DVB Logo
Home
ရွေးကောက်ပွဲ
လွှတ်တော်ထဲရောက်ရင် တောင်သူလယ်သမားအရေး ပိုပြီးလုပ်ဆောင်နိုင်မယ် - စိုင်းဆေဟန်
DVB
·
October 11, 2015
လွှတ်တော်ထဲရောက်ရင် တောင်သူလယ်သမားအရေး ပိုပြီးလုပ်ဆောင်နိုင်မယ် - စိုင်းဆေဟန်
Donate to DVB

နိုင်ငံရေးလောကထဲမှာ အတွေ့အကြုံမရှိပေမယ့် နီုင်ငံရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ ရွေးကောက်ပွဲဝင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိပြီး လွှတ်တော်ထဲရောက်ရင် တောင်သူလယ်သမားဘ၀ မြှင့်တင်ရေးတွေ ပိုလုပ်နိုင်မယ်လို့  ရှမ်းပြည်နယ် လင်းခေးခရိုင် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာကနေ တသီးပုဂ္ဂလ၀င်ရောက်ယှဉ်ပြိုင်မယ့် တောင်သူလယ်သမားဥက္ကဋ္ဌ စိုင်းဆေဟန် ခေါ် စိုင်းထွန်းစံကပြောပါတယ်။

သူ့ရဲ့ ရည်ရွယ်ချက်၊ မဲဆွယ်စည်းရုံးခရီးစဉ်တွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

စိုင်းဆေဟန်ရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်းနဲ့ အများအကျိုးအတွက် ဆောင်ရွက်ခဲ့ဖူးတဲ့ အတွေ့အကြုံတွ ပြောပြပါလား။

"ကျနော်ကတော့ ရှမ်းပြည်တောင်ပိုင်း လင်းခေးမြို့ ဈေးတန်းရပ် ဇာတိဖြစ်ပါတယ်။  သူငယ်တန်းကနေ အထက်တန်းအထိ လင်းခေးမြို့ အထက်တန်းကျောင်းမှာ တက်ခဲ့ပါတယ်။ အသက်က ၃၈ နှစ်ရှိပါပြီ။ အလုပ်အကိုင်ကတော့ လယ်ယာစိုက်ပျိုးရေးပါ။ လွန်ခဲ့တဲ့ ၄ နှစ်က ရှမ်းလယ်ယာစိုက်ပျိုးမှုဖွံ့ ဖြိုးတိုးတက်ရေး Shan Agricultural Development(S.A.D)အဖွဲ့ကို စတင်ထူထောင်ခဲ့ပြီး ကျနော်တို့ အဖွဲ့ဝင်တွေနဲ့ အတူ တောင်သူလယ်သမားဘ၀မြှင့်တင်ရေး၊ စိုက်ပျိုးသီးနှံအထွက်တိုးရေး၊ သဘာဝ ပိုးသတ်နည်း ၊  အော်ဂဲနစ် သဘာဝမြေသြဇာ ထုတ်လုပ်သုံးစွဲနည်းတွေကို ပညာပေးခဲ့သလို လက်တွေ့ဆောင်ရွက်ခဲ့ပါတယ်။ ကျနော်တို့အဖွဲ့က ရှမ်းပြည်တောင်ပိုင်း ၊ မြောက်ပိုင်း နဲ့ အရှေ့ပိုင်းက တောင်သူလယ်သမားတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပါတယ်။

တောင်သူလယ်သမားဘ၀ကနေ နိုင်ငံရေးလောကထဲ ၀င်ရောက်လာပုံကို ပြောပြပါ။

ကျနော်ကတော့ နိုင်ငံရေးသမားလည်း မဟုတ်ပါဘူး၊ နိုင်ငံရေးအတွေ့အကြုံလည်းမရှိပါဘူး။ ဒါပေမယ့် လယ်ယာစိုက်ပျိုးရေးကိစ္စနဲ့ ပတ်သက်ပြီး   နေပြည်တော်က ဆည်မြောင်းဝန်ကြီး စိုက်ပျိုးရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့တယ်၊ လွှတ်တော်ထဲကို ၅ ကြိမ် ၀င်ရောက်လေ့လာခဲ့ဖူးပါတယ်။ အဲဒီက ပြန်လာပြီးတဲ့နောက် လယ်ယာစိုက်ပျိုးမှု ဖွံ့ဖြိုးရေးကိစ္စတွေ လုပ်နိုင်ခဲ့တယ်။ ပြင်ပကနေ ဆောင်ရွက်တာထက် လွှတ်တော်ထဲရောက် ရင် တောင်သူလယ်သမားအခွင့်အရေးကိစ္စတွေ ပိုပြီးထိရောက်အောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် တသီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲမှာ ၀င်ပြီးယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။"

လင်းခေးမှာ ဘယ်ပါတီတွေနဲ့ ပြိုင်ပြီး အရွေးခံမှာလဲ၊ ရွေးကောက်ပွဲအောင်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက် ယုံကြည်မှုရှိပါသလဲ။

"ကျနော်ဝင်ပြိုင်မယ့် မဲဆန္ဒနယ်ထဲမှာ ရှမ်းပါတီတွေဖြစ်ကြတဲ့ ကျားဖြူပါတီ  နဲ့ ကျားခေါင်းပါတီ၊  အန်အယ်လ်ဒီ နဲ့ ပြည်ခိုင်ဖြိုးပါတီတွေ ရှိပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရဖို့  ကျနော့်ကိုယ်ကျနော် ယုံကြည်မှုအပြည့်ရှိတယ်။ ကျနော်တို့ဒေသမှာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သူတွေက ၈၀ ရာခိုင်နှုန်းရှိတယ်။ ဒေသထဲကို ကွင်းဆင်းပြီး မဲဆွယ်စည်းရုံးတာ ရွာသားတွေက နိုင်ငံရေးအကြောင်းပြောတဲ့ ပါတီထက် သူတို့ဘ၀နဲ့ နီးစပ်တဲ့ လုပ်ငန်းကိုင်ငန်းအကြောင်းတွေပြောတာပိုပြီး စိတ်ဝင်စားတယ်။  ဒါကြောင့် လယ်သမားတွေရဲ့အသံကို လွှတ်တော်ထဲအရောက် သယ်သွားနိုင်မယ့် ကျနော့ကို ပိုပြီးထောက်ခံမယ်လို့ ယုံကြည်ပါတယ်။

ဘယ်ဒေသတွေမှာ ကွင်းဆင်းပြီး မဲဆွယ်စည်းရုံးဖို့ ရှိပါသလဲ၊ ဘယ်နေရာတွေ သွားခဲ့ပြီလဲ၊ သွားခဲ့သမျှ နေရာက တွေ့ရှိချက်ကို အကျဉ်းချုံးပြောပြပါလား။

"လင်းခေးမြို့ပေါ် ရပ်ကွက် ၈ ခုနဲ့ ၊ ၀မ်ဟတ် ၊ ၀မ်တိန်း ၊ ဟိုင်းကွေ ၊ နောင်လုံ ၊ နမ့်တွန် စတဲ့ကျေးရွာအုပ်စုတွေထဲ သွားဖို့ရှိပါတယ်။ ကျနော် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ကစပြီး ကွင်းဆင်းတယ်။ ၀မ်ဟတ် နဲ့ ၀မ်တိန်းတော့ ပြီးသွားပါပြီ။ တောင်သူလယ်သမားတွေရဲ့ အဓိက လိုအပ်ချက် က ရေလုံလောက်စွာရရှိရေးဖြစ်ပါတယ်။ ဒီနှစ်က မိုးလေ၀သ မမှန်ဘူးလေဗျာ ၊ ကျနော်တို့လည်း ရေသွယ်ယူနိုင်မယ့်နည်းတွေပါ ဆွေးနွေးခဲ့ပါတယ်။"

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဘယ်ကငွေကြေးထောက်ပံ့ကူညီမှုတွေ ရပါသလဲ။

"ဘယ်မှမရပါဘူးခင်ဗျာ၊  ရွေးကောက်ပွဲဝင်ဖို့ ကျပ်ငွေ ၃ သိန်းသွင်းရပါတယ်၊ ဗွီနိုင်းပိုစတာတွေ၊ လက်ကမ်းစာစောင်တွေ ထုတ်တာရယ်၊ ကွင်းဆင်းတဲ့ ကုန်ကျစရိတ် အထွေထွေရယ်အားလုံး ဆယ်သိန်းကျော်ကုန်ပြီးပါပြီ။ ဒါက ကျနော့်ကိုယ်ပိုင်ငွေနဲ့  ကျနော်တို့ တောင်သူလယ်သမားဘ၀ မြင့်မားရေးအတွက် လုပ်ရတာပါ။  ကျနော့ကို ထောက်ခံတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ အားလုံးဝိုင်းကူကြတယ်။"

နောက်ထပ် ဘာများဖြည့်စွက်ပြောကြားလိုပါသလဲ

"ကျနော်တို့ နိုင်ငံရေးကိစ္စ အမျိုးသားရေးကိစ္စတွေ တိုးတက်ဖို့အတွက် ပြည်သူတွေကလည်း အဲဒီပုဂ္ဂိုလ်နဲ့ လုပ်ငန်းတွေကို ပံ့ပိုးပေးရပါမယ် ။ ဒါပေမယ့် အဲဒါတွေ ပံ့ပိုးပေးဖို့အတွက် မိမိဝမ်းစာရေးလည်း အရင်လုံလောက်အောင် ဖြေရှင်းရပါဦးမယ်။  စိုက်ပျိုးရေးအများစုလုပ်တဲ့ ဒေသမှာ တောင်သူလယ် သမား အရေးကို တကယ်အလေးထားပြီးဆောင်ရွက်မယ့် ကျနော့်ကို ထောက်ခံဖို့ ပြောချင်ပါတယ်။  နိုင်ငံရေးပါတီတွေလည်း အားပေးချင်တယ် ၊ ကျနော့်ကိုလည်း အားပေးချင်တယ်ဆိုရင် ရွေးချယ်ရမခက်ပါဘူး။ လူတယောက်ကို ပြည်နယ်အတွက် တစ်နေရာ ၊ အမျိုးသားလွှတ်တော်အတွက် တနေရာ၊ ပြည်သူ့လွှတ်တော်အတွက် တနေရာ မဲတံဆိပ် ၃ ကွက်မှာ ၃ ကြိမ်နှိပ်ရပါတယ်။ ဒါကြောင့် မျှမျှတတပေးနိုင်ပါတယ်။ ဒီအကြောင်းတွေကိုလည်း ကျနော်တို့ ရွာသားတွေကို သေချာရှင်းပြခဲ့ပြီးဖြစ်ပါတယ်ခင်ဗျား။"

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013