
ရုရှားနိုင်ငံ သွာ့ပ်ဆေဆိပ်ကမ်းကို ယူကရိန်းက ဒရုန်းနဲ့ အကြီးအကျယ်တိုက်ခိုက်လို့ အမျိုးသားတယောက် သေဆုံးပြီး တခြားတယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဗင်းနီးယားမင် ကွန်ဒရာတီဗ်က ဧပြီ ၂၀ ရက်မှာ ပြောပါတယ်။
ဧပြီ ၁၆ ရက်က အလားတူတိုက်ခိုက်မှုတခုအပြီး မီးလောင်မှုကို ငြှိမ်းပြီးလို့ နာရီပိုင်းအကြာမှာ ထပ်ဖြစ်တာပါ။
လူမှုမီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုတခုမှာ ဆိပ်ကမ်းနားက ရေနံချက်စက်ရုံကနေ မီးနဲ့ မီးခိုးတွေ တက်လာတာကို မြင်တွေ့ရပါတယ်။
အမေရိကန် အမျိုးသား အာကာသအေဂျင်စီ NASA ရဲ့ ကမ္ဘာလုံးဆိုင်ရာ မီးလောင်ကျွမ်းမှု ခြေရာခံမြေပုံ NASA FIRMS က ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အဲဒီဒေသမှာ အပူလှုပ်ရှားမှုကို တွေ့ခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ အဓိက တောင်ပိုင်းဆိပ်ကမ်းတွေထဲက တခုဖြစ်တဲ့ သွာ့ပ်ဆေဆိပ်ကမ်းဟာ ရေနံထွက်ကုန် တင်ပို့မှု ဗဟိုချက်တခုဖြစ်ပြီး ကျောက်မီးသွေးနဲ့ ဓာတ်မြေဩဇာလို ခြောက်သွေ့တဲ့ ကုန်ပစ္စည်းတွေကိုလည်း ကိုင်တွယ်ပါတယ်။
ဒါ့အပြင် ရော့စ်နက်ဖ် ရေနံဓာတုကုမ္ပဏီက ပိုင်တဲ့ ရေနံချက်စက်ရုံကြီးတခုလည်း ရှိနေပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်း ဒရုန်း ၁၁၂ စင်းကို တညတည်း ဖျက်ဆီးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters










