွက်၊ ကျန်သူတွေက ဘယ်သူတွေ ဘယ်နေရာအတွက် ၀င်ရွေးကြမှာလဲ။

“ကျနော်တို့ပါတီက ၄ ယောက်ပေါ့နော်။ တိုင်ဒေသ ၁၊ ၂ က ၂ ယောက်ပါ။ အမျိုးသား လွှတ်တော်က ၁ ယောက်ပါ၊ ပြည်သူ့လွှတ်တော်က ၁ ယောက်ပါ။ ကျနော်တို့က ၄ ယောက် ၀င်ရောက်ယှဉ်ပြိုင်မှာပါ။”

တယောက်မှ မသွားရသေးဘူးပေါ့။

“ဟုတ်တယ်။ ကိုကိုးကျွန်းမြို့နယ်မှာ အမျိုးသားလွှတ်တော်က ၄ ပါတီ။ တသီးပုဂ္ဂလ ၁ ဦးပါ။ တိုင်းဒေသကြီးမှာဆိုရင် ၃ ပါတီရှိပါတယ်။ တိုင်းဒေသကြီး ၁ မှာ ဆိုရင် အမျိုးသား ဒီမိုကရေစီ ပါတီသစ်က ၁ ဦး ၀င်ရောက်ယှဉ်ပြိုင်ပါတယ်။ မည်သည့်ပါတီမှ သွားရောက် မဲဆွယ်စည်းရုံးခွင့် မရသေးပါဘူး။ ကြံ့ခိုင်ရေးပါတီမှ လွဲပြီးပေါ့နော်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013