DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်တောင်ပိုင်း အန်စီအေ စာချုပ် လက်မှတ်ထိုးရန် ဆုံးဖြတ်
DVB
·
October 8, 2015
ရှမ်းပြည်တပ်မတော်တောင်ပိုင်း အန်စီအေ စာချုပ် လက်မှတ်ထိုးရန် ဆုံးဖြတ်
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့က ပါဝင်လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အောက်တိုဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ ပါတီခေါင်းဆောင်တွေ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောခွင့်ရသူ ရှမ်းပြည်တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ရှမ်းပြည်နယ် မိုင်းပွန်၊ ခိုလမ် စတဲ့မြို့နယ်တွေဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမယ့်လည်း  ရေရှည်အပစ်ခတ်ရပ်စဲနိုင်ရေး၊ နိုင်ငံရေးပြဿ နာကို တွေ့ဆုံညှိနှိုင်းခြင်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် ပါဝင်လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်တာလို့ သူက ပြောပါတယ်။

“ရေရှည်မှာ တိုက်ပွဲတွေ ရပ်စဲနိုင်ဖို့နဲ့ နှစ်ပေါင်းများစွာ ဖြစ်တည်လာတဲ့ နိုင်ငံရေးပြဿ      နာကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ဖို့အတွက် ဒီနည်းလမ်းက အကောင်းဆုံးပဲလို့ ကျနော်တို့ ဗဟိုကော်မတီဝင်တွေက ဆုံးဖြတ်ပါတယ်။ အခုလို ဆုံးဖြတ်နိုင်ဖို့ ဌာနချုပ် လွိုင်တိုင်းလျဲန်းမှာ အောက်တိုဘာ ၆ ရက်နဲ့ ၇ ရက်က ၂ ရက်တာ ဆွေးနွေးတိုင်ပင်ကြတယ်။ ပထမနေ့မှာ ဗဟိုကော်မတီဝင်ပေါင်း ၂၀ ကျော်ပါတယ်။ ဒုတိယနေ့မှာ အဆင့်မြင့် ကော်မတီဝင် ၁၀ ဦး ထပ်ဆွေးနွေးပြီး အခုလို ဆုံးဖြတ်လိုက်တာဖြစ်တယ်။  စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရွက်စစ် ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက်လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေကြပါတယ်။”

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ရဲ့ ဆုံးဖြတ်ချက်ကြောင့် အန်စီအေစာချုပ်မှာ လက်မှတ်ထိုးမယ့်အဖွဲ့ တဖွဲ့တိုးပြီး ရှစ်ဖွဲ့ လက်မှတ်ထိုးကြမှာ ဖြစ်ပါတယ်။

လက်မှတ်ထိုးပွဲကို နေပြည်တော်မှာ အောက်တိုဘာ ၁၅ ရက်နေ့ ကျင်းပဖို့ရှိပြီး ပြည်တွင်းပြည်ပ အသိသက်သေတွေကို ဖိတ်ကြားပြီး ပရိသတ် ၁၀၀၀ လောက်နဲ့ ကျင်းပဖို့ စီစဉ်နေတယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီကနေ့မှာလည်း ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့နဲ့ မနက်ဖြန် ကျင်းပမယ့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပရေးကော်မတီ အစည်းအဝေးကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။

မကြာသေးခင်က ထိုင်းနိုင်ငံ ချင်းမိုင်မှာကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်များ အစည်းအဝေးမှာ ၇ ဖွဲ့က လက်မှတ်ရေးထိုးမယ်လို့ ကြေညာတာကြောင့် အခုအခါ လက်မှတ်ရေးထိုးမယ့်အဖွဲ့ ထပ်တိုးသွားတာ ဖြစ်ပါတယ်။

တပြည်လုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးကြဖို့ အစိုးရက  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၅ ဖွဲ့ကို ဖိတ်ကြားထားတဲ့အထဲက  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေအန်အယ်လ်အေ-ပီစီ)၊ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (ပီအန်အယ်လ်အို)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) နဲ့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ တောင်ပိုင်း စတဲ့ အဖွဲ့ပေါင်း ၈ ဖွဲ့သာလျှင် ပါင်လက်မှတ် ရေးထိုးကြမှာ ဖြစ်ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေကြချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013