DVB Logo
Home
Lead Story
အမျိုးသမီးထုမဲရရေးနဲ့ မွန်အမျိုးသားတွေ မဲရရေးကို လိုလားပါတယ် - မိသန်းရှင်
DVB
·
October 8, 2015
အမျိုးသမီးထုမဲရရေးနဲ့ မွန်အမျိုးသားတွေ မဲရရေးကို လိုလားပါတယ် - မိသန်းရှင်
Donate to DVB

လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ကြမယ့်အနက် မြန်မာနိုင်ငံရဲ့ ပထမဆုံးနဲ့ တခုတည်းရှိတဲ့ အမျိုးသမီးပါတီ (မွန်) လည်း ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးပါတီအတွက် ပထမဆုံးအကြိမ် ရွေးကောက်ပွဲအကြို ဖြတ်သန်းမှုအခြေအနေကို ပါတီဥက္ကဋ္ဌ မိလယိုင်မွန် (ခေါ်) မိသန်းရှင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါ်သန်းရှင်တို့ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးကာလ ကြုံတွေ့ဖြတ်သန်းရာမှာ အဆင်ချောတာ၊ မချောတာ ဘယ်လိုရှိပါသလဲ။

"ကျမတို့မှာကျတော့ အဆင်ပြေပါတယ်။ ယူထားတဲ့နေရာကလည်း ၄ နေရာပဲဆိုတော့၊ နောက်ပြီးတော့ နေရာကလည်း အလယ်မှာကျတယ်၊ အစွန်အဖျား မဟုတ်ဘူးဆိုတော့ ကျမတို့မှာ အခက်အခဲတော့ သိပ်မရှိပါဘူး။"

ပထမဆုံး အမျိုးသမီးပါတီဆိုတော့ အမျိုးသမီးချည်းသက်သက် ယှဉ်ပြိုင်တဲ့အခါမှာ ဘာတွေ ဖြည့်တင်းဖို့ လိုတယ်လို့ မြင်တွေ့ရသလဲ။

“ကျမတို့ ပထမဆုံး ၀င်ပြိုင်ရာမှာ ပထမ ကျမတို့ ရည်ရွယ်ထားတာက ကိုယ်စားလှယ်လောင်း အများကြီးပေါ့။ ဒါပေမယ့် ကျမတို့ မှတ်ပုံတင်ကျတာက ၇ လပိုင်း ၁၆ ရက်နေ့ပေါ့။ အဲဒီမှာ မှတ်ပုံတင်ကျတယ်ဆိုတော့ ရွေးကောက်ပွဲ ကိုယ်စားလှယ်စာရင်း တင်ကြတာ ၈ လပိုင်း၊ ကျမတို့ အချိန်သိပ်မရလိုက်ဘူးလေ။ အချိန်သိပ်မရလိုက်လို့ ပါတီတည်ထောင်တဲ့ပုံစံနဲ့ပေါ့၊ ပါတီမြဲအောင် ၃ နေရာ ၀င်ပြိုင်မယ်ဆိုတဲ့ အနေအထားလောက်ကိုပဲ ကျမတို့ လုပ်သွားတယ်။ အခု ၄ နေရာလောက်ပဲ ကျမတို့ ပြိုင်ဖြစ်သွားတာပါ။ အစီအစဉ်ကတော့ တကယ်လို့ မှတ်ပုံတင်ကျတာ စောမယ်ဆိုရင် ကျမတို့ တခြားပါတီလိုမျိုးပဲ လူတွေအများကြီး တန်းစီနိုင်မှာပါ။ အခုတော့ အချိန်သိပ်မရလိုက်လို့ ကျမတို့ပါတီမှာရှိတဲ့လူကို ပါတီထိန်းပုံစံနဲ့ပဲ ကျမတို့ သွားခဲ့တာပဲ။”

အမျိုးသမီးပါတီတရပ်အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားတဲ့အခါမှာ တကယ့်မြေပြင်ကွင်းဆင်းမှုမှာ အမျိုးသမီးတွေချည်းပဲ ဆောင်ရွက်တာ အဆင်ပြေလား။ အမျိုးသားတွေကရော ကူညီကြသလား။

“ကျမတို့ အမျိုးသမီးတွေပဲ သွားနေတာပေါ့နော်။ ဒါပေမယ့် အကူအညီလိုအပ်တဲ့ နေရာကျတော့ အမျိုးသားတွေမှာလည်း ကျမတို့ အကူအညီတောင်းရတဲ့ အနေအထားမှာ ရှိပါတယ်။”

ဘယ်မြို့နယ်တွေမှာ ဘယ်နေရာတွေအတွက် ယှဉ်ပြိုင်သလဲ သိချင်ပါတယ်ခင်ဗျ။

“မွန်ပြည်နယ်မှာ ၃ နေရာနဲ့ တနင်္သာရီတိုင်းမှာ ၁ နေရာပါ။ မွန်ပြည်နယ်မှာဆိုရင် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ တနင်္သာရီတိုင်းမှာ ရေဖြူမြို့နယ်။ လူလေးဦး ပြိုင်ဖြစ်သွားတာပါ။ သံဖြူဇရပ်မှာကျတော့ အမျိုးသားလွှတ်တော်၊ မုဒုံမှာ ပြည်သူ့လွှတ်တော်၊ ကျိုက်မရောမြို့နယ်မှာ အမျိုးသားလွှတ်တော်၊ တနင်္သာရီတိုင်း ရေဖြူမှာ အမျိုးသားလွှတ်တော်ပါ။”

ပါတီရဲ့ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကြွေးကြော်သံဆောင်ပုဒ်က ဘာလဲခင်ဗျ။

“အမျိုးသမီးတွေမဲရရေး၊ နောက်ပြီးတော့ ကျမတို့ မွန်ပြည်နယ်မှာ ရှိတဲ့အတွက် မွန်ဒေသမှာ မွန်တွေမဲရဖို့ ကျမတို့ ကြွေးကြော်ပေးရမယ်။ ဘာဖြစ်လို့လဲဆို နယ်မြေအေးချမ်းဖို့လေ။ အဲဒါကျတော့ ပါတီမူဝါဒမှာ အောက်ဆုံးပိုဒ်မှာရှိတယ်။ နယ်မြေအေးချမ်း၊ ငြိမ်းချမ်းဖို့ဆိုတာ တခုရှိတယ်။ တကယ်လို့ ကျမတို့ အဲသလို မကြွေးကြော်ဘူးဆိုရင် မွန်တိုင်းရင်းသားကိုယ်စားလှယ်တွေ မထွက်လာနိုင်ဘူး အနေအထားမှာ ရှိနေတယ် လက်ရှိကာလမှာ။ အဲဒါကြောင့် ကျမတို့ ကြွေးကြော်သံ ၂ ခု ဖြစ်နေတယ်ပေါ့နော်။ အမျိုးသမီးထုဆိုတာ မွန်ရယ်လို့ မဟုတ်ပါဘူး။ တခြားတိုင်းရင်းသား အကုန်လုံးပေါ့။ အမျိုးသမီးနဲ့ဆိုင်တဲ့ အမျိုးသမီးထု မဲရရေးနဲ့ မွန်အမျိုးသားတွေ မဲရရေးဆိုတဲ့ ကြွေးကြော်သံ ၂ ခု ရှိပါတယ်။”

ဖြတ်သန်းမှုအရ တခြားထူးခြားတာ ဘာရှိသေးလဲ။

“ဖြတ်သန်းမှုကတော့ ဘယ်လိုပြောရမလဲဆိုရင် သိပ်ကြီးလည်း အခက်အခဲချည်းလည်း မဟုတ်ဘူးပေါ့နော်။ ဒါပေမယ့် ပါတီအစဆိုတော့ လူမငြိမ်တာတို့ အဲလိုမျိုး ရှိတယ်ပေါ့။ ကျမတို့ အမျိုးသမီးတွေကျတော့ နိုင်ငံရေး အားလုံးဟာ ဘယ်လိုပြောမလဲဆိုရင် အဖြူထည်ချည်းပဲ ဖြစ်နေတယ်။ နိုင်ငံရေးအတွေ့အကြုံက နည်းတယ်ဆိုတော့ အဲဒီမှာ ပါတီတခုကို သွားတဲ့နေရာမှာ တခါတလေ အသင်းအဖွဲ့တွေပဲ လာခဲ့ကြတယ်။ ပါတီအနေအထားကျတော့ သူတို့ မလုပ်ဖူးဘူးဆိုတော့ အဲဒီနေရာလေးမှာ အခက်အခဲရှိပါတယ်။ ပါတီတတ်တဲ့နေရာမှာ ဘယ်လိုပြောမလဲဆိုရင် အမျိုးသားတွေ ပါတီလိုမျိုးပဲ ကျမတို့ သွားရတဲ့အခါကျရင် ကျမတို့မှာ အခက်အခဲ ရှိပါတယ်။ အဲဒါကျတော့ ကျမတို့ ကျမ ၀န်ခံပါတယ်။ ဘာဖြစ်လဲဆိုတော့ ကျမတို့က အတွေ့အကြုံ နည်းတယ်ဆိုတော့နော် ပါတီကြီးလိုမျိုး၊ အမျိုးသားတွေ ပါတီတွေကျတော့ သူတို့က ၀ါရင့်တာလည်းဖြစ်တယ်။ သူတို့အတွေ့အကြုံလည်းရှိတယ်။ ကျမတို့အမျိုးသမီးတွေက ဘယ်လိုပြောမလဲ မီးဖိုချောင်က ထွက်စတွေဖြစ်တယ်ဆိုတော့ ပါတီတခုကို သွားတဲ့နေရာမှာကျတော့ ကျမတို့မှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒါကျတော့ အမျိုးသား၊  အမျိုးသမီးရယ်လို့ မဟုတ်ပါဘူး၊ ကျမတို့ရဲ့ အတွေ့အကြုံနုသေးတဲ့အပေါ်မှာ အများကြီး မူတည်ပါတယ်နော်။”

ဒီတကြိမ် ၂၀၁၅ မှာ အတွေ့အကြုံရပြီဆိုလို့ရှိရင် ၂၀၂၀ ရွေးကောက်ပွဲကျရင် တဖြည်းဖြည်းချင်း တိုးတက်သွားမယ့်သဘော ရှိတာပေါ့နော်။

“ဟုတ်ကဲ့။ အခုက ကျမတို့ ၄ ဦးဆိုပေမယ့် ကျမတို့ စည်းရုံးရေးဆင်းတဲ့အခါကျရင် ကျမတို့ပါတီအတွက်ချည်းပဲ စည်းရုံးပေးနေတာ မဟုတ်ဘူးလေ။ အမျိုးသမီးထုအားလုံးအတွက် ကျမတို့ စည်းရုံးပေးနေတာပါ။ အမျိုးသမီး၊ အမျိုးသား မျှမျှတတ မဲပေးဖို့ဆိုတာ ကျမတို့ စည်းရုံးသွားတယ်။ နောက်ပြီးတော့ ကျမတို့မှာ မွန်ပါတီ ၂ ပါတီရှိတယ်။ ကျမတို့ထက်အရင် ရွေးကောက်ပွဲဝင်မယ့် ၂ ပါတီရှိတယ်။ ဒေသလုံးဆိုင်ရာ မွန်ဒီမိုကရေစီပါတီနဲ့ မွန်အမျိုးသားပါတီဆိုပြီးတော့ ၂ ပါတီရှိတယ်။ သူတို့မှာလည်း အမျိုးသမီးတွေ များများပါဝင်နိုင်အောင် ကျမတို့က။ ကျမတို့မှာကျတော့ ယူမယ့်အချိန်မရှိ၊ မရလိုက်ဘူးပေါ့နော် အချိန်ကနည်းတော့။ သူတို့ပါတီမှာ မိန်းကလေးတွေများလာအောင် ကျမတို့ သူတို့ကို တောင်းဆိုတဲ့ အပိုင်းလေးတွေ ရှိပါတယ်။ နောက်ပြီးတော့ ကျမတို့ စည်းရုံးရေးဆင်းတဲ့ အခါကျရင် အမျိုးသား၊ အမျိုးသမီး မျှမျှတတ မဲပေးပါဆိုတာ အဲဒါပဲ စည်းရုံးရေးဆင်းတာလေ။ ကျမတို့ကို မဲပေးပါဆိုတဲ့ ပုံစံနဲ့ စည်းရုံးရေးဆင်းနေတာ မဟုတ်ဘူး။ ကျမတို့ မဲရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အမျိုးသမီးထုတွေ မဲရဖို့ ကျမတို့ စည်းရုံးရေး ဆင်းပေးနေတာပါ။ နောက်ပြီးတော့ ကျမတို့ ဒီပါတီဖွဲ့ထားတာ ဒီရွေးကောက်ပွဲအတွက် သက်သက်မဟုတ်ပါဘူး။ အမျိုးသမီးကဏ္ဍကို မြှင့်တင်ချင်တဲ့ အနေအထားပါ။ အခုရွေးကောက်ပွဲဆိုတာ အချိန်အခါနဲ့ ကိုက်ညီနေလို့ပေါ့နော် ကျမတို့ ရွေးကောက်ပွဲ ၀င်ရတာပေါ့နော်။ ကျမတို့ပါတီ စတည်ထောင်တာကတော့ အမျိုးသမီးကဏ္ဍမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာ အမျိုးသားတွေနဲ့ တန်းတူရဖို့ဆိုတဲ့ ရည်ရွယ်ချက်တခုနဲ့ပဲ ကျမတို့  ဒီပါတီဖွဲ့ခဲ့တာပါပဲ။”

အရပ်ဘက်လူမှုအဖွဲ့အစည်းတွေလို ပါတီစုံရွေးကောက်ပွဲအချိန်မရှိလည်း အမျိုးသမီးဘ၀ မြှင့်တင်ရေးလုပ်ငန်းတွေကို ပုံမှန်လုပ်ဆောင်သွားမယ့် သဘောပေါ့နော်။

“ဟုတ်တယ်၊ ပုံမှန်သွားမယ်။ ကျမတို့ပါတီကြီးလိုမျိုးပဲ ကျမတို့ သွားမယ်လေ။ ရွေးကောက်ပွဲကျတော့ ၄ နေရာထဲရပေမယ့် ကျမတို့မှာ ပါတီငယ် မဟုတ်ပါဘူး။ ပါတီဝင်လည်း အများကြီးပါ။ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ် အစုံပေါ့။ အဲဒီမှာ ကျမတို့လည်း ပါတီကြီးတခုပါပဲ။ နောက်ပြီးတော့ ကျမတို့ တခြားတိုင်းရင်းသားတွေပေါ့နော်။ အဲဒါ သူတို့စိတ်ဝင်စားလာမယ်ဆိုလို့ရှိရင် ပုံစံအသစ်နဲ့သွားမယ့် အနေအထားပေါ့လေ။ အဲဒီလိုမျိုး လက်ကမ်းကြိုဆိုဖို့ အများကြီးရှိပါတယ်။ ဒါပြီးလို့ရှိရင် ကျမတို့ အများကြီး ချဲ့လုပ်သွားမယ့် အနေအထား ရှိပါတယ်။ ကျမတို့ပါတီက ပါတီသေး မဟုတ်ပါဘူး။ ဒါပေမယ့် အစဆိုတော့ ကျမတို့က အခက်အခဲတွေတော့ ရှိတာပေါ့နော်။ ဒီကြားထဲမှာ ဒီအခက်အခဲကြားက နေပြီးတော့ ကျမတို့ ဖြတ်သန်းရမှာပဲ။ ကျမတို့လုပ်ငန်းကျတော့ အမျိုးသမီးထုအားလုံး အခွင့်အရေးခံစားရတဲ့ အထိကို ကျမတို့ ကြိုးစားသွားမှာပါ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013