DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ဖမ်းဆီးစဉ် သေဆုံးသွားသူ၏ အလောင်းပြန်ဖော်၊ လူသတ်မှုဖြင့် အမှုဖွင့်
DVB
·
October 8, 2015
စစ်တပ်က ဖမ်းဆီးစဉ် သေဆုံးသွားသူ၏ အလောင်းပြန်ဖော်၊ လူသတ်မှုဖြင့် အမှုဖွင့်
1 / 2
Donate to DVB

စစ်တပ်က ဖမ်းဆီးစဉ် သေဆုံးသွားတဲ့ ဦးတူးဂျာအလောင်းကို မိသားစုတွေဆီ ပြန်ပေးပြီး ရဲတပ်ဖွဲ့ဝင်တွေက လူသတ်မှုနဲ့ အမှုဖွင့်လိုက်ပါတယ်။

ကချင်ပြည်နယ် ကာမိုင်းမြို့ ဇီးကျွန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံ ၄ ဦးကို အစိုးရ ခြေလျင် တပ်ရင်း ၂၅၀ က ဗိုလ်မှူးရဲကျော်သူတို့အဖွဲ့ကနေပြီး ဇွန် ၁၉ ရက်နေ့က  ဖမ်းဆီး ခေါ်ဆောင်သွားပြီး ဖမ်းဆီးထားစဉ်အတွင်းမှာပဲ  ဦးတူးဂျာ သေဆုံးသွားခဲ့ပါတယ်။

ဒီသေဆုံမှုနဲ့ ပတ်သက်ပြီး ဦးတူးဂျာရဲ့ မိသားစုဝင်တွေက ကာမိုင်းရဲစခန်းကို သွားရောက် အမှုဖွင့်ခဲ့သလို အလောင်းပြန်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ရဲစခန်းက အစောပိုင်း လူပျောက်မှုနဲ့ အမှုဖွင့်ခဲ့ပြီး အလောင်းရဖို့ တောင်းဆိုရာ ဒီအောက်တိုဘာ ၅ ရက်နေ့က စစ်တပ်ကနေပြီး အလောင်းကို မြှုပ်ထားခဲ့တဲ့ နေရာကို သွားပြပြီး အလောင်းကို ပြန်လည်တူးဖော်ခဲ့သလို ရဲစခန်းကလည်း လူသတ်မှုနဲ့ အမှုဖွင့်ထားတယ်လို့ ဒီကိစ္စကို လိုက်ပါကူညီပေးနေတဲ့ ရှေ့နေ ဦးမာခါးက ပြောပါတယ်။

[caption id="attachment_115470" align="alignright" width="720"]ရှေ့နေ ဦးရောဘတ်ဆန်းအောင်နှင့် ဦးတူးဂျာ၏ ကျန်ရစ်သူမိသားစု ရှေ့နေ ဦးရောဘတ်ဆန်းအောင်နှင့် ဦးတူးဂျာ၏ ကျန်ရစ်သူမိသားစု[/caption]

“စစ်တပ်ကနေ ပြန်ပေးတာပေါ့။ သူတို့ ၀န်ခံတာပေါ့နော်။ ဒီဟာကို သူတို့ ဘယ်မှာမြှုပ်ထားတယ် ဆိုတာ သူတို့စစ်သားကိုယ်တိုင် လိုက်ပြတယ်။ ရဲတွေ၊ တရားသူကြီးနဲ့ ဆရာဝန်တွေပါပြီးမှ အလောင်းဖော်ကြတာပေါ့။ ဒါပေမယ့် အလောင်းဖော်တဲ့နေရာမှာ မိသားစုနဲ့ သက်တိုင်တဲ့သူတွေချည်းပဲ သွားပြီး ကျန်တဲ့သူကို ဘယ်သူ့ကိုမှ ကြည့်ရှုခွင့်မပေးဘူးပေါ့နော်။ အခု ရဲစခန်းမှာက ပ၂၃/၂၀၁၅ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ လူသတ်မှုနဲ့ ရဲစခန်းက အမှု ဖွင့်ထားတာ ရှိတယ်။ ”

ရဲတပ်ဖွဲ့က လူသတ်မှုနဲ့ အမှုဖွင့်ထားပေမယ့် ဦးတူးဂျာကို ဖမ်းဆီးနှိပ်စက်တဲ့ တပ်ရင်း ၂၅၀ က ဗိုလ်မှူး ရဲကျော်သူကို ဖမ်းဆီးစစ်ဆေးမှုတွေ မလုပ်သေးဘူးလို့ ရှေ့နေ ဦးမာခါးက ပြောပါတယ်။

သေဆုံးသွားသူ ဦးတူးဂျာမှာ သားသမီး ၆ ယောက်ရှိပြီး အငယ်ဆုံးကလေးဟာ လသား အရွယ်ဖြစ်တဲ့အတွက် မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်နေရတယ်လို့လည်း ဦးမာခါးက ပြောပါတယ်။

“အခု ဦးတူးဂျာရဲ့ ကျန်ရစ်တဲ့ ဒီမိသားစုမှာတော့ အရမ်းကို ဒုက္ခရောက်နေတယ်ပေါ့နော်။ ဆင်းရဲတဲ့ မိသားစု ဖြစ်တယ်။ နောက်ပြီး ဆွေမျိုးကြီးတွေ သိပ်မရှိတဲ့အခါကျတော့ ကလေးတွေက ၆ ယောက်ရှိတယ်။ ဆိုတော့ ဒီကလေးတွေရဲ့ ရှေ့ရေးက အရမ်းကို ခက်ခဲသွားပြီ။ ပညာရေး၊ ကျန်းမာရေးက အစပေါ့နော်။ အစိုးရတပ်မတော်ရဲ့ လုပ်ဆောင်မှုကြောင့် ဒီမိသားစုတွေက တော်တော်ကြီးကို ဘ၀ ပျက်တဲ့ အနေအထား ဖြစ်နေတယ်ပေါ့နော်။ ”

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ဇီးကျွန်းရပ်ကွက်နေ ဦးသန်းလွင်၊ ဦးဖိုးသဲနဲ့ ဦးမောင်ကြိုင်တို့ဟာ ဦးတူးဂျာအိမ်မှာ စားသောက်နေကြစဉ်မှာ ခလရ ၂၅၀ က ဗိုလ်မှူးရဲကျော်သူတို့ အဖွဲ့ကနေပြီး  လာရောက်ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူ ၄ ဦးအနက် ဦးတူးဂျာဟာ နှိပ်စက်ခံရတဲ့ဒဏ်နဲ့ ဇွန်လ ၂၆  ရက်နေ့ည က  သေဆုံးခဲ့ပြီး ကျန်တဲ့ ၃ ဦးကိုတော့ ဇွန်လ ၂၈ ရက်နေ့မှာ ငွေ ၅ သောင်းဆီပေးပြီး လွှတ်ခဲ့ပါတယ်။

ဒါပေမယ့် ပြန်လွတ်လာသူတွေဟာ နယ်နှင်ဒဏ်မျိုး ကာမိုင်းကို ပြန်သွားခွင့်မပေးဘဲ တခြားနေရာမှာ သွားနေဖို့ စစ်တပ်က အမိန့်ပေးခဲ့ပါတယ်။

အခုချိန်ထိလည်း ဦးသန်းလွင်၊ ဦးဖိုးသဲနဲ့ ဦးမောင်ကြိုင်တို့ဟာ ကာမိုင်းကို မပြန်လာရဲဘဲ ဖြစ်နေကြတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013