DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအချင်းချင်း သတ်ဖြတ်အနိုင်ကျင့်သည့် လူကုန်ကူးဂိုဏ်း ဖမ်းမိ
DVB
·
October 6, 2015
ထိုင်းတွင် မြန်မာအချင်းချင်း သတ်ဖြတ်အနိုင်ကျင့်သည့် လူကုန်ကူးဂိုဏ်း ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံရောက်  မြန်မာရွှေ့ပြောင်းအလုပ်သမားအချင်းချင်းပေါ် နှစ်နဲ့ချီ ခေါင်းပုံဖြတ် အမြတ်ထုတ်ပြီး လူသတ်၊ မုဒိမ်းကျင့်ခဲ့တဲ့ လူကုန်ကူးဂိုဏ်းတခုကို ထိုင်း-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူတွေနဲ့ အလုပ်သမားရေးဆောင်ရွက်တဲ့အဖွဲ့တွေ ပူးပေါင်းဖမ်းဆီးခဲ့ကြ ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ကိုယ်စား လှယ်အဖွဲ့၊ အလုပ်သမားကူညီရေးအဖွဲ့၊  ထိုင်းရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်( အမ်အေတီ) ထိုင်းအာဏာပိုင်တွေ ပူးပေါင်းပြီး အောက်တိုဘာလ ၅ ရက်နဲ့  အောက်တိုဘာလ ၆ ရက်မှာ ကန်ကျနပူရီမြို့ မှာ  ဖမ်းဆီးရမိခဲ့တာပါ။

အဲဒီဂိုဏ်းကို ဖမ်းဆီးရမိနိုင်ဖို့ ၂ နှစ်ကျော် အချိန်ပေးခဲ့ရတာလို့  အမ်အေတီ အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။

“ကန်ကျနပူရီ မှာရှိတဲ့ VITA အမှတ်တံဆိပ် သစ်သီးစက်ရုံကို ကျနော်တို့ မြန်မာအဖွဲ့ရယ်၊ DSI ထိုင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ စစ်တပ်၊ လ၀က ရဲတွေပါတဲ့ ပူးပေါင်း အဖွဲ့က ၀င်ရောက်စီးနင်းပြီး လူကုန်ကူး ဂိုဏ်းခေါင်းဆောင် သိန်းဇော်နဲ့ သူ့အဖွဲ့ဝင် ၅  ယောက်ကို  ကျနော်တို့ ဖမ်းမိတယ်။ ဂိုဏ်းခေါင်းဆောင်နဲ့ အဖွဲ့ဝင် ၂ ယောက်ကို မနေ့က စက်ရုံမှာ ဖမ်းမိပြီး ဒီကနေ့ ဂိုဏ်းခေါင်းဆောင်ရဲ့အိမ်ကို သွားပြီးစီးနင်းရှာဖွေတာ နောက်ထပ် အဖွဲ့ဝင် ၃ ယောက်ကို ဖမ်းမိတယ်။ အခုသူတို့ကို ကန်ကျနပူရီ လ၀က အချုပ်ခန်းထဲ ထည့်ထားတယ်။ သူတို့ဂိုဏ်းက ကျနော်တို့သိရသလောက်ဆိုရင် ထိုင်းနိုင်ငံ အတွင်းပိုင်းမှာ အကြီးဆုံးပဲ။”

အသက် ၄၅ နှစ်ရွယ်ရှိ ဂိုဏ်းခေါင်းဆောင် သိန်းဇော်ဆိုသူမှာ မွန်ပြည်နယ် ဇာတိဖြစ်ပြီး ထိုင်း နိုင်ငံထဲကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ၀င်ရောက်လာကာ ကန်ကျနပူရီသစ်သီးစက်ရုံတွင် ၀င်ရောက်လုပ်ကိုင်ကြောင်း၊ အဲဒီနောက် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံထဲကို လူတွေတင်သွင်းပြီး သစ်သီးစက်ရုံနဲ့တကွ တခြားဒေသတွေမှာ အလုပ်သွင်းပေးတဲ့ အလုပ်ကို လုပ်ကိုင်ကြောင်း၊ ဒါပေမယ့် အလုပ်ရှင်နဲ့ အလုပ်သမားကြား၊ ကားသမားနဲ့ အလုပ်သမားတွေကြားမှ သူက ငွေတွေ မတရားဖြတ်ယူတဲ့အပြင် သူ့စကားနားမထောင်သူ၊ လွန်ဆန်သူ၊ မကျေနပ်သူတွေကို လူမိုက်မွေးပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို မတရားကျင့်တာတွေ လုပ်ဆောင်ခဲ့တယ်လို့  ဦးကျော်သောင်းက ဆက်ပြောပါတယ်။

အဆိုပါ ဂိုဏ်းရဲ့ နှိပ်စက်မှုကို မခံနိုင်တဲ့အလုပ်သမားတွေက သူတို့ (အမ်အေတီ) အဖွဲ့ကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ဆက်သွယ်တိုင်ကြားခဲ့ပြီး အဆိုပါ တိုင်ကြားချက်မှ အမှုပေါင်း ၂၀ ကျော် လက်ခံရရှိကာ အဲဒီထဲမှာ အသတ်ခံရသူပေါင်း ၇ ဦး  မုဒိမ်းမှုကျင့်ခံရတဲ့ မိန်းကလေးက ၁၀ ဦးနဲ့  ခြေကျိုးလက်ကျိုး ၊ ခေါင်းကွဲစတဲ့ နှိပ်စက်ခံရသူတွေက ရာဂဏန်းရှိတယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့ကို ခုလိုဖမ်းဆီးရမိဖို့ အချိန်တွေ၊ လျှို့ဝှက်ကင်မရာတွေ၊ ခရီးစရိတ်နဲ့ တခြား စရိတ်စက များစွာ ရင်းနှီးခဲ့ရပြီး  အဆိုးဆုံးကတော့ အမ်အေတီကို သတင်းပို့တဲ့ အလုပ်သမား တွေကို မူးယစ်ဆေးနဲ့ ထောင်ချောက်ထောင်ဖမ်းဆီး ထောင်ချပစ်တာ၊ အဓိက သတင်းပေးသူနဲ့ သူ့ကိုပါ ခေါင်းဖြတ်နိုင်ရင် ဘတ် ၂ သန်းပေးမယ်လို့ ပြောခဲ့တာလို့ ဦးကျေ်သောင်းက ပြောပါတယ်။

ဒီကနေ့  ဂိုဏ်းခေါင်းဆောင် ကိုသိန်းဇော်ရဲ့ နေအိမ်ကို ၀င်ရောက်စီးနင်းရာမှာ ခြံထဲမှ ၀ှက်ထား တဲ့ အလုပ်သမား အ၀င်အထွက်ဦးရေစာရင်း၊ ငွေစာရင်း၊ သူတို့သိမ်းထားတဲ့ အလုပ်သမား မှတ်ပုံတင်ကတ်တွေ၊ အထောက်အထားတွေနဲ့အတူ  ခိုအောင်းနေတဲ့ မြန်မာအလုပ်သမား ၁၀ ဦးကိုပါ ကယ်တင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အလုပ်သမား ၁၀ ဦး (အမျိုးသား ၅ ဦး နဲ့ အလုပ်သမား ၅ ဦး)တို့ဟာ တရားမ၀င် လမ်းကြောင်းက ၀င်ရောက်လာတဲ့အတွက် လ၀က ဥပဒေနဲ့ အရေးယူခံရဖို့ရှိတယ်လို့ ဦးကျော်သောင်းက ပြောသွားပါတယ်။

သစ်သီးစက်ရုံမှာအလုပ်လုပ်ခဲ့ပြီး ဘ၀တူအလုပ်သမားတွေ နှိပ်စက်ခံရတာကို မခံမရပ်နိုင်လို့ အမ်အေတီအဖွဲ့ကို တိုင်တန်းခဲ့သူ ကိုခွန်နောင်ကလည်း သူဟာ သတင်းပေး တိုင်ကြား သူဖြစ်ကြောင်း ကိုသိန်းဇော်က သိသွားတဲ့နောက် အမျိုးမျိုး ခြိမ်းခြောက်ခံရပြီး သူ့ခေါင်းကို ဖြတ်နိုင်သူကို ဘတ်ငွေတသန်းပေးမယ်လို့ သတင်းလွှင့်ထားတဲ့အတွက် သစ်သီးစက်ရုံကို မပြန်ရဲတော့ဘူးလို့  ဆိုပါတယ်။

ကိုသိန်းဇော်ဟာ ထိုင်းအလုပ်ရှင်တွေ၊ အာဏာပိုင်တွေနဲ့ အဆင်ပြေအောင်နေတတ်တဲ့ အတွက်  ၅ နှစ်ကျော် ကျူးလွန်နေတာကို အဖမ်းမခံခဲ့ရဘူးလို့ ဆိုပါတယ်။

တခြား အလုပ်သမားတဦးဖြစ်တဲ့ ကိုဖြိုးဆိုသူမှာလည်း ကိုသိန်းဇော်ရဲ့တပည့်နဲ့ ရန်ဖြစ်လို့ သေလုမျောပါး ၀ိုင်းရိုက်ခံရပြီး ဆေးရုံမှာ ၉ ရက်ကြာ ကုသခဲ့ရကြောင်း၊ လုပ်ဖော်ကိုင်ဘက် မိန်းကလေးတချို့မှာ မုဒိမ်းကျင့်ခံရပြီး ရှက်လို့မနေရဲတော့ဘဲ မြန်မာနိုင်ငံ ပြန်သွားတယ်လို့  ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013