DVB Logo
Home
Lead Story
သောင်မတင် ရေမကျ ငြိမ်းချမ်းရေး
DVB
·
October 11, 2015
သောင်မတင် ရေမကျ ငြိမ်းချမ်းရေး
Donate to DVB

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ အစိုးရ၏ ယူပီဒဗလျူစီတို့ အကြိမ်ကြိမ် ဆွေးနွေးလာပြီးသည့်နောက် အောက်တိုဘာ ပထမပတ် သို့မဟုတ် ဒုတိယပတ်လောက် လက်မှတ်ရေးထိုးနိုင်မည်ဟု ဆိုပါသည်။ သို့သော် ယခင်က လိပ်ခဲတည်းလည်းဖြစ်နေသော ပထမ သဘောတူထားသည့် ၁၅ ဖွဲ့နဲ့သာ လက်မှတ်ရေးထိုးမည်။ ကိုးကန့်အပါအဝင် ၃ ဖွဲ့ကိုမူ နောင်မှ ဆွေးနွေးကာ လက်မှတ်ရေးထိုးမည်ဟု ဆို၏။ တိုင်းရင်းသား လက်နက်ကိုင်များက အားလုံးနဲ့ လက်မှတ်ရေးထိုးမှ ငြိမ်းချမ်းရေး ပီပြင်မည်ဟု ဆိုလေသည်။ အန်စီအေစာချုပ်ကို အောက်တိုဘာလအတွင်း လက်မှတ်ရေးထိုးမည်ဟု သဘောထားပေးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်များက ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ နောက်ဆုံး ကေအန်ယူ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့်သာ လက်မှတ်ရေးထိုးဖို့ အခြေအနေ ရောက်ရှိလာလေသည်။ သို့သော် ကျန်အဖွဲ့များနဲ့မူ ဆက်လက်ဆွေးနွေးပြီး လက်မှတ်ရေးထိုးနိုင်အောင် ကြိုးစားမည်ဟု ဆိုပါသည်။ အန်စီအေစာချုပ်ကို သမ္မတ ဦးသိန်းစိန်အစိုးရက ရွေးကောက်ပွဲမတိုင်ခင်တွင် ပထမစကတည်းက ဆွေးနွေးခဲ့သော ၁၅ ဖွဲ့နဲ့ သဘောတူထားသည်များ ရှိသောကြောင့် လက်မှတ်ရေးထိုး လိုပါသည်။ သို့သော် ၁၅ ဖွဲ့ထဲ ပါဝင်သော ကေအိုင်အေကမူ အောက်တိုဘာလတွင် လက်မှတ်ရေးထိုးဖို့ ပါဝင်လိုခြင်း မရှိပေ။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့မှာ နီးလာလိုက်၊ ဝေးသွားလိုက်နဲ့ နောက်ဆုံးရသမျှနဲ့ လက်မှတ်ရေးထိုးဖို့ အစိုးရဘက်မှ ဆုံးဖြတ်လိုက်ပုံရပါသည်။

သမ္မတဦးသိန်းစိန် အစိုးရသည် အစိုးရအဖွဲ့ တာဝန်ယူလာကတည်းက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းလာခဲ့သည်မှာ အမှန်ပင်။ သဘောထား မည်သို့ပင်ဖြစ်စေ ယခင်အစိုးရများနဲ့ ကွာခြားသော ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အမှန်တကယ် ညှိနှိုင်းဆွေးနွေးခဲ့သည်ကား အမှန်ပင်။ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်သည်။ တချို့က အပစ်အခတ် ရပ်စဲပစ်ကြသည်။ တချို့ကမူ အပစ်အခတ်ရပ်စဲခြင်း မရှိသေးဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖို့ သဘောတူညီကြပါသည်။ အကြိမ်ကြိမ်အခါခါလည်း တွေ့ဆုံဆွေးနွေးကြ၏။ သဘောတူညီချက်များ ရလာလိုက်၊ ပျက်သွားလိုက်နဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲမှ ရမည်ကို ၂ ဘက် သဘောတူလိုက်ကြ၏။ သို့သော် ငြိမ်းချမ်းရေးအတွက် ပထမဆုံး အပစ်အခတ်ရပ်စဲရေးကို မတည်ဆောက်နိုင်သေးပေ။ စင်စစ်အားဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်မည်ဆိုလျှင် အပစ်အခတ်ရပ်စဲရေးမှာ အဓိကကျကြောင်း နားလည်သဘောပေါက်ဖို့ လိုသည်။ အပစ်အခတ် မရပ်စဲနိုင်ခြင်းမှာ တဘက်နဲ့ တဘက် ယုံကြည်မှု မတည်ဆောက်နိုင်သေးခြင်းကြောင့်လည်း ဖြစ်ပါသည်။ ထို့ပြင် မိမိတို့ သိမ်းပိုက်ထားသော ပိုင်နက်နယ်မြေတွင် သယံဇာတ ထုတ်ယူခြင်း အကျိုးစီးပွား ပြဿနာလည်း ပါနေလေသည်။ လက်နက်ကိုင် အဖွဲ့များအတွက် တော်လှန်ရေး အကျိုးစီးပွားဟု အကြောင်းပြကြလေသည်။ ထိုသို့ သယံဇာတထုတ်ယူမှု အကျိုးစီးပွားအတွက် အပစ်အခတ်ရပ်စဲရေး သဘောမတူနိုင်သည်မှာလည်း အကြောင်းတခု ဖြစ်နေပေလိမ့်မည်။ ထို့ပြင် နယ်စပ်ဒေသများတွင် ခြေကုပ်ယူထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအဖို့ မိမိတို့ နောက်ခံနိုင်ငံ၏ သြဇာနဲ့ သဘောထားများလည်း သက်ရောက်နေကြသည်။ ထိုကိစ္စနဲ့ ပတ်သက်၍ ပြည်သူ့အရေးဂျာနယ် အတွဲ- ၁၊ အမှတ် ၅၁ တွင် ဆောင်းပါးရှင် အေးမောင်ကျော်က -

“ ‘ဝ’ နယ်ကြေညာချက်မှာ ဖော်ပြထားတဲ့ အချက်နံပါတ် ၆ ကတော့ ဘယ်သူမှ မျှော်လင့်မထားတဲ့အချက် ဖြစ်နိုင်ပါတယ်။ အဲဒါကတော့ တရုတ်ပြည် ယူနန်ပြည်နယ်က လက်ရှိ ပဋိပက္ခတွေမှာ ဥရောပ၊ အမေရိကန်၊ ဂျပန် စတဲ့ အနောက်အင်အားစုများ မပါဝင်ရန် တောင်းဆိုခဲ့ကြောင်း၊ ဒါကြောင့် ‘ဝ’ အထူးဒေသ ၂ က ၎င်းကတိကို စောင့်ထိန်းခဲ့ကြောင်း၊ ပန်ဆန်းထိပ်သီးအစည်းအဝေးမှာလည်း အနောက်နိုင်ငံများကို မြောက်ပိုင်းပဋိပက္ခမှာ ပါဝင်စေရန် သဘောထားကို လက်မခံခဲ့ပုံ၊ ယခု အန်စီအေ သဘောတူညီချက် ဖြစ်စဉ်မှာလည်း အနောက်နိုင်ငံများ တောက်လျှောက်ပါဝင်ခဲ့ပြီး ယခုလက်မှတ်ထိုးရာမှာလည်း ပါဝင်ကြမယ်ဆိုပါက ‘ဝ’ အဖွဲ့အနေနဲ့ ပါဝင် လက်မှတ်ရေးထိုးလိုက်ရင် ‘ဝ’ အဖွဲ့အနေနဲ့ ယူနန်ပြည်နယ်အပေါ် ကတိပျက်သလိုဖြစ်မှာ စိုးတဲ့အတွက် သူတို့ ပါဝင်လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်ဘူးလို့ ဆိုထားတာ ဖြစ်ပါတယ်။

အခုလို ‘ဝ’ ဘက်က ထုတ်ဖော်ကြေညာချက်ဟာ အစိုးရအနေနဲ့ သိပင် သိနိုင်ငြားလည်း မျှော်လင့်ထားချက်တော့ ဟုတ်မယ်မထင်ပါဘူး။ ဒါဟာ တရုတ်နယ်စပ်ဒေသမှာရှိတဲ့ လက်နက်ကိုင် အဖွဲ့တိုင်းရဲ့ သဘောထားလည်း မဟုတ်ပါဘူး။ ‘ဝ’ အဖွဲ့ ကိုယ်နှိုက်က ဗကပကနေ ပြိုကွဲလာတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး သူဟာ အမျိုးသားရေး အခြေခံသော်လည်း လူတန်းစားအရေး ဆိုတာမျိုးတွေလည်း ရှိနေသေးပုံပါ။ အခု သူတို့ပြောလာတဲ့ အရှေ့အနောက် ပတ်သက်မှုတို့၊ မြောက်ပိုင်းပဋိပက္ခတို့ စတာတွေဟာ ဒီဘက်က ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်မှာ မကြားရတာ ကြာနေပြီဖြစ်တဲ့ စကားလုံးတွေပါ။ နယ်စပ်မှာ ရှိတာချင်းအတူတူ ကေအိုင်အေကကျတော့ အသိသက်သေနေရာမှာ အမေရိကန် ပါဝင်ရေးကို တလျှောက်လုံး တောင်းဆိုလာတာ ဖြစ်တယ်။ အခုနောက်ပိုင်းမှာမှ အထူးသဖြင့် ‘ဝ’ နယ်ညီလာခံပြီးမှ ကေအိုင်အေဘက်ကလည်း ဒီတောင်းဆိုချက် လျော့သွားသလိုပါပဲ။ နယ်စပ်ဒေသတွေအဖို့တော့ ဒါဟာ လက်တွေ့အကျိုးမျှော် နိုင်ငံရေး ဖြစ်နေပုံရပါတယ်။ အကြောင်းကတော့ ယူနန်နယ်နဲ့ ကင်းလွတ်ပြီး နယ်စပ်ဒေသ လက်နက်ကိုင်များ ရပ်တည်ဖို့ အလွန်ခဲယဉ်းတာ ဖြစ်ပါတယ်။ စားနပ်ရိက္ခာ အားလုံးကစလို့ တရုတ်နဲ့ အလွမ်းသင့်ရင် သင့်သလို လက်နက်ခဲယမ်းများအထိ ရနေတယ်ဆိုတဲ့ သဘောပါ။”

ထိုကဲ့သို့ နယ်စပ်ဒေသတလျှောက် အခြေစိုက်ထားသော လက်နက်ကိုင် တော်လှန်ရေး မည်သည့်အဖွဲ့အစည်းမဆို ကူညီသော တဘက်နိုင်ငံ၏ လွှမ်းမိုးမှု အနည်းနဲ့ အများ ရှိသည်ကို ကာယကံရှင်များသာ သိပေမည်။ ယခင်က ထိုင်းနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များမှာ စီအိုင်အေ၏ ထောက်ပံ့မှု မည်မျှရှိသည်ကို သိကြပေမည်။ ထိုကဲ့သို့ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အရိပ်များရှိခြင်း၊ နှောင်ကြိုးအတည်းခံရခြင်းများမှာ မည်သို့ အတားအဆီး ဖြစ်စေသည်ကို သိနိုင်ပါသည်။ သယံဇာတ အကျိုးစီးပွား ပြဿနာမှာလည်း အဓိက ဖြစ်၏။ အထူးသဖြင့် မြန်မာနိုင်ငံလို သယံဇာတကြွယ်ဝသော နိုင်ငံမျိုးတွင် သယံဇာတ နယ်မြေများကို လက်မလွှတ်နိုင်ခြင်းမှာ ငြိမ်းချမ်းရေးအတွက် အဟန့်အတား ဖြစ်စေလေသည်။ ဖားကန့်လို ကျောက်စိမ်းပေါကြွယ်သော ဒေသတွင်လည်း ၂ ဘက်စလုံးက ကိုယ်ပိုင်နယ်၊ သူပိုင်နယ်အဖြစ် ပိုင်နက်နယ်မြေ ခွဲမပေးနိုင်ခြင်းမှာလည်း ငြိမ်းချမ်းရေးတွင် အဟန့်အတား ဖြစ်စေနိုင်ပါသည်။ မကြာသေးခင်က ထုတ်ပြန်လိုက်သော ဗြိတိန်နိုင်ငံအခြေစိုက် EIA (Environmental Investigation Agency) အဖွဲ့မှ Faith Doherty ၏ ပြောဆိုချက်တွင် -

“သစ် ၁ တန်ခြင်း ဝယ်ယူမှုထက် တောင်အလုံးလိုက်ဝယ်ယူပြီး သစ်ခုတ်လာကြတယ်။ ဒီလို ငွေပေးချေတဲ့အခါမှာ ဝယ်ယူတဲ့ တောင်အလုံးလိုက်အတွက် ငွေပေးချေမှုက သက်ဆိုင်ရာ နယ်မြေအလိုက် ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတွေ ရတယ်။ ပြည်သူ့စစ်တွေလို အစိုးရ အဖွဲ့အစည်းတွေနဲ့ရော ပြည်တွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ပြီး ဝယ်တယ်။” ဟု စက်တင်ဘာ ၂၈ ရက်နေ့ထုတ် Daily Eleven သတင်းစာထဲတွင် ဖော်ပြထားသည်။

ထိုသတင်းစာထဲတွင် ကချင်ပြည်နယ်အတွင်း တရုတ်စီးပွားရေး လုပ်ငန်းရှင်များက တောင်အလုံးလိုက် သစ်ခိုးထုတ်လျက်ရှိသည်ဟုဆို၏။ ထိုသို့ တတောင်လုံးမှ သစ်များကို ခုတ်ယူခွင့်ရအောင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ရွှေချောင်းများဖြင့် သစ်ခိုးခွင့်ပေးထားသည်။ စစ်ဆေးရေး ဂိတ်များကိုလည်း ငွေကောင်းကောင်းပေးကာ လာဘ်ထိုး၍ ဖြတ်သန်းသွားကြသည်ဟု ပါရှိသည်။ ထို EIA မှ ပြောဆိုချက်တွင် -

“လဆန်အော်ဝပိုင်တဲ့ နယ်မြေအတွင်းက ဂွီတောင်နဲ့ ဝူတိုင်တောင်နှစ်လုံးကို ၂ဝ၁၄-၂ဝ၁၅ ရာသီအတွက် တရုတ်တိန်ချောင်အခြေစိုက် သစ်ကုမ္ပဏီက သစ်ခုတ်ခွင့် ဝယ်ယူခဲ့တယ်။ ကြားလူကလည်း မြန်မာလွှတ်တော် အမတ်တဦးနဲ့ ပတ်သက်နေတယ်။” ဟု ပြောဆိုသွားခဲ့ပါသည်။

ထို့ကြောင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ထိုကဲ့သို့သော ပြဿနာမျိုးမှာ ထိုအဖွဲ့များ၏ ရပ်တည်ရေးနှင့် သူတို့အဖွဲ့များ၏ ဘဏ္ဍာရေးအတွက် ထိုသယံဇာတ ထုတ်ယူမှု ပြဿနာများကိုလည်း ဆွေးနွေးရမည်ဖြစ်၏။ ယခုလို ၇ ဖွဲ့တည်းနဲ့ အပစ်အခတ် ရပ်စဲရုံဖြင့် ကျယ်ပြန့်သော အပစ်အခတ် ရပ်စဲရေး မတည်ဆောက်နိုင်သေးပေ။ သဘောထားကြီးဖို့၊ ရိုးသားဖို့နဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့ အရေးကြီးပါသည်။ ယခုဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ အစိုးရကို အယုံအကြည် နည်းနေသည်။ နှစ်ပေါင်းများစွာ ကတိဖျက်ခံနေရသော သူတို့အဖို့ အစိုးရအပေါ် အယုံအကြည်ရှိပုံ မရပေ။ တွေ့ဆုံ ဆွေးနွေးပွဲများကို တဘက်ထိုင်းနိုင်ငံထဲ သွားရောက်ပြုလုပ်နေပုံကို ကြည့်ခြင်းအားဖြင့် ယုံကြည်မှု အားနည်းနေသည်ကို တွေ့နိုင်ပါသည်။ ယခု လက်မှတ်ထိုးနိုင်သလောက်နဲ့ လက်မှတ်ထိုးထားမည်ဆိုလျှင်လည်း နောင် လက်မှတ်မထိုးထားသော အဖွဲ့များနဲ့ ဆက်လက်ဆွေးနွေးကာ လက်မှတ်ရေးထိုးသင့်လေသည်။ အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး လက်နက်ကိုင်တိုက်ပွဲများကို ရပ်စဲသင့်သည်။ သူပစ်၍ ငါပစ်သည်ဆိုသော အထိမခံနိုင်သည့် သဘောထားမျိုးကို ပယ်ဖျက်ပစ်လျှင် အပစ်အခတ် ရပ်စဲရေးမှာ အကောင်အထည် ပေါ်လာနိုင်လေသည်။ ငြိမ်းချမ်းရေးနတ်သည် ကြီး၏။ ပြီးစလွယ်လုပ်၍ ပြီးစလွယ် တည်ဆောက်မရနိုင်ပေ။ လက်မှတ်ရေးထိုးလိုက်၊ ပြန်တိုက်လိုက်၊ အပစ်အခတ်ရပ်လိုက်၊ စစ်ပွဲများ ပြန်ဖြစ်လိုက်နဲ့ ဂျာအေးသူ့အမေရိုက် ဖြစ်နေလျှင် ဘာမှ မထူးခြားပေ။ ထို့ကြောင့် အပစ်အခတ်ရပ်စဲရေးကို အားလုံးပါဝင်စေပြီး အခိုင်အမာ တည်ဆောက်နိုင်မှသာ နောင်ဆက်ဆွေးနွေးရမည့် နိုင်ငံရေးပြဿနာများလည်း ရှိနေသောကြောင့် သောင်မတင်၊ ရေမကျသော နိုင်ငံရေးမဖြစ်ဖို့ လိုအပ်လေသည်။

ထက်မြက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013