DVB Logo
Home
မြန်မာသတင်း
မဲစာရင်းပါ လူပိုများ မဲမပေးနိုင်အောင် အချက် ၃ ချက်ဖြင့် လုပ်ဆောင်မည်
DVB
·
October 7, 2015
မဲစာရင်းပါ လူပိုများ မဲမပေးနိုင်အောင် အချက် ၃ ချက်ဖြင့် လုပ်ဆောင်မည်
Donate to DVB

မဲစာရင်းပါ လူပိုတွေ မဲမပေးနိုင်အောင် အချက် ၃ ခုနဲ့ လုပ်ဆောင်သွားမယ်လို့ ရန်ကုန် အရှေ့ပိုင်းခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က ပြောပါတယ်။

ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ စတဲ့ မြို့နယ်တွေမှာ မဲပေးခွင့်ရှိတဲ့ မဲစာရင်းတွေထဲ အိမ်ထောင်စုဝင် မဟုတ်တဲ့သူတွေ သောင်းနဲ့ချီ အပိုပါနေတာနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းရာမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“အားလုံး မဲစာရင်းပြီးလို့ရှိရင် မဲလက်မှတ်၊ သက်သေခံလက်မှတ်ဆိုတာ ထပ်ထုတ်ပေးဦးမယ်။ အဲ့ဒီလို ထုတ်ပေးတဲ့အခါ အိမ်နံပါတ်ရှိတာနဲ့ မဝေဘူး။ လူရှိတဲ့အိမ်တွေပဲ သေချာစိစစ်ပြီးတော့ လက်မှတ်ထိုး ထုတ်ပေးမယ်။ တခြားတမြို့နယ် ရောက်သွားတာတွေ၊ နိုင်ငံခြား ရောက်သွားတာတွေ၊ သေသွားတဲ့သူတွေ အဲ့ဒီလိုရှိပြီး မလာနိုင်တဲ့သူတွေက ကျနော်တို့ လက်မှတ်ထုတ်မပေးရင် ဒီလက်မှတ်မပါရင်  မဆိုင်တဲ့သူတွေ မဲရုံလာပြီး မဲလာပေးလို့ မရဘူး။ နောက်တနည်းက မဲစာရင်း ကပ်တဲ့အခါ လူမရှိတဲ့ဟာကို သတ်မှတ်ထားပေးပါမယ်။ နောက်တချက်က မဲပေးပြီးတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ သိအောင်လို့ ၄ ယောက်ပြိုင်လည်း ၄ ယောက်ရတဲ့ မဲလက်မှတ်က လူရှိတဲ့ဟာထက် ပိုနေတယ်ဆိုရင် ကျနော်တို့ကို စစ်ဆေးလို့ ရနိုင်ပါတယ်။”

ခရိုင်ကော်မရှင်က မဲစာရင်းကို အချက် ၃ ခုနဲ့ ပြုစုခဲ့တယ်၊ ပထမတချက်က အိမ်ထောင်စုစာရင်းရှိပြီး လူရှိတဲ့သူတွေကို မဲစာရင်း ပြုစုတယ်၊ နောက်တချက်က အိမ်ထောင်စု စာရင်းရှိပြီး လူမရှိတဲ့သူတွေကိုလည်း စာရင်းပြုစုတယ်၊ တတိယအချက်က လူရှိနေပေမယ့် အိမ်ထောင်စုစာရင်း မရှိရင် မထည့်ဘူးလို့ ပြောပါတယ်။

ပထမအချက်ဖြစ်တဲ့ လူရှိပြီး အိမ်ထောင်စုစာရင်းလည်း ရှိတဲ့အတွက် ပြဿ  နာ မပေါ်ပေမယ့် ဒုတိအချက်ဖြစ်တဲ့ လူမရှိဘဲ အိမ်ထောင်စုစာရင်းရှိတာမှာ ပြဿ     နာတက်ပါတယ်။

တချို့အိမ်တွေမှာ မိသားစုအဆက်ဆက် နေထိုင်သွားကြပြီး အိမ်ပြောင်းသွားတဲ့အခါ ပုံစံ ၁၀ ယူမသွားကြတာကြောင့် အဲ့ဒီစာရင်းတွေက လ၀ကမှာ လက်ခံကျန်ရစ်တာမျိုး ရှိသလို အိမ်ရောင်းသွားတဲ့အခါ ရောင်းသွားတဲ့သူက အိမ်ထောင်စုစာရင်း မဖျက်ဘဲ ထားခဲ့သလို ၀ယ်တဲ့သူက အိမ်ထောင်စုစာရင်း ထပ်လုပ်တာမျိုးလည်း ရှိပါတယ်။

တခါ အိမ်ငှားနေတဲ့သူတွေက ဧည့်စာရင်းမတိုင်ဘဲ နေချင်တဲ့အတွက် အိမ်ထောင်စုစာရင်း လုပ်ပြီးနေကြ၊ အိမ်ငှားအဆက်ဆက် ပြောင်းသွားတဲ့အခါမှာ အိမ်ထောင်စုစာရင်းတွေ ဖောင်းပွပြီး ကျန်ခဲ့တာမျိုးလည်း ရှိပါတယ်။

ဒီလိုမျိုး အစဉ်အဆက် ဖြစ်ခဲ့ပြီး အိမ်နံပါတ်တခုမှာ အိမ်ထောင်စု ၃-၄ စုဖြစ်ပြီး မဲစာရင်းမှာ မိသားစုဝင် မဟုတ်တဲ့ လူပိုတွေ ပါနေတာ ဖြစ်ပါတယ်။

ရန်ကုန်၊ အန်အယ်လ်ဒီ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်ကတော့ မဲစာရင်း လူပိုပါကိစ္စကို မဲရုံကိုယ်စားလှယ်တွေ သင်တန်းပေးပြီး ကာကွယ် လုပ်ဆောင်မယ်လို့ ပြောပါတယ်။

“ကာကွယ်ဖို့ အများကြီး ပြင်ဆင်ထားပါတယ်။ အဓိကကတော့ မဲရုံကိုယ်စားလှယ်တွေကို သင်တန်းကောင်းကောင်းပေးမယ်။ မဲရုံမှာ မနက် ၆ နာရီနောက်ပိုင်း ရောက်လာမယ့် မဲစာရင်းတွေကို လက်မခံဖို့ စသဖြင့်၊ အခုက ကန့်ကွက်ဖို့ခက်တော့ ကာကွယ်ဖို့ နည်းလမ်းများများ သုံးရမှာပေါ့။”

အန်အယ်လ်ဒီပါတီက စုံစမ်းသိရှိရသလောက် တောင်ဥက္ကလာပမြို့နယ်အတွင်း မဲစာရင်းလူပို ၈၀၀၀၀ ကျော် ရှိနေတယ်လို့လည်း ပြောပါတယ်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ အနိုင်ယူခဲ့ပြီး ဒီတကြိမ် ရွေးကောက်ပွဲမှာ မဲစာရင်းအမှားအယွင်းတွေနဲ့ အနိုင်ယူလေမလားဆိုတဲ့ သံသယတွေ လူထုကြား ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ သူ့ အောက်တိုဘာ လစဉ်မိန့်ခွန်းမှာ "ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း မဲစာရင်း မှားယွင်းနေခြင်းများကို ပြုပြင်နိုင်ဖို့နဲ့ ပြည်သူများ မဲပေးခွင့် မဆုံးရှုံးရအောင် ကြိုးပမ်းဆောင်ရွက်နေတာကို တွေ့ရပါတယ်” လို့ ထည့်သွင်းပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013