DVB Logo
Home
မြန်မာသတင်း
ကျောက်မဲရေကြီး လယ်ဧက ၂၀၀ ကျော် ရေမြုပ်၊ ရွာသားများ သောက်ရေအခက်အခဲကြုံနေ
DVB
·
October 12, 2015
ကျောက်မဲရေကြီး လယ်ဧက ၂၀၀ ကျော် ရေမြုပ်၊ ရွာသားများ သောက်ရေအခက်အခဲကြုံနေ
1 / 4
Donate to DVB

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က ချောင်းရေလျှံပြီး ရေကြီးခဲ့တဲ့ လယ်မြေဧက ၂၀၀ ကျော် ရေမြုပ်ခဲ့ပြီး  ရေတွင်းတွေပါပျက်စီးတဲ့အတွက် ဒေသခံတွေ သောက်ရေအခက်အခဲ ဖြစ်နေပါတယ်။

ကျောက်မဲမြို့ အနောက်ဘက် မိုင်းတန်ကျေးရွာအုပ်စုထဲက လယ်မြေဧကပေါင်း ၂၃၀ လောက် ရေမြုပ်ခဲ့ပြီး  ရေတွင်းရေကန်ထဲကို ရေဆိုးရေညစ်တွေ ၀င်ရောက်ကုန်တာကြောင့် နားမွန်းရွာက အိမ်ခြေ ၇၀ ကျော်က မိသားစုတွေ သောက်သုံးရေ အခက်အခဲဖြစ်နေတယ်လို့  ရေဘေးသင့်ပြည်သူတွေကို သွားကူခဲ့တဲ့ ကျောက်မဲက ကျားခေါင်းပါတီ လွှတ်တော်အမတ် ဦးစိုင်းသန်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

“မိုင်းတန်ကျေးရွာအုပ်စုထဲမှာ လယ်တွေ ဧကပေါင်း ၂၃၀ လောက် ရေ၀င်တယ်။ အဲဒီထဲမှာ သဲတွေ နှုန်းမြေတွေ သစ်တုံးကြီးတွေ မျောပါလာတယ်။ ဧက ၃၀ ကျော်က စပါးပင်တွေ ပျက်စီးကုန်တယ်လို့   တောင်သူတွေက ပြောတယ်။ အဲဒီကျေးရွာအုပ်စုထဲက  နားမွန်းရွာ မှာတော့ အိမ်တိုင်းမှာ ရေတွင်း ရှိတယ်လေ။ ရေလွှမ်းသွားတော့ အမှိုက်သရိုက်တွေ၊ ညစ်ပတ်တဲ့ ရေတွေ ရေတွင်းထဲဝင်ကုန်လို့ သောက်ရေသုံးရေ ခက်ခဲနေပါတယ်။ ရေအလှူခံနေတယ်။ တချို့က ရေ၀ယ်သုံးတယ်၊ ရေတွင်းတွေ ပြန်မဆည်မချင်း အခက်အခဲရှိနေတယ်။”

အဲဒီကျေးရွာအုပ်စုထဲက အဓိက ဆက်သွယ်ရေးကြိုးတံတား ၂ စင်းဖြစ်တဲ့ မိုင်းတန်ကြိုးတံတားနဲ့ ၀မ့်မိုင်ကန့်ကော်ရွာရွာနားက ကြိုးတံတားလည်း ရေထဲမျောပါသွားတဲ့ အတွက် သွားရေး လာရေး ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရေကြီးမှုကြောင့် ဓာတ်မီးတိုင်တွေပါ လဲသွားတဲ့အတွက် မိုင်းတန်ဒေသမှာ လျှပ်စစ်မီးတွေလည်း ပြတ်တောက် နေပါတယ်။

မိုင်းတန်ဒေသခံတစ်ဦးဖြစ်တဲ့ စိုင်းလွန့်တိုင်းကလည်း ပျက်စီးသွားတဲ့ စပါးပင်တွေဟာ မှည့်ဝင်းစပြုပြီး မကြာခင်ရိတ်သိမ်းမယ့် စပါးတွေဖြစ်ကြောင်းနဲ့  ခန့်မှန်းခြေ စပါးတင်းပေါင်း ထောင်နဲ့ချီဆုံးရှုံးပြီး ဒီဒေသမှာ လယ်ယာလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်တဲ့အတွက် တနှစ်လုံးအတွက် ၀မ်းစာစပါး အခက်အခဲ ရှိမယ်လို့ ပြောပါတယ်။

လောလောဆယ် ရေကျသွားပေမယ့် မိုးရွာနေဆဲဖြစ်ကြောင်း၊ နောက်တကြိမ်ရေပြန်ကြီးမှာ စိုးရိမ်နေကြပါတယ်။ရွာမှာအခုလို ရေဘေးကြုံနေရပေမယ့် အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းထိ  မြို့နယ်အုပ်ချုပ်ရေးဌာနနဲ့ အစိုးရဆိုင်ရာ တာဝန်ရှိသူက လာရောက် အကူအညီတွေ ပေးတာမရှိသေးဘူးလို့လည်း ဒေသခံက ပြောပါတယ်။

ကျောက်မဲမှာ ရေကြီးမှု ဖြစ်လေ့ဖြစ်ထရှိပေမယ့် ဒီနှစ်ရေကြီးမှုကတော့ နှစ် ၃၀ တွင်းမှာ အဆိုးဆုံးပဲလို့  ဒေသခံလွှတ်တော်အမတ်  ဦးစိုင်းသန်းမောင်က ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013