DVB Logo
Home
မြန်မာသတင်း
ဘာသာရေးကို အလွဲသုံးပြီး နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု လက်မခံဟု ဦးရွှေမန်းပြော
DVB
·
October 11, 2015
ဘာသာရေးကို အလွဲသုံးပြီး နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု လက်မခံဟု ဦးရွှေမန်းပြော
Donate to DVB

ဘာသာရေးကို အလွဲသုံးပြီး နိုင်ငံရေးမှာ ပါဝင်ပက်သက်တာကို လုံးဝလက်မခံကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်းကပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဟာ အောက်တိုဘာလ ၁၀ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့  ဖြူးမြို့နယ်အတွင်းက ကျေးရွာတွေကို စည်းရုံးရေးခရီးစဉ် သွားရောက်ရာမှာ  မီဒီယာတွေရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေဆိုခဲ့တာပါ။

ဦးရွှေမန်းက “ကိုယ့်အမြင်ကတော့ ဘာသာရေးကို နိုင်ငံရေးမှာ အလွဲသုံးစားပြုတာကို လုံးဝမနှစ်မြို့ပါဘူး။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေအရပဲ ပြောပြော၊ ရွေးကောက်ပွဲကော်မရှင်နဲ့ သက်ဆိုင်တဲ့ဥပဒေအရပဲ ပြောပြော လက်ခံနိုင်တဲ့အနေအထားမရှိပါဘူး။ ဒါကြောင့် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းမဆို ဘာသာရေးကို အလွဲသုံးပြုပြီးတော့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်တာကတော့ လုံးဝလက်ခံလို့ မရပါဘူး” လို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီမှာ ဒီလို ဘာသာရေးနဲ့ပတ်သက်ပြီး စည်းရုံးဖို့ မူဝါဒချမှတ်ထားတာ မရှိဘူးလို့လည်း ပြောပါတယ်။

“ပါတီမှာတော့ ဒီလိုမူဝါဒမရှိဘူး။ မူဝါဒမရှိဘဲနဲ့ ဆောင်ရွက်တယ်ဆိုရင် ပါတီကို သစ္စာမရှိရာ ရောက်တယ်။ ဥပဒေကိုလည်း မလေးစားရာ ရောက်တယ်။ မည်သူမဆိုပါ။ ပါးစပ်က သစ္စာရှိတယ်ဆိုရုံနဲ့ မရဘူး။ သစ္စာဆိုတာ မှန်ကန်ခြင်းပဲ။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် မူဝါဒတခု ချမှတ်ထားတဲ့အတွက် အဲဒီမူဝါဒနဲ့အညီ လုပ်ရမယ်။”

ဒါအပြင် ပါတီရဲ့ ပါတီအောင်နိုင်ရေး လူမှုကွန်ရက်စာမျက်နှာမှာ တခြားပါတီဝင်တွေရဲ့ အောင်နိုင်ရေးလှုပ်ရှားမှုတွေကို ဖော်ပြပေမယ့် သူရဲ့ အောင်နိုင်ရေး လှုပ်ရှားမှုတွေ ဖော်ပြမခံရတာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောဆိုပါတယ်။

“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ အောင်နိုင်ရေးနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ပုံ၊ ကိုယ့်ရဲ့ အနေအထားကို ဖော်ပြခြင်းမရှိတာကတော့ ကိုယ့်အပိုင်းမဟုတ်ပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အပိုင်းဖြစ်ပါတယ်။ အဲလိုမပါလည်း ကိုယ့်အတွက် ဘာမှဖြစ်စရာ အကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အကြောင်းကို ပြည်သူတွေလည်း နားလည်တဲ့သဘောရှိမယ်။ ဒီမှာရှိတဲ့လူတွေလည်း နားလည်ရုံတင်မကဘူး၊ သေချာ ဂဃဏန သိရှိပြီးတဲ့အခါမှာ ယုံကြည်မှုလည်း အပြည့်ရှိမှာဖြစ်တဲ့အတွက် သတင်းစာထဲ သို့မဟုတ် တခြားထဲ မထည့်တာ ဘာမှ ပြဿနာမရှိပါဘူး။”

သူရဦးရွှေမန်းဟာ ဖြူးမြို့နယ်အတွင်းက ကျေးရွာ ၃၅ ရွာကို စည်းရုံးရေးသွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ဖြူးမြို့နယ်အတွင်းမှာ အန်အယ်လ်ဒီပါတီ၊ အန်ဒီအက်ဖ်ပါတီ၊ တိုင်းရင်းသားပါတီတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ၀င်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

အဲဒီ့ကိုယ်စားလှယ်လောင်းတွေထဲမှာ နိုင်ငံတော်သမ္မတရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကိုကိုကျော်လည်း ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013