
ဂျပန်နိုင်ငံအခြေစိုက် ဒိုင်ဝါအုပ်စု ကုမ္ပဏီဟာ လာမယ့်ဒီဇင်ဘာလမှာ စတင်မယ့် မြန်မာစတော့အိပ်ချိန်း ဈေးကွက်မှာ ပထမဆုံး လိုင်စင်ရကုမ္ပဏီ ဖြစ်လာမယ်လို့ ဂျပန်နိုင်ငံ အခြေစိုက် Nikkei Asian Review သတင်းမှာ ဖော်ပြပါတယ်။
ဂျပန်နိုင်ငံအခြေစိုက် ဒိုင်ဝါအုပ်စု ကုမ္ပဏီဟာ မြန်မာ့စီးပွားရေးဘဏ်နဲ့ ပူးပေါင်းပြီး ဖက်စပ်လုပ်ငန်း လုပ်ကိုင်မှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ရန်ကုန်စတော့အိပ်ချိန်းဈေးကွက်ကို လုပ်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ဟာ ဂျပန်နိုင်ငံ ဒိုင်ဝါ-သုတေသနဌာနနဲ့ အကျိုးတူပူးပေါင်း လုပ်ဆောင်နိုင်ဖို့ ၂၀၁၃ ခုနှစ် စက်တင်ဘာလမှာ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအနေနဲ့ မြန်မာ့စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်းနဲ့ ဒိုင်ဝါသုတေသန ကုမ္ပဏီက ၃၀ ဒသမ ၂၅ ရာခိုင်နှုန်း၊ ဂျပန်စတော့အိပ်ချိန်း ဖက်စပ်ကုမ္ပဏီက ၁၈ ဒသမ ၇၅ ရာခိုင်နှုန်း အသီးသီး ထည့်ဝင်ထားတယ်လို့ ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
စတော့အိပ်ချိန်းဈေးကွက်လုပ်ငန်း ၄ ခုအတွက် ကုမ္ပဏီ ၅၇ ခုက လုပ်ငန်းလုပ်ကိုင်ခွင့် လျှောက်ထားခဲ့ကြပြီး အာမခံလုပ်ငန်းအတွက် ကုမ္ပဏီအခု ၂၀၊ အရောင်းကိုယ်စားလှယ် လုပ်ငန်းအတွက် ကုမ္ပဏီ ၂ ခု၊ ကြားခံပွဲစား လုပ်ကိုင်ခွင့်အတွက် ကုမ္ပဏီ ၅ ခုနဲ့ အတိုင်ပင်ခံ လုပ်ငန်းအတွက် ကုမ္ပဏီ အခု ၃၀ လျှောက်ထားခဲ့ကြတယ်လို့ မြန်မာ ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေး ကော်မရှင်က ပြောပါတယ်။
ရန်ကုန်စတော့အိပ်ချိန်းကို မူလက ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ စတင်နိုင်မယ်လို့ ရည်ရွယ်ထားတာ ဖြစ်ပေမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကြောင့် ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။











