DVB Logo
Home
Lead Story
၂၀၁၅ ခုနှစ်အတွက် တကမ္ဘာလုံးက ကျေးဇူးတင်ရမယ့်သူတွေ
DVB
·
October 10, 2015
၂၀၁၅ ခုနှစ်အတွက် တကမ္ဘာလုံးက ကျေးဇူးတင်ရမယ့်သူတွေ
Donate to DVB

နှစ်စဉ်ကမ္ဘာလောကအကျိုးကို ထူးထူးချွန်ချွန် သယ်ပိုးခဲ့ကြ သယ်ပိုးနေကြတဲ့သူတွေကို ချီးမြှင့်တာဖြစ်တဲ့ နိုဘယ်လ်ဆုတွေကိုတော့ ၂၀၁၅ အတွက် ရွေးချယ်ကြေညာပေးနေပါပြီ။ ၁၈၉၆ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ သိပ္ပံပညာရှင် အဲလ်ဖရက်နိုဘယ်လ်က ၁၈၉၅ ခုနှစ် သူ့ရဲ့သေတမ်းစာ မှာ ရေးသားမှာကြားခဲ့တဲ့အတိုင်း နိုင်ငံတကာက ဓာတုဗေဒ၊ ရူပဗေဒ၊ စာပေနဲ့ ငြိမ်းချမ်းရေး နယ်ပယ်တွေမှာ ထူးထူးခြားခြားစွမ်းဆောင်နိုင်ကြသူတွေကို ရွေးချယ်ပြီး ပေးအပ်ခဲ့တာဖြစ်ပါတယ်။

မစ္စတာနိုဘယ်လ်ရဲ့ သေတမ်းစာအရ နိုဘယ်လ်ဖောင်ဒေးရှင်းကြီးရဲ့ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီက နှစ်စဉ်ရွေးချယ်ပေးနေတာပဲဖြစ်ပါတယ်။

အခုကြေညာပေးသွားပြီးဖြစ်တဲ့ ဆုရရှိသူတွေကတတော့ ရူပဗေဒ ပညာရပ်ဆိုင်ရာမှာ နျူထရီနို တွေရဲ့ ဒြပ်ထု တည်ရှိမှုကို ပြသနိုင်ခဲတဲ့ နျူထရီနို အတက်အကျ ဖြစ်ပေါ်မှုကို ရှာဖွေတွေ့ရှိမှု ဂျပန်နိုင်ငံက တာကာကီ ကာဂျီတာ နဲ့ ကနေဒါနိုင်ငံက အာသာ ဘီမက်ဒေါလ်နယ်လ် ပေးအပ်ခဲ့ပါတယ်။ အဲဒီတွေ့ရှိမှုဟာ ၀တ္ထုပစ္စည်းရဲ့ အတွင်းပိုင်းအကျဆုံး လုပ်ဆောင်ချက်တွေအပေါ် ပညာရှင်တွေရဲ့ နားလည်ထားမှုကို ပြောင်းလဲပေးနိုင်ပြီး စကြ၀ဠာပေါ်မှာ ရှုမြင်တဲ့အမြင်အတွက်လည်း အရေးပါတယ်ဆိုတာကို သက်သေပြနိုင်ခဲ့လို့ သူတို့ကို ဒီဆုချီးမြှင့်ရတာဖြစ်တယ်လို့ ကော်မတီက ဆိုပါတယ်။

ဓာတုဗေဒ ပညာရပ်မှာတော့ ဒီအန်အေ ပြင်ဆင်မှု အတွက် ရုပ်ဒြပ်လှုပ်ရှားလုပ်ဆောင်ပုံသဘောကို လေ့လာဆည်းပူးတွေ့ရှိခဲ့မှုအတွက် ဆွီဒင်နိုင်ငံဖွား ထောမတ်စ်လင်ဒါး၊ ဒြုတက္ကသိုလ် ဒါဟမ်းဆေးကျောင်းက အမေရိကန်နိုင်ငံက ပေါလ်မောဒရစ် နဲ့ နော့ကာရိုလိုင်းနား တက္ကသိုလ်က တူရကီနိုင်ငံဖွား အဇစ်ဆင်ခါ တို့ကို ပူးတွဲပေးအပ်လိုက်ပါတယ်။

ဇီဝကမ္မ ဗေဒ ဒါမှမဟုတ် ဆေးဝါးဆိုင်ရာ ဆုကိုတော့ ကပ်ပါးရောဂါပိုးကြောင့် ရောဂါကူးစက်မှု တိုက်ဖျက်ရေးအတွက် ကုထုံးနည်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခဲ့တဲ့ ဂျပန်နိုင်ငံသား ကီတာဆာတိုတက္ကသိုလ်က အနုဇီဝ ပညာရှင် ဆာတိုရှီ အိုမူရာ၊ တရုတ်နိုင်ငံဖွား တရုတ်ဆေးသိပ္ပံ အကယ်ဒမီက ဆေးဝါးဗေဒပညာရှင် ယူယူတူ နဲ့ အမေရိကန်ပြည်ထောင်စု နယူးဂျာစီ မက်ဒီဆန် ဒရူးတက္ကသိုလ်က အနုဇီဝ ပညာရှင် ၀ီလျံစီ ကင်မ်းဘဲလ်တို့ကို ပူးတွဲပေးအပ်ခဲ့ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့က ပူပူနွေးနွေးကြေညာသွားခဲ့တဲ့ စာပေဆိုင်ရာ နိုဘယ်လ် ဆုကြီးကိုတော့ ယူကရိန်း နဲ့ ဘယ်လ်လာရုဇာတိစာရေးဆရာမကြီး ဆဗက်လာနာအလဲဇီဗစ် ပဲဖြစ်ပါတယ်။ သူကိုတော့ ဆိုဗီယက်ပြည်ထောင်စုသမိုင်းကို ပုံဖော်ခဲ့တဲ့ အောင်မြင်မှုတွေ ကြေကွဲဝမ်းနည်းစရာတွေကို ထဲထဲဝင်ဝင် နှံ့နှံ့စပ်စပ် ရေးသားနိုင်ခဲ့တဲ့ သူ့ရဲ့စာပေ ရေးသားမှု တွေကြောင့် ပေးအပ်ခဲ့တာဖြစ်တယ်လို့ ကော်မတီက ဆိုပါတယ်။ သူ့ကို ကျနော်တို့နိုင်ငံ ဗြိတိသျှ ကိုလိုနီ လက်အောက်က လွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်မှာ ယူကရိန်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး ဆိုဗီယက် ယူနီယံ အုပ်ချုပ်မှုတလျှာက်လုံး ဘယ်လ်လာရုနိုင်ငံမှာ ကြီးပြင်းခဲ့တာဖြစ်ပါတယ်။ အခြေခံအရ စိတ်ကူးယဉ်မဟုတ်တဲ့ စာတွေ ဥပမာ ဒုတိကမ္ဘာစစ် အဖြစ်အပျက်တွေ၊ ဆိုဗီယက် အာဖဂန်စစ်ပွဲ၊ ရှန်နိုဗိုင်းလ် နျူကလီးယာ ပေါက်ကွဲမှု မျိုးတွေနဲ့ ဆိုဗီယက် ကွန်မြူနစ်ဝါဒ ပြိုလဲမှု တွေကို တစိုက်မတ်မတ်ရေးသားခဲ့တဲ့ စာရေးဆရာမ ကြီးဖြစ်ပါတယ်။

သူ့ရဲ့ ပထမဆုံး ၀တ္ထုကြီးဖြစ်တဲ့ “မိန်းမ မဆန်တဲ့ စစ်မျက်နှာ” လို့ နာမည်ပေးထားတဲ့ စုံစမ်းမေးမြန်းမှု အခြေပြု ၀တ္ထုကြီးကို ၁၉၈၅ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကာလ နာဇီတွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ အမျိုးသမီးတွေ အကြောင်းကို ရေးသားခဲ့တာဖြစ်ပါတယ်။ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီကတော့ သူ့ရဲ့ အသံစုံအောင် ရေးဖွဲ့နိုင်စွမ်းနဲ့ အဲဒီခေတ်အခါ ရဲ့ ဒုက္ခတရားနဲ့ သတ္တိစွမ်းအားတွေအတွက် အထိမ်းအမှတ် တခုဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

ကမ္ဘာပေါ်က လူသားတွေ အတွေ့အကြုံအရ သင်ခန်းစာရယူစရာတွေ အများကြီးကို ရေးသားခဲ့တဲ့ စာရေးဆရာမကြီးဖြစ်တဲ့အတွက် နိုဘယ်လ်စာပေဆုကြီးနဲ့ ထိုက်တန် တယ်လို့ ပြောရမှာဖြစ်ပါတယ်။ သူကတော့ စာပေပညာနဲ့ လူ့လောကကို အကျိုးပြုတဲ့ ပညာရှင်ပါ။

ရူပဗေဒ၊ ဓာတုဗေဒနဲ့ ဆေးဝါးပညာရှင်တွေဟာလည်း သူတို့ ကျွမ်းကျင်နှံ့စပ်တဲ့ သိပ္ပံပညာရပ်တွေကို ဘ၀တလျှောက်လုံး အချိန်ပေးလေ့လာ စူးစမ်းစမ်းသပ် အခက်အခဲ အတားအဆီးတွေကို ဖြတ်ကျော်ပြီး အခုလို နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီကို အမည်စာရင်းတင်သွင်းခံခဲ့ကြရတဲ့အထိ စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့လို့ ဆိုတာတော့ ရှင်းပါတယ်။

လူတယောက်ဟာ သူစိတ်ဝင်စားတဲ့ ပညာရပ်တခုကို စူးစူးနစ်နစ် အချိန်ပေးလေ့လာရမယ်၊ စမ်းသပ် အသုံးချကြည့်ရမယ်။ တွေ့လာတဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရမှာဖြစ်သလို တွေ့လာတဲ့ ဒုက္ခသုက္ခတွေကိုလည်း ခံခဲ့ရမှာဖြစ်ပါတယ်။ အဲဒီလို ကိုယ်ကျွမ်းကျင်နှံ့စပ်တဲ့ ပညာနဲ့ ကျားကုတ်ကျားခဲကြိုးစားပြီး ကမ္ဘာပေါ်က လူသားတွေ အားလုံးအတွက် အကျိုးပြုခဲ့၊ ပြုနေတဲ့ ပညာရှင်တွေကို ထိုက်ထိုက်တန်တန် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးအပ်တာကို ကြိုဆို အားပေးရမှာ ဖြစ်သလို အဲဒီလို လုပ်လာတာမဟုတ်ဘဲ ကံအားလျှော်စွာ နယ်ပယ်တခုမှာ နာမည်ရ ပြီး ကမ္ဘာပေါ်က လူသားတွေ အားလုံးအတွက်မဆိုထားနဲ့ ကိုယ့်တိုင်းပြည်က ပြည်သူလူထု အတွက် ဘာမှ မယ်မယ်ရရ မလုပ်ရသေးတဲ့ သူမျိုးတွေကို နိုဘယ်လ်ဆု မပေးမိဖို့ အရေးကြီးတယ်လို့ ပြောရမှာမှာပဲ။ မစ္စတာ နိုဘယ်လ် ထားရှိခဲ့တဲ့ ရည်ရွယ်ချက်နဲ့ ဆုရဲ့ဂုဏ်သိက္ခာကို ကျဆင်းမသွားစေချင်လို့ပါ။ ဒါကိုလည်း နိုဘယ်လ်ဖောင်ဒေရှင်းနဲ့ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက သတိကြီးကြီးထားရမှာဖြစ်ပါတယ်။ အထူးသဖြင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုမျိုးကို ရွေးချယ်ပေးအပ်ရာမှာ နိင်ငံတကာ အမြင် လူ့လောက တခုလုံးလွှမ်းခြုံ အမြင်တွေရှိရမှာဖြစ်ပါတယ်။ ဘာမှ မလုပ်ရသေးဘဲ အနာဂတ်မှာ လုပ်လာနိုင်ခြေရှိတာ၊ ဖြစ်လာနိုင်ခြေရှိတာတွေကို တွက်ဆပြီး တကယ့်လုပ်ဆောင်ပြီးသားအလုပ်ကို အဓိက မစဉ်းစားဘဲ နိုဘယ်လ်ဆုကို ပေးမယ်ဆိုရင်တော့ သေဆုံးသွားပြီးဖြစ်တဲ့ မစ္စတာ နိုဘယ်လ်ကို အလွန်အားနာစရာ ဖြစ်ပါလိမ့်မယ်။

ခုထိပေးခဲ့ပြီးသားဆုတွေမှာ သိပ္ပံပညာရပ်ဆိုင်ရာဆုတွေနဲ့ စာပေဆိုင်ရာဆုတွေမှာ တကယ်မှန်ကန်ခဲ့ အတိမ်းအစောင်းမရှိခဲ့တဲ့ နိုဘယ်လ်ဆုရွေးချယ်ရေး ကော်မတီမှာ အမြင့်ဆုံးဖြစ်တဲ့  နိုဘယ်လ်ငြိမ်းချမ်းရေးဆုကြီးကို ရွေးချယ်ပေးအပ်ခဲ့ရာမှာတော့ အတိတ်က ချို့ယွင်းအားနည်းချက် အမှားအယွင်းမကင်းခဲ့ဘူးလို့ ပြောလို့ရတဲ့အချက်တွေ ရှိခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကို နိုင်ငံရေးလေ့လာသုံးသပ် သိမီတဲ့ သူတွေလည်း တွေ့မြင်ပြီးဖြစ်မယ်လို့ ထင်ပါတယ်။

ဒီ၂၀၁၅ ခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် ၇ ရက်နေ့အထိ ထိပ်ဆုံးနာမည်ပေါက်နေသူတွေကတော့ ဂျာမနီ ၀န်ကြီးချုပ် အင်ဂျလာ မာကဲလ်၊ ကိုလန်းဘီးယား သမ္မတ ဂျူအန်မင်နျူလ်ဆန်းတော့စ်၊ ဖားစ် (FARC) သူပုန်အဖွဲ့ခေါင်းဆောင် တီမိုလီယွန်ရီမင်နက်ဇ်၊ ရုရှား အတိုက်အခံသတင်းစာ နိုဗာရာ ဂဇက်တာကို တည်ထောင်သူတဦးဖြစ်ပြီး အယ်ဒီတာချုပ်လည်းဖြစ်တဲ့ ဒမီထရီမူရာတော့ဗ်၊ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်၊ ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းပြီး စစ်ဆန့်ကျင်ရေး ကြိုးပမ်းအားထုတ်နေတဲ့ အာတစ်ကယ် ၉

(The Article 9 Association) အဖွဲ့ စတဲ့သူတွေ ပါဝင်နေကြပြီး နော်ဝေ နိုဘယ်လ်ဆုရွေးချယ်ရေး အဖွဲ့က ဒီနှစ်အတွက် အမည်စရင်းတင်သွင်းသူတွေထဲမှာ ၂၀၀၉ ခုနှစ် သမ္မတ ရာထူးရပြီးချိန်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရပြီးဖြစ်တဲ့ အမေရိကန်သမ္မတ ဘားရက် ဟူစိန် အိုဘားမားလည်း ပါတယ်လို့ ကြေညာထားပါတယ်။ ခုနောက်ဆုံး အောက်တိုဘာလ ၉ ရက်နေ့အထိ ရောက်လာတဲ့အချိန်မှာတော့  ထိပ်ဆုံးရနိုင်သူ ၂ ဦးဟာ အမေရိကန်လုံခြုံရေး အေဂျင်စီ ရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချထွက်ပြေးပြီး နိုင်ငံရပ်ခြားမှာ ခိုလှုံနေတဲ့ လုံခြုံရေးအေဂျင်စီ ၀န်ထမ်းဟောင်း အက်ဒ်ဝပ် စနိုဒင် နဲ့ ဂျာမဏီ ၀န်ကြီးချုပ် အင်ဂျလာမာကဲလ်တို့ ဖြစ်တယ်လို့ ဆိုလာပါတယ်။

ကျနော်အထက်မှာ တင်ပြခဲ့သလို နိုဘယ်လ်ငြိမ်းချမ်းရေးဆုလို ဆုမျိုးကို ပေးအပ်ဖို့ ရွေးချယ်ရာမှာ နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီအနေနဲ့ အထူးသတိထားလေ့လာ အကဲဖြတ်ဖို့လိုအပ်ပါတယ်။ တကမ္ဘာလုံးနဲ့ သက်ဆိုင် တကမ္ဘာလုံးငြိမ်းချမ်းရေးအတွက် အကျိုးရှိစေတဲ့ လုပ်ဆောင်မှုကို တကယ့်စိတ်ရင်းစေတနာရှိရှိ ကြိုးစားအားထုတ်ခဲ့သူ၊ အားထုတ်နေသူ ဟုတ်မဟုတ် အသေအချာ စိစစ်စစ်ဆေးဖို့ လိုအပ်ပါတယ်။

အခု ၂၀၁၅ ခုနှစ်မှာတော့ နော်ဝေ နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက ရွေးချယ်မှု မှန်ကန်တယ်လို့ ပြောရမယ်ထင်ပါတယ်။ အမည်စာရင်းတင်သွင်းခံထားရသူတွေ ထိပ်ဆုံးက လူတွေရော အောက်က လူတွေကိုပါ မရွေးချယ်ဘဲ အာရပ်နွေဦးတော်လှန်ရေး အစ တူနီးရှား နိုင်ငံ ရဲ့ ဘက်ပေါင်းစုံက အခက်အခက်အကြပ်အတည်းတွေ့နေရတဲ့အချိန်မှာ ကြားက အရပ်ဘက် စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့ ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးအဖွဲ့ကို ၂၀၁၅ ခုနှစ်ရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုကို ပေးအပ်ခဲ့ပါတယ်။ ရွေးချယ်ရေးအဖွဲ့ရဲ့ဥက္ကဋ္ဌက တညီတညွတ်တည်း ထောက်ခံရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီလေးပွင့်ဆိုင်အဖွဲ့ဖြစ်တဲ့ တူနီးရှား အထွေထွေ အလုပ်သမားသမဂ္ဂ (UGTT) ဟာ တူနီရှားစက်မှု လုပ်ငန်း ကွန်ဖက်ဒရေးရှင်း၊ ကုန်သွယ်မှုနဲ့ လက်မှုအနုပညာ အဖွဲ့(UTICA)၊ တူနီးရှား လူ့အခွင့်အရေးအဖွဲ့ချုပ်( LTDH) နဲ့ တူနီးရှားရှေ့နေများအဖွဲ့တို့ ပေါင်းစည်းထားတဲ့ လေးပွင့်ဆိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့က တူနီးရှားနိုင်ငံ ပြိုကွဲလုဆဲဆဲ ဖြစ်နေချိန်မှာ ဒီမိုကရေစီကကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို တညီတညွတ်တည်း ဆုံးဖြတ်ကူးပြောင်းစေခဲ့ပြီး နိုင်ငံကို လူမျိုးပေါင်းစုံ လွတ်လပ်စွာ ယှဉ်တွဲနေထိုင်နိုင်တဲ့ (ဗဟုစနစ်)ကို ကျင့်သုံးတဲ့ နိုင်ငံတနိုင်ငံအဖြစ်ပြောင်းလဲ တည်ဆောက်ဖို့ အဓိက အားပေးဆောင်ရွက်ခဲ့တဲ့အတွက် ဒီနိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဖွဲ့အဖွဲ့ဝင်တွေက လုံးဝ မျှော်လင့်မထားခဲ့ကြဘူးလို့ ဆိုပါတယ်။

ဒီတော့ ဒီနှစ်အတွက် နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့ရဲ့ စိစစ်ရွေးချယ်မှုတွေဟာ ကောင်းမွန်မှန်ကန်ခဲ့တယ်လို့ပဲ ပြောရမှာပါပဲ။

စိုးနေလင်း

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013