DVB Logo
Home
မြန်မာသတင်း
မြစေတီကျောက်စာကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်
DVB
·
October 12, 2015
မြစေတီကျောက်စာကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်
1 / 5
Donate to DVB

မြန်မာနိုင်ငံက ပုဂံခေတ်မြစေတီကျောက်စာနဲ့ ဂျာမနီနိုင်ငံရှိ မြန်မာဘုရင် အလောင်းဘုရားရဲ့ ရွှေပေလွှာတွေကို ကုလသမဂ္ဂပညာရေးသိပံ္ပနဲ့ ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို)က ကမ္ဘာ့ သမိုင်းဝင်မှတ်တမ်းအမွေအနှစ် စာရင်းမှာ ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။

အောက်တိုဘာ ၄ ရက်ကနေ ၆ ရက်အထိ  ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာကျင်းပတဲ့ ၃ရက်ကြာ အစည်းအဝေးမှာ ယူနက်စကိုရဲ့ နိုင်ငံတကာအကြံပေးကော်မတီက ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းသစ်သတ်မှတ်ထုတ်ပြန်ရာမှာ မြန်မာ့သမိုင်းဝင်ရှေးဟောင်း အမွေအနှစ်တွေလည်း ပါဝင်လာတာပါ။

၂၀၁၄- ၁၅ ခုနှစ်အတွက်  နိုင်ငံပေါင်း ၆၁ နိုင်ငံက သမိုင်းမှတ်တမ်း ၈၈ ခုကို ပဏာမ အမည်စာရင်းတင်သွင်းလျောက်ထားခဲ့တဲ့အထဲ မြစေတီ ကျောက်စာ အပါအ၀င် နိုင်ငံပေါင်း ၄၀ရှိ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အသစ် ၄၇ ခုစာရင်းကို ယူနက်စကို ကျွမ်းကျင်သူတွေက စစ်ဆေးပြီး အတည်ပြုသတ်မှတ်ခဲ့ပါတယ်။

မြစေတီကျောက်စာကို ကျန်စစ်သားမင်းကြီး နတ်ရွာစံပြီး တနှစ်လောက်အကြာ မြန်မာ သက္ကရာဇ် ၄၇၅-ခု၊ ခရစ်နှစ် ၁၁၁၃-ခုမှာ သားဖြစ်သူ  ရာဇကုမာရ်မင်းသားက ရေထိုးခဲ့တာပါ။  ပုဂံမြို့ မြင်းကပါရပ်၊ မြစေတီဘုရားနားမှာတွေ့ရလို့  မြစေတီကျောက်စာလို့ လူသိများပြီး မြန်မာ၊ မွန်၊ ပါဠိနဲ့ ပျူ ဘာသာ ၄ ဘာသာနဲ့  ကျောက်စာရဲ့  မျက်နှာစာ တဖက်စီမှာရေးထိုးထားပါတယ်။

ကမ္ဘာ့မှတ်တမ်းအဖြစ် အခုနှစ်မှာ အသစ်သတ်မှတ်ခံရတဲ့ ရွှေပေလွှာကတော့ ၁၇၅၆ ခုနှစ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀ လောက်က မြန်မာဘုရင် အလောင်းဘုရားက ဗြိတိန် ဒုတိယမြောက် ဂျော့ဘုရင်ထံ ပေးအပ်ခဲ့တဲ့ ပတ္တမြား ၂၄ လုံး စီချယ်ထားတဲ့ ရွှေပေလွှာဖြစ်ပြီး လက်ရှိ ဂျာမနီနိုင်ငံက ပိုင်ဆိုင်ပါတယ်။

အသစ်သတ်မှတ်လိုက်တဲ့ ကမ္ဘာ့သမိုင်းမှတ်တမ်းစာရင်းမှာ ဒုတိယကမ္ဘာစစ်မတိုင်ခင်က တရုတ်နိုင်ငံ နန်ကျင်းဒေသမှာ ဖက်ဆစ်ဂျပန်တွေရဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ တရုတ်နိုင်ငံသား ၃ သိန်းရဲ့ အမည်စာရင်းနဲ့  အင်ဒိုနီးရှားနိုင်ငံက အာရှ-အာဖရိကညီလာခံ မှတ်တမ်းတွေလည်း ပါဝင် ပါတယ်။

ယူနက်စကိုအဖွဲ့ကြီးက နိုင်ငံတကာရှိ ကျောက်စာ၊ မှတ်တမ်း၊ စာအုပ်၊ ဓာတ်ပုံ၊ ပန်းချီ၊ ဖလင် အသံနဲ့ ဗွီဒီယိုစတဲ့ မှတ်တမ်း အထောက်အထားတွေကို  ကမ္ဘာ့အမွေအနှစ်စာရင်း ၂ နှစ်တခါ သတ်မှတ်ထုတ်ပြန်ရာမှာ လက်ရှိကမ္ဘာ့မှတ်တမ်း အမွေအနှစ် စုစုပေါင်း ၃၄၈ ခုရှိနေပြီ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံးစာအုပ်အဖြစ် လူသိများတဲ့   မန္တလေးမြို့  ကုသိုလ်တော်ဘုရားဝင်းထဲက ကျောက်စာတွေကိုတော့ ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာ ယူနက်စကိုက သတ်မှတ်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013