DVB Logo
Home
Lead Story
အန်စီအေစာချုပ်မှာ အားလုံးပါဖို့ အစိုးရက သဘောထားကြီးပေးရမယ် - ဦးမြအေး
DVB
·
October 7, 2015
အန်စီအေစာချုပ်မှာ အားလုံးပါဖို့ အစိုးရက သဘောထားကြီးပေးရမယ် - ဦးမြအေး
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့က တာဝန်ရှိသူတွေဟာ လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ကျရင် နေပြည်တော် အမ်အိုင်စီစီ ၂ မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို ပြည်တွင်းပြည်ပသက်သေတွေ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးကြဖို့ ပြင်ဆင်နေပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၂၁ ဖွဲ့အနက် သုံးဖွဲ့က လက်မှတ်မထိုးဘူးလို့ ထုတ်ပြောထားပြီး ကျန် ၁၅ ဖွဲ့က အန်စီအေစာချုပ်ကို သဘောတူပေမယ့် အဖွဲ့အားလုံးပါဝင် လက်မှတ်ထိုးခွင့် ရဖို့လိုတယ်လို့  သဘောထားထုတ်ပြန်ထားပါတယ်။

ဒီစာချုပ်ရေးထိုးမှုနဲ့ပတ်သက်လို့ ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရေးရာတာဝန်ခံ ဦးမြအေးကို မေးမြန်းထားပါတယ်။

ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) က အောက်တိုဘာ ၁၅ ရက်နေ့ နေပြည်တော်မှာကျင်းပမယ့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို ဖိတ်မယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတဦးက ပြောပါတယ်။ အဲဒီလက်မှတ်ထိုးပွဲမှာ ဘယ်သူတွေ တက်ရောက်ကြမလဲ။

“ကျနော်တို့ဆီကို တရားဝင် ဖိတ်ကြားစာ မရောက်သေးပါဘူးဗျ။ မရောက်သေးတဲ့အခါကျတော့ ကျနော်တို့က ပြောဖို့ စောပါသေးတယ်။ တရားဝင်ဖိတ်ကြားစာ ရောက်လာတဲ့အခါကျမှ ကျနော်တို့ ပြောပါမယ်ဗျ။”

လက်မှတ်ရေးထိုးမယ့်အဖွဲ့တွေထဲက အေဘီအက်စ်ဒီအက်ဖ်က ရှစ်လေးလုံး သမိုင်းဝင် လူထုအုံကြွမှုကနေ ပေါ်ပေါက်လာတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့လည်း အတူတူပေါ့။ ၈၈ ငြိမ်းပွင့်နဲ့လည်း ဦးတည်ချက်တူ အဖွဲ့တွေဆိုတော့ အေဘီအက်စ်ဒီအက်ဖ် ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့  ၈၈ ငြိမ်းပွင့်ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

“ဒီလိုရှိတယ်ဗျ။ ဘာပဲပြောပြော အေဘီအက်စ်ဒီအက်ဖ်တို့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ ဆိုတာ ကျနော်တို့ရဲ့ ညီအကိုတွေပါ။ အဲဒီပါတီတွေမှ မဟုတ်ပါဘူးဗျာ။ ရန်ကုန်မှာဆို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရှိသလို လူ့ဘောင်သစ်ပါတီလည်း ရှိတာပဲလေ။ အဲဒီတော့ ဒါ ကျနော်တို့နဲ့ အရင်တုန်းက အတူတူဖြတ်သန်းလာခဲ့ကြတဲ့ ကျနော်တို့ ညီအစ်ကို ရဲဘော်ရဲဘက် တွေပါ။ တခုရှိတာက အေဘီအက်စ်ဒီအဖက် အခုဒီမှာ ပြည်ထောင်စုအစိုးရအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးစဉ်က ရှစ်ဆယ့်ရှစ်မျိုးဆက်က သက်သေအဖြစ် ပါခဲ့ပါတယ်။ ပါခဲ့တယ်ဆိုတာက သူတို့လုပ်နေတဲ့ နိုင်ငံရေးလမ်းကြောင်းမှာ ကျနော်တို့ညီအကိုအချင်းချင်းမှာ ကျနော်တို့ ၀င်ပြီးတော့ရပ်ပေးတဲ့သဘော ဖြစ်ပါတယ်ဗျ။ အခု ဒီအန်စီအေနဲ့ပတ်သက်ပြီးတော့ လက်မှတ်ရေးထိုးပွဲမှာ အေဘီအက်စ်ဒီအက်ဖ်အနေနဲ့ သူရှေ့ဆက်သွားမယ့် နိုင်ငံရေး လမ်းကြောင်း ခိုင်ခိုင်မာမာရှိမယ်လို့ ကျနော် ယုံကြည်ပါတယ်။ အဲဒီအပေါ်မှာ ကျနော့်အနေနဲ့ ကတော့ အေဘီအက်စ်ဒီအက်ဖ်မို့လို့ မထိုးရဘူး၊ ထိုးရမယ်ဆိုတဲ့စိတ်ဓာတ်မျိုး ကျနော့်မှာ မရှိပါဘူး။ ဒါကတော့လေ။ ဘာလို့လည်းဆို ကျနော့်ရဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျနော့် ညီအကိုတွေကို ကျနော်ယုံကြည်ပါတယ်။”

ရှစ်ဆယ့်ရှစ်မျိုးဆက် (ငြိမ်းပွင့်) အနေနဲ့ အခု အစိုးရက ဖိတ်ကြားတာက ၁၅ ဖွဲ့၊ လတ်တလော လက်ခံတာက ၇ ဖွဲ့၊ ကျန်တဲ့ ကေအိုင်အို၊ ကေအဲန်ပီပီ၊ မွန်ပြည်သစ်ပါတီ စတာတွေ အများကြီး ကျန်နေသေးတာပေါ့။ အားလုံးပါဝင်လက်မှတ်ရေးထိုးကြဖို့ ရပ်တည်နေကြတယ်။ ဒီအခြေအနေမှာ သဘောထား ဘယ်လိုရှိမလဲ။

“အဓိကကတော့ဗျာ။ အခုထိုးမယ့်စာချုပ်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာစာချုပ်လေ။ တနိုင်ငံလုံးချီထားတယ်ဗျာ၊ စကားလုံးကလေ။ တနိုင်ငံလုံးချီထားတဲ့အခါကျတော့ တကယ်တမ်း လက်တွေ့ဘ၀မှာ လက်မှတ်ထိုးတဲ့အဖွဲ့က ပြောမယ်ဆိုလို့ရှိရင် ရှိနေတဲ့အဖွဲ့အစည်းရဲ့ တ၀က်တောင် မရှိဘူးဆိုတဲ့ပုံစံမျိုး သွားတွေ့ရတယ်ဗျာ။ တွေ့တယ်ဆိုတော့ မပြည့်မစုံသော တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်လို့ ပြောလို့ရတာပေါ့ဗျာ။ ဒါကတော့လေ။ အဲဒီ တော့ ကျနော်တို့မှာ စိတ်ပူစရာတွေ၊ စိုးရိမ်စရာတွေတော့ ဖြစ်လာတယ်ဗျ။ အဲဒါဘာလဲဆိုတော့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့အစည်းတွေနဲ့ စစ်မက်ဖြစ်ပွားခြင်းမရှိဘူးပေါ့ဗျာ။ ဒါ တည်ငြိမ်မှုတခု ရမယ်ဆိုပါစို့။ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးလက်မှတ်မထိုးထားတဲ့ အဖွဲ့အစည်းတွေနဲ့ စစ်မက်အရှိန်တွေ မြင့်လာမယ်ဆိုရင် ဒါဟာ ကောင်းတဲ့အလားသဏ္ဍာန် မဟုတ်ဘူး။ စစ်ဘေးဒဏ်ခံပြည်သူတွေရဲ့ အနေအထားကိုကော ပြန်ထည့်တွက်စဉ်းစားမယ်ဆိုရင် ဒါကောင်းတဲ့ အလားသဏ္ဍာန် မဟုတ်ဘူး။ အဲဒီတော့ တော်တော်လေးကိုလည်း ချင့်ချိန် စဉ်းစားပြီးတော့ ဆုံးဖြတ်ရမယ့်အခြေအနေမျိုးပါ ကျနော်တို့ ရှစ်ဆယ့်ရှစ်မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း အနေနဲ့ကတော့လေ။ အဲဒီတော့ တိတိကျကျသဘောထား တရပ်တော့ ကျနော်တို့ လောလောဆယ်အနေအထားမှာ တကယ်ပြောတာပါ မထုတ်ပြန်နိုင်သေးပါဘူး။ သို့သော်လည်းပဲ ကျနော်တို့နိုင်ငံကို ငြိမ်းချမ်းရေးဖြစ်စဉ်တခုကြီးပေါ့ ပီပီပြင်ပြင် ရုပ်လုံး ပေါ်လာစေချင်တယ်။ ကျနော်ဖြစ်ချင်တာကတော့ အားလုံးအဖွဲ့အစည်းတွေ ပါစေချင်တယ်ဗျာ။ တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင် အားလုံးအဖွဲ့အစည်းတွေ မပါလာတဲ့ အကြောင်းရင်း ကလည်း ကျနော်မြင်တာ မယ်မယ်ရရ ဒီဘက်က အစိုးရဘက်က ပေါ့ဗျာ ရှိနေတဲ့အခါကျတော့ ဘယ်လိုလုပ်ပါမလဲဗျာ။ အဲဒီအခါကျတော့လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို လက်မှတ် မထိုးရကောင်းလားဆိုပြီး အပြစ်တင်တဲ့ဟာမျိုးလည်း မဖြစ်စေချင်သလို တဖက်ကလည်း လက်မှတ်ထိုးတဲ့အဖွဲ့အစည်းတွေကို မင်းတို့လက်မှတ်ထိုးရင် သစ္စာဖောက်ဆိုတဲ့ဟာမျိုးက ကျနော်တို့အချင်းချင်းကြားမှာပဲ တနည်းအားဖြင့်ပြောမယ်ဆိုရင် ဒီမိုကရက်တစ်အင်အားစုနဲ့ တိုင်းရင်းသားအင်အားစုက အတူတူပဲလို့ ခံယူတယ်။ အဲဒီတော့ အင်အားစုတွေအကြားမှာ တိုင်းရင်းသားအင်အားစုတွေအချင်းချင်းအကြားမှာ တယောက်ကို တယောက် အပြစ်တွေ တင်ရင်းနဲ့ အချင်းချင်းသွေးကွဲသွားတာမျိုးကျနော် မဖြစ်စေချင်ပါဘူး။ အဲဒီလိုပဲ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေနဲ့တော့မတိုက်ဘူး၊ အဲဒီအားကိုယူပြီး ဒီဘက်က အပစ်အခတ် မရပ်စဲသေးတဲ့ အဖွဲ့အစည်းတွေပေါ်မှာ ထိုးစစ်ဆင်တိုက်ခိုက်လာမယ့် ဖြစ်ရပ်မျိုးကိုလည်း ကျနော် လက်မခံနိုင်ပါဘူးဗျ။ တော်တော်စိုးရိမ်ပါတယ်ဗျ ကျနော်တို့။”

အန်စီအေစာချုပ်အပြီး နိုင်ငံရေးမူဘောင်ရေးဆွဲပွဲတွေ၊ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ဖွဲ့စည်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေစတဲ့ ဖြစ်စဉ်ကို အကောင်အထည်ဖော်ကြတဲ့အခါ အန်စီအေထိုးတဲ့ အဖွဲ့တွေနဲ့ မထိုးသေးတဲ့အဖွဲ့တွေအကြား အထင်အမြင်လွဲမှားမှု၊ အစိုးရပေးတဲ့ အခွင့်အလမ်း ရသူနဲ့ မရသူတွေဖြစ်လာမယ့် အခြေအနေတွေနဲ့ပတ်သက်လို့ ဘယ်လိုတွက်ဆမိလဲ။

“ဒီလိုဗျ။ အခွင့်အလမ်းရတဲ့လူနဲ့ မရတဲ့လူဆိုတဲ့အပေါ်မှာတော့ ကျနော့်အနေနဲ့ အဲဒီလို မမြင်ပါဘူး။ ဒီစကားရပ်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေရဲ့ နိုင်ငံရေးသမိုင်းကို စော်ကားသလိုဖြစ်ပါတယ်။ အဲဒါကိုတော့ ကျနော် လက်မခံပါဘူးဗျ။ အားလုံးဟာ ကိုယ့်တိုင်းရင်းသားရေးရာကို ရှေးရှုပြီးလုပ်နေတယ်လို့ပဲ ကျနော်အဲလို ယုံကြည်ထားပါတယ်။ အဲလိုပဲ ကျနော်လက်ခံပါတယ်ဗျ။ ဆက်သွားမယ့် ကိစ္စရပ်မှာတော့ဗျာ နိုင်ငံရေးမူဘောင်ကစပေါ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ စတဲ့ အပစ်အခတ် ရပ်စဲရေးက မပြည့်စုံတဲ့အခါကျတော့ ထပ်ပြီးမပြည့်စုံမှုတွေဖြစ်ပေါ်လာမှာကို စိုးရိမ်ပါတယ်။ ဆိုလိုတာကဗျာ စကတည်းက အငြင်းပွားမှုတွေကို ချုပ်ငြိမ်းအောင်လုပ်ပါတယ်ဆိုပါမှ ဆက်ပြီးငြင်းခုံရမယ့် ဖြစ်ရပ်မျိုးဟာ နိဂုံးချုပ်ကောင်းဖို့က တော်တော်ခက်ပါလိမ့်မယ်။ ကျနော်မြင်တာလေ။ အဲဒီတော့ ကျနော်တို့ဖြစ်စေချင်တာက Political Will (နိုင်ငံရေးအာသီသ) ပေါ့ဗျာ။ ခြုံပြောရမယ်ဆိုရင်တော့ မြန်မာပြည်ကို တကယ့်ကို စစ်စစ်မှန်မှန် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တနိုင်ငံဖြစ်အောင် တည်ဆောက်ဖို့လိုတယ်။ အဲဒီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ နိုင်ငံရေးဆန္ဒရှိရှိ အားလုံးပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ နောက်တခုက ပြသနာက ဘာလဲ၊ စာချုပ်မှာ မည်သို့ပင်ရေးထားစေကာမူ မြေပြင်မှာ တိုက်ပွဲတွေဖြစ်နေမှတော့ ဘယ်လိုလုပ် အပစ်အခတ်ရပ်စဲရေးစာချုပ်က အသက်ဝင်မလဲဗျာ။ ဟုတ်တယ်မလား အဲဒီလိုမျိုး အခြေအနေတွေနဲ့ဆိုရင်တော့ဗျာ ငြိမ်းချမ်းရေးဟာ တကယ် စစ်စစ်မှန်မှန် ငြိမ်းချမ်းရေးကို ဖော်ဆောင်တာမဟုတ်ဘဲ နိုင်ငံရေးတခုခုအတွက် အသုံးချရတဲ့ လက်နက်ကိရိယာတခု ဖြစ်သွားမှာကို ကျနော်အစိုးရိမ်ဆုံးပါပဲ။ အဲဒီအခြေအနေ မရောက်ဖို့ပဲ ကျနော်တို့ ကြိုးစား ရလိမ့်မယ်လို့ ထင်ပါတယ်ဗျ။ ဒီလောက်ပါပဲ။”

စက်တင်ဘာ ၉ ရက်နေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသားအဖွဲ့ ၅ ဖွဲ့ထိပ်သီးခေါင်းဆောင်တွေဆွေးနွေးရာမှာ သမ္မတက  ကိုးကန့်တပ်ဖွဲ့ကိစ္စကို ကိုးကန့်ဥက္ကဌ ဦးဖုန်ကြားရှင်နဲ့ ဆွေးနွေးမယ်၊ သုံးဖွဲ့ကို နိုင်ငံရေးဆွေးနွေးပွဲမှာတက်ရောက်ဖို့၊ တအာင်းနဲ့ ရခိုင်တပ်ဖွဲ့တွေလည်း  အန်စီအေစာချုပ်ထိုးရာမှာ ပါလာနိုင်ဖွယ်ရှိတယ်ဆိုတာမျိုးပြောတော့ ပြေလည်တော့မယ့်အခြေအနေဖြစ်ခဲ့တယ်။ ဒီတော့ သမ္မတက အားစိုက်ပြီးတော့ ကိုးကန့်နဲ့ ညှိလိုက်လို့ရှိရင် ဒီ process ဒီဖြစ်စဉ်က မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မဖြစ်သွားနိုင်ဘူးလား။    ရတောင့်ရခဲ့အခွင့်အလမ်းကြီးကို ဆုပ်ကိုင်နိုင်မယ်မဟုတ်ဘူးလား။  ကိုမြအေးတို့အမြင်က ဘယ်လိုရှိပါသလဲ။

“ဟုတ်တယ်ဗျ။ ဟုတ်တယ်။ ကျနော် အဲဒီအပေါ်မှာတော့ သိပ်ပြီး အငြင်းပွားစရာမရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဓိကက အားလုံးပါဝင်ရေးဆိုတဲ့နေရာမှာ TNLA နဲ့ပတ်သက်ပြီး ထူးခြားတဲ့အခြေအနေတရပ်၊ ကိုးကန့်နဲ့ပတ်သက်ပြီး ထူးခြားတဲ့အခြေအနေတရပ်၊ အေအေနဲ့ ပတ်သက်ပြီး ထူးခြားတဲ့အခြေအနေတရပ်၊ အစိုးရမှာလည်း သက်ဆိုင်ရာ၊ သက်ဆိုင်ရာ၊ သက်ဆိုင်ရာ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်တဲ့အနေရာမှာ သူတို့မှာလည်း ဘယ်လို လုပ်မယ်ဆိုတာ သူတို့ပြောတာတွေ ကျနော်တို့ကြားပါတယ်။ အဲဒီလိုပဲ တိုင်းရင်းသားတွေ ဘက်ကလည်း ဘယ်အတိုင်းအတာဆိုရင် လက်ခံနိုင်တယ်ဆိုတဲ့ဟာလည်း ရှိပါတယ်။ အဲဒီတော့ အခု ကိုအေးနိုင် ကျနော့်ကို မေးသွားသလိုပဲဗျ ဒီလိုရက်အခါမျိုးမှာ ကျနော့် သဘောထား ပြောမယ်ဆိုရင် အနယ်နယ်အရပ်ရပ်မှာ ဖြစ်နိုင်သမျှ၊ ဖြစ်နိုင်သမျှ၊ ကျနော်ဒီလို ပြောတာဟာ အစိုးရဘက်ကို တဖက်သတ် Blame (ပြစ်တင်ဝေဖန်မှု) လုပ်နေတာမဟုတ်ဘူး။ တကယ်ငြိမ်းချမ်းချင်လို့ ပြောတာပါ။ ဖြစ်နိုင်သမျှအားလုံးကိုပါအောင် စည်းရုံးသင့်တယ်၊ စွဲဆောင်စည်းရုံးသင့်တယ်။ သမ္မတနဲ့ ကျနော်မြင်တယ်ဗျာ။ သမ္မတတိုက်ရိုက်ဖြစ်နေတယ် ဆိုရင်လည်း ဖိပြီးတော့မှ ကိုးကန့်ပါ ပါလာအောင် ကြိုးစားမယ်ဆိုရင် TNLA ပါလာအောင်လည်း ကြိုးစားရမယ်။ အကုန်လုံးပေါ့ဗျာ ကျနော်တို့ဖြစ်စေချင်တယ်လေ။ အဲဒီလိုပဲ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း ဘယ်လိုခေါ်မလဲ နည်းနည်းလေး တချို့ဟာတွေကျ အလျော့အတင်း အပေးအယူနဲ့ စဉ်းစားစေချင်တာပေါ့နော်။ ဒါ တချက် ကျနော်ပြောချင်တယ်။ နောက်တခုက ဆွေးနွေးတဲ့လူကတော့ ဆွေးနွေးတယ်ဗျာ၊ မြေပြင်မှာတော့ တိုက်တာ ခိုက်တာတွေ၊ အခုဆိုလို့ရှိရင် ကချင်ပြည်နယ်ဘက်မှာလည်း စစ်ပွဲတွေကပူတယ်။ ဒီကြားထဲ သိတဲ့အတိုင်းပဲ ရှမ်းမှာလည်း ပူတာပဲလေ။ အဲဒီအခြေအနေမျိုးဖြစ်နေရင် ဒီအပစ်အခတ်ရပ်စဲရေးဆိုတဲ့ စာချုပ်အပေါ်မှာ တိုင်းရင်းသားများဘက်ကလည်း စဉ်းစားမှာပဲ။ သဘာဝကျကျစဉ်းစားကြည့်ရင် ဟာ - ဒါကြီးကတော့ မဟုတ်သေးဘူး။ နဂိုကမှဗျာ မယုံကြည်မှုတွေကို ယုံကြည်လာအောင် တဖက်နဲ့တဖက်က Trust Building ယုံကြည်မှုတည်ဆောက်နေရတဲ့အခြေအနေလို့ ကျနော် နားလည်တယ်လေ။ အဲဒီမှာ အပြောကတမျိုး၊ အလုပ်က တခြားဆိုရင်တော့ မဖြစ်နိုင်ဘူးဗျ အဲဒါကလေ။ အဲဒီတော့အခု ကိုအေးနိုင်စကားကို သဘောတူပါတယ်။ ဖိပြီးလုပ်သင့်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013