DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်း အမှုကို လာမည့် ဒီဇင်ဘာ ၂၄ ရက်နေ့ စီရင်မည်
DVB
·
October 12, 2015
လိပ်ကျွန်း အမှုကို လာမည့် ဒီဇင်ဘာ ၂၄ ရက်နေ့ စီရင်မည်
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (လိပ်ကျွန်း) လူသတ်မှု တရားခံ ၂ ဦးကို အောက်တိုဘာ ၁၁ ရက်နေ့က နောက်ဆုံးနေ့အဖြစ် စစ်ဆေးခဲ့ပြီး အမှုကို လာမယ့် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ အပြီးသတ် စီရင်ချက်ချဖို့ ရက်သတ်မှတ်လိုက်ပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ ၁၁ ရက်နေ့တွေမှာ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း (ခ) ဝေဖြိုးတို့ ၂ ဦးကို စစ်ဆေးခဲ့ပြီး အမှုစစ်ဆေးခြင်းကို အပြီးသတ်ခဲ့ပါတယ်။

ကော့စမွီခရိုင်တရားရုးကနေ ထိုင်းစံတော်ချိန် ည ၉ နာရီမှာ ဆင်းလာတဲ့ မြန်မာသံရုံး အထူးအဖွဲ့ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က "၂၄ ရက်၊ ဒီဇင်ဘာ၊ ဒီနှစ် ၂၀၁၅ ပေါ့လေ။ အဲဒါ Final Order နောက်ဆုံးအမိန့်ပေါ့။ အခုမှပဲ ပြီးလို့ တရားခွင်က ဆင်းလာတာ" လို့ ပြောပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့ တရားခွင်ကို တရားခံ ၂ ဦးရဲ့ မိခင် ၂ ဦးစလုံး တက်ရောက်ပါတယ်။

ဝင်းဇော်ထွန်းရဲ့မိခင် ဒေါ်မေသိန်းက "သားကိုဖမ်းသွားပြီးတော့ ရိုက်တယ်၊ ထောင်းတယ်၊ မင်းတို့ ဒီအမှုမှာ မင်းတို့သတ်တယ်မဟုတ်ဘူးလားလို့ မေးတာကို သားတို့က မသတ်ဘူးလို့ ပြောတာလေ။ မသတ်ရင် သူတို့က ရိုက်တယ်၊ အုပ်တယ်။ အအေးခန်းမှာ ထိတယ်။ ၀န်ခံနော်၊ ဘယ်သူမှ မပြောရဘူး။ မင်းတို့ သတ်တယ်လို့ပဲ ပြောခိုင်းတယ်တဲ့"  လို့ ပြောပါတယ်။

အမှုစစ်ဆေးစဉ်တလျှောက် ရုံးတက်လာခဲ့ကြတဲ့ မိခင် ၂ ဦးစလုံးက သားငယ်တွေ ဒီအမှုက လွတ်ကင်းမယ်လို့ ယုံကြည်ချက် မြင့်မားနေကြပြီး ပြန်လွတ်တဲ့အခါ မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်သွားမယ်လို့ တသံတည်း ပြောဆိုကြပါတယ်။

မောင်ဇော်လင်းရဲ့ မိခင် ဒေါ်ဖြူချေနုက "ကိုယ့်ဆီပဲ ပြန်ခေါ်သွားမှာပေါ့ လွတ်လို့ရှိရင်" လို့ ပြောပါတယ်။

မနှစ် စက်တင်ဘာ ၁၅ ရက် မနက်ပိုင်း အရုဏ်မတက်ခင် ခိုတောင်ကျွန်း ကမ်းနားရေစပ်မှာ ကမ္ဘာလှည့်ခရီးသည်တွေဖြစ်တဲ့ ဗြိတိန်နိုင်ငံသား ဒေးဗစ်နဲ့ ဗြိတိန်နိုင်ငံသူ ဟန်နာတို့ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ အခင်းဖြစ်ပြီး နှစ်ပတ်ခန့်အကြာမှာ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကို ရဲက ဖမ်းဆီးတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

လူငယ် ၂ ဦးအပေါ် လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု အပါအ၀င် အမှု ၇ မှုနဲ့ စွဲဆိုထားတာဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် သေဒဏ်ကျခံရမယ့် စွဲဆိုချက်တွေ ဖြစ်ပါတယ်။

ဒီအမှုဟာ သေဆုံးနစ်နာသူက ဗြိတိန်နိုင်ငံသား၊ စွပ်စွဲသူက ထိုင်းရဲတပ်ဖွဲ့၊ စွပ်စွဲခံရသူက မြန်မာနိုင်ငံသားတွေဖြစ်ပြီး ကမ္ဘာ့သတင်းအဖြစ် ထင်ရှားပါတယ်။

ဒီအမှုကို တရားလိုနဲ့ တရားလိုပြသက်သေ ၃၅ ဦး စစ်ဆေးပြီး တရားခံနဲ့ တရားခံပြသက်သေ ၁၆ ဦးကို စစ်ဆေးခဲ့တာပါ။

ထိုင်းအခြေစိုက် မြန်မာသံရုံးကလည်း ဒီအမှုအတွက် အထူးအဖွဲ့တဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ထိုင်းရှေ့နေများကောင်စီက တရားခံ ၂ ဦးအတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးခဲ့ပါတယ်။

မြန်မာသံရုံး အထူးအဖွဲ့ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးအောင်မျိုးသန့်ခင်ဗျာ ဒီကနေ့ (အောက်တိုဘာ ၁၁ ရက်နေ့) တရားခွင်အခြေအနေကို ပြောပြပါလား။

"ဒီနေ့က ၂ တရားခံဖြစ်တဲ့ ဝေဖြိုးခေါ် ၀င်းဇော်ထွန်းကို စစ်တာပါပဲ။ စစ်တဲ့နေရာမှာလည်း ကလေးတွေက ဒီပြစ်မှုနဲ့ပတ်သက်လို့ ကျူလွန်ခြင်းမရှိဘူးဆိုတော့ သူတို့ရဲ့ ဖြစ်ရပ်တွေကို စီကာပတ်ကုံး ပြောသွားနိုင်ပါတယ်။ အဲလို ပြောသွားပြီးတော့ အစိုးရရှေုနေဘက်က ပြန်လှန်မေးခွန်းမေးတဲ့အခါမှာ အန်ကယ်မြင်တာက တရားလိုဘက်က တရားစွဲတဲ့ အားကိုးအားထားပြုတဲ့ ၂ ချက်ကနေပြီးတော့ အဓိက ဒီအန်အေရှိတယ် ဆိုတာကိုတော့ သိပ်မေးခွန်းတွေ မထုတ်တော့ပါဘူး။ အဓိက ဘာလဲဆိုတာကို သူတို့မေးခွန်းတွေ ထုတ်တာက Confession ဆိုတဲ့ ဖြောင့်ချက်ပေးတာကိုပဲ သူတို့ မေးခွန်းတွေ ထုတ်လာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရဲစခန်းမှာ ဖြောင့်ချက်ပေးပြီးတော့ ၁၀ ရက်၊ ၁၀ လ၊ ၂၀၁၄ နဲ့ ၆ ရက် ၁၀ လ၊ ၂၀၁၄ မှာလည်း ၀န်ခံပါတယ်ဆိုတာ အကြောင်းအရာတွေ ပေါ်နေလို့ ဒီအကြောင်းအရာတွေပေါ်မှာ တရားလိုဘက်ကနေပြီးတော့ အားကိုးအားထားပြုပြီး မေးလာပါတယ်။

"အဲဒီတော့ ဒါကို အန်ကယ်တို့ဘက်က ပြန်ဖြေရှင်းတဲ့အခါမှာ ၁၀ ရက်၊ ၁၀ လ၊ ၂၀၁၄ နေ့က လူ့အခွင့်အရေး အဖွဲ့အစည်းနဲ့ပတ်သက်လို့ ခံဝန်ချက်ပေးရတာဟာလည်း ဒီကလေးတွေဟာ ၄ ရက်၊ ၁၀ လ၊ ၂၀၁၄ မှာ ထောင်ထဲရောက်လာတာ။ ဒီထောင်ထဲရောက်တဲ့အခါမှာ ရဲစခန်းတုန်းက နှိပ်စက်ညှဉ်းပန်းတယ်ဆိုတဲ့ အကြောက်တရား မပြေသေးပါဘူး။ မပြေသေးတော့ သူတို့က ထောင်ထဲမှာရှိတဲ့ ရဲဝန်ထမ်းနဲ့ အပြင်မှာရှိတဲ့ ရဲဝန်ထမ်းနဲ့ ဆက်သွယ်တယ်ဆိုတဲ့ ဒီဟာမျိုးတွေလည်းရှိတော့ သူတို့က ဆက်ပြီးတော့ ၀န်ခံတဲ့သဘောနဲ့ ဖြစ်တာပါ ဆိုပြီးတော့ အန်ကယ်တို့ဘက်က အကြောင်းပြ ဖြေရှင်းပါတယ်။ နောက် ဒုတိယ ၆ ရက်၊ ၁၁ လ၊ ၂၀၁၄ မှာလည်း ရှေ့နေက ၀န်ခံတယ်လို့ ပြောခဲ့တဲ့စကားနဲ့ မေးခွန်းထုတ်လာပါတယ်။ ဒီအကြောင်းအရာကို ကြည့်မယ်ဆိုရင်တော့ ဒီရှေ့နေဟာ အန်ကယ်တို့က တရားဝင်လွှဲအပ်ထားတဲ့ ရှေ့နေမဟုတ်ဘဲနဲ့ ရဲကခေါ်လာတဲ့ ရှေ့နေဖြစ်တယ်။ ရဲက ခေါ်လာတဲ့ ရှေ့နေကတော့ ရဲကအလိုကျဖြစ်တဲ့ စကားကို ပြောမှာပဲ။ ဒီစကားကို မပြောခဲ့တဲ့ ကလေးတွေကလည်း ဒီစကားကို သူတို့မပြောခဲ့ဘူး ဆိုတဲ့အကြောင်း တရားခွင်မှာ ထွက်ပါတယ်။ ဒီရှေ့နေကို သူတို့ သိလည်းမသိဘူး၊ သူတို့အနေနဲ့ ခေါ်ပြီးတော့ ကိုယ်စားလှယ်ပါဝါ ပေးပြီးတော့ ငှားတဲ့ရှေ့နေ မဟုတ်ဘူးဆိုတာကို ပြောပြီးတော့ ငြင်းပယ်ထားပါတယ်။"

ပြီးခဲ့တဲ့လပိုင်းတုန်းက မောင်ဇော်လင်းက တရားခွင်မှာ ထွက်ဆိုရာမှာ သူ့ကို ညှဉ်းပန်းနှိပ်စက်တာကြောင့်မို့လို့ ၀န်ခံခဲ့တယ်ဆိုတာကို ပြောခဲ့တယ်။ မနေ့တုန်းက မောင်ဝင်းဇော်ထွန်း (ခ) ဝေဖြိုးက ရုံးမှာထွက်ဆိုတော့ စီစီတီဗွီပုံတွေပြတော့ သူကရော စစ်ဆေးစဉ်က နှိပ်စက်ခံရတဲ့ အခြေအနေတွေ ပြောသေးလား။

"မှန်ပါတယ်၊ ဇော်လင်းက ပြောသလိုပဲ ဝေဖြိုးကလည်း စူရတ်ဌာနီရဲစခန်းမှာ ဖမ်းခံရတဲ့ကိစ္စ၊ ၁ ရက်နေ့ည လှေစီးလာတယ်။ ၂ ရက်နေ့မနက် စူရတ်ဌာနီ သင်္ဘောဆိပ်မှာ ဖမ်းခံရတယ်။ ဖမ်းခံရတဲ့အချိန်ကနေ အဲဒီညနေလောက်မှာ ဝေဖြိုးက ၀န်ခံပါတယ်ဆိုပြီးတော့ ရဲစခန်းက ထုတ်ပြန်ကြေညာခဲ့တာပါ။ အဲဒီအချိန်မှာလည်း အန်ကယ် Object လုပ်ထားတာ ရှိပါတယ်။ ရဲစခန်းမှာ ခံဝန်ချက်ပေးတာဟာ တရားမ၀င်ဘူး။ အသပြာကြောင့်သော်လည်းကောင်း၊ အာဏာကြောင့်သော်လည်းကောင်း ဖြစ်နိုင်တယ်ဆိုပြီးတော့။ အန်ကယ် ကန့်ကွက်ထားတာ ရှိဖူးပါတယ်။ အဲဒီတော့ အဲဒီလိုအချက်တွေ ကြည့်မယ်ဆိုရင် တရားမ၀င်ရုံ မဟုတ်သေးဘဲနဲ့ အဲလိုဝန်ခံချက်ပေးတဲ့ အချိန်မှာ ဥပဒေနားလည်တဲ့ ရှေ့နေမရှိသလိုဘဲ ဒီကလေးတွေဖြစ်တဲ့ ၀င်းဇော်ထွန်းရဲ့ မိဘ၊ ဆွေမျိုးသားချင်း တယောက်မှ မရှိတာဟာလည်း ဥပဒေအရ ဘောင်မ၀င်လို့ အဲဒီဝန်ခံချက်က ပျက်ပြယ်ပါတယ်။ ဒါတင်မကသေးဘဲနဲ့ တရားရုံးကျတော့ ကလေးတွေကိုယ်တိုင်က ဒီဖြောင့်ချက်ကို ပြန်လည်ရုပ်သိမ်းခြင်းဆိုတဲ့ အကြောင်းအရာက ပေါ်ပါတယ်။ ဒါတွေကြောင့် အန်ကယ်တို့ဘက်က တင်ပြချက်တွေဟာ မှန်ကန်ပေမယ့်လည်း သူတို့က ၁၀ ရက်၊ ၁၀ လ၊ ၂၀၁၄ နဲ့ ၆ ရက်၊ ၁၁ လ၊ ၂၀၁၄ က ၀န်ခံချက်ရှိတာကိုပဲ နင်းမေးကြတာပါ။"

မောင်ဝင်းဇော်ထွန်း (ခ) ဝေဖြိုးက သူ့ကို စစ်ကြောစဉ်မှာ ရိုက်တာ၊ နှက်တာ၊ နှိပ်စက်တာ၊ ခြိမ်းခြောက်တာတွေနဲ့ ပတ်သက်လို့ ထွက်ဆိုသွားသေးလား။

"ဟုတ်ပါတယ်။ သူ့ကိုလည်း ရိုက်နှက်ညှဉ်းပန်းရုံတင် မကသေးဘဲနဲ့ သူ့ရဲ့တန်ဆာကိုပါ လက်နဲ့တောက်တယ် ဆိုတာကိုပါ ပြောပါတယ်။ နောက်ပြီးတော့ ရဲတွေကလည်း တယောက်ပြီးတယောက် ရိုက်ရုံတင်မဟုတ်သေးဘူး။ သူ့ကို တကိုယ်လုံးချွတ်ထားတယ်၊ အအေးခန်းထဲမှာ တနာရီလောက် ပစ်ထားတယ်။ ဒါမျိုးတွေပေါ့။ နောက်ပြီးတော့ လက်ကို နောက်ပြန် လက်ထိပ်ခတ်ထားပြီးတော့ တကိုယ်လုံးချွတ်ထားတဲ့ နေရာမှာ သူ့ရဲ့တန်ဆာကို လက်နဲ့တောက်တယ်ဆိုတဲ့  ညှဉ်းပန်းနှိပ်စက်တာတွေကိုလည်း သူ ဒီနေ့ ထွက်ဆိုသွားတယ်။"

အန်ကယ် တရားရုံက အမိန့်ချမှတ်မယ့်ရက်ချိန်း ပေးတာကို သေချာအောင် ထပ်ပြောပြပေးပါ။

"တရားရုံးကတော့ ၂၄ ရက်၊ ဒီဇင်ဘာ ၂၀၁၅ မှာ နောက်ဆုံးအမိန့်ချမယ် ပြောပါတယ်။ အဲဒီတော့ ဒီအမှုတခုလုံးနဲ့ ပတ်သက်ပြီးတော့ ခြုံငုံပြောရမယ်ဆိုရင်တော့ သတင်းထောက်တွေ၊ သတင်းအဖွဲ့အစည်းတွေနဲ့ မြန်မာပြည်သူတွေ ၀ိုင်းဝန်းကူညီကြလို့ ဂုဏ်ယူစရာ ဖြစ်ရတာပါ။ ဒီနေရာမှာ ထူးခြားမှုတခု ပြောချင်တာက ထိုင်းနိုင်ငံထဲက မြန်မာသံအမတ်ကြီးကနေပြီးတော့ မြန်မာအလုပ်သမားအတွက် အမှန်အကန် တရားဥပဒေအရ စီစဉ်ပေးနိုင်ဖို့ကို အဆင့်ဆင့်တိုင်းမှာ စီမံဆောင်ရွက်ပေးခဲ့တဲ့ ရလဒ်ကောင်းတခုကလည်း ပေါ်လွင်တယ်ဆိုတာကို အန်ကယ်ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချိန်မီ ဒီလို သံရုံးအနေနဲ့ အဖွဲ့ဖွဲ့ပြီးတော့ ဆောင်ရွက်တာကြောင့်မို့ ဒီကနေ့ စစ်ချက်တွေမှာဆိုရင် မြန်မာသံရုံးက ထောင်ထဲကို ကိုယ်စားလှယ်အဖွဲ့ ရောက်ခဲ့တယ်ဆိုတာ ပေါ်လွင်လာပါတယ်။ ထို့အပြင်မှာပဲ ဒီ ၂၉ ရက်၊ ၁၀ လ၊ ၂၀၁၄ မှာ သွားပြီးတော့ ရှေ့နေများကောင်စီကို အမှုလွှဲအပ်တယ်ဆိုတာလည်း နိုင်ငံတော် Weight၊ နိုင်ငံတော်အစိုးရရဲ့ ထူးခြားမှုလေးကို တင်ပြနိုင်တယ်ဆိုတာလည်း အမှုအတွက်မှာ တရားလိုဘက်ကနေပြီးတော့ လေးစားလောက်တယ်၊ တရားလိုဘက်ကနေပြီးတော့ ဂရုမစိုက်လို့ မရဘူးဆိုတဲ့ အချက်ကို ပေါ်လွင်အောင် ပြနိုင်တဲ့အတွက်ကြောင့် ဒါကလည်း ကောင်းကွက်တခုအနေနဲ့ သာဓကတခုအဖြစ် မြင်ပါတယ်။"

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013