
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲကို စစ်တပ်က လေကြောင်းကနေ မကြာခဏ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုရော စိတ်ပိုင်းဆိုင်ရာပါ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရနေကြပါတယ်။
ပုံမှန်ဆိုရင် တိတ်ဆိတ်ငြိမ်းချမ်းနေမဲ့ ပီချောင်းဒေသက အာကာတောင်တန်းကြီးဟာ အခုတော့ မကြာမကြာ ဗုံးပေါက်ကွဲသံတွေ၊ မီးခိုးငွေ့တွေနဲ့ ဖုံးလွှမ်းနေပါတယ်။
ပြီးခဲ့တဲ့ မတ်လကနေ ဧပြီလအတွင်း ၂ လတာ ကာလလေးမှာတင် စစ်တပ်က ဂျက်တိုက်လေယာဉ်တွေ၊ Y-12 လေယာဉ်တွေနဲ့ နာရီနဲ့ချီပြီး ကောင်းကင်ပေါ်ကနေ ဗုံးတွေ ရာနဲ့ချီ ကြဲချခဲ့ပါတယ်။
ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းမှာလည်း ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်လုပ်ခဲ့လို့ ဒေသခံတွေရဲ့ အကြောက်တရားတွေဟာ ပိုပြီး နက်ရှိုင်းသွားခဲ့ရပါတယ်။
ပီချောင်းဒေသခံတယောက်က “သတိထားမိသလောက် ၃ လပိုင်းမှာ တကြိမ် လာကြဲပါတယ်။ အဲဒီအချိန်တုန်းက ဗုံးအလုံး ၁၂၀ လောက် ကြဲချခဲ့တာပါ။ ဂျက်က အနည်းဆုံး ၄၊ ၅ စီးလောက်နဲ့ Y-12 လေယာဉ် ၃ စီးလောက် ပါပါတယ်။ ည ၁၀ နာရီလောက်မှာ လာကြဲပြီးတော့ ၁၁ ကျော်မှ ပြန်သွားတာပါ။ အဲဒီအနီးအနားမှာ ဒေသခံတွေ နေနေကြတဲ့ ရွာလေးတွေလည်း ရှိပါတယ်။ အဲဒီရွာတန်းရဲ့ အနောက်ဘက် အာကာတောင်တို့၊ မင်းဂြီးတောင်တန်းတို့ဘက် အနီးတဝိုက်ကို ကြဲတာပါ။ ဒီတကြိမ်နဲ့ဆို ၃ ကြိမ်လောက်ရှိပါပြီ။ အဲဒီဘက်မှာ ဒေသခံတွေမရှိတော့ ထိခိုက်မှုတွေ ရှိ၊ မရှိတော့ မသိရပါဘူး။ မနေ့က ဗုံးကြဲတဲ့နေရာကလည်း အရင်ဗုံးကြဲခဲ့တဲ့ နေရာအနီးတဝိုက်ပါပဲ။ ဒေသခံပြည်သူတွေတော့ ထိခိုက်မှုမရှိပါဘူး။ ဒါပေမဲ့ အသံတွေက နီးနီးကပ်ကပ် ကြားနေရတော့ စိုးရိမ်မှုတွေကတော့ ရှိနေဆဲပါ” လို့ ပြောပါတယ်။
အရင်ကဆိုရင် စစ်တပ်ဟာ ဂျက်တိုက်လေယာဉ် တစီးတည်းနဲ့ လာကြဲလေ့ရှိပေမဲ့ အခုအခါမှာတော့ လေယာဉ် ၂ စင်းကနေ ၅ စင်းအထိ အုပ်စုဖွဲ့ပြီး ပစ်မှတ်တခုတည်းကို အလုံးအရင်းနဲ့ ဗုံးကြဲချလာတာပါ။
ဒီလို အချိန်ကြာကြာ ပတ်ဝဲပြီး ကြဲချနေတဲ့ လေယာဉ်သံတွေဟာ ကျောက်တော်ဒေသခံတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ အကြီးအကျယ် ရနေကြပါပြီ။
ကျောက်တော်ဒေသခံတယောက်က “မနေ့က ဗုံးကြဲတာ တော်တော်ဆိုးတယ်ဗျ။ ကျနော်တို့ဆိုလည်း ဗုံးခိုကျင်းကို ဆင်းပြေးလိုက်၊ အဲဒီလိုမျိုးပဲ ကြောက်လန့်ပြီးတော့ စိုးရိမ်စိတ်တွေနဲ့ ဆင်းပြေးနေရတယ်ဗျ။ မကြာခဏဆိုသလို လာကြဲတာဆိုတော့ တခေါက်လာရင် ဆင်းပြေးလိုက်၊ ဗုံးခိုကျင်းပြေးလိုက် ဆိုတော့ အလုပ်လုပ်လို့ မရဘူး။ စိတ်ပိုင်းဆိုင်ရာကလည်း အဆင်မပြေတော့ဘူး။ အဲဒီလိုမျိုး နှလုံးတွေ တုန်ပြီးတော့လေ။ တချို့လူတွေဆိုရင် နှလုံးတွေ ခုန်ပြီးတော့ သက်ကြီးရွယ်အိုတွေဆိုရင် ပြဿနာတက်သွားတာလည်း ကျနော်တို့ ကြားရပါတယ်ဗျ။ အမြဲတမ်း ဒီစိုးရိမ်စိတ်နဲ့ နေနေရတယ်ပေါ့လေ။ ဘယ်အချိန် လာမှန်းလည်း မသိဘူး။ အဲလိုပဲ မကြာခဏ လာမှာလား မသိဘူး ဆိုပြီးတော့ အဲလိုစိတ်တွေနဲ့ ကြောက်လန့်ပြီးတော့ နေနေကြရတာဗျ” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာတော့ လေကြောင်းအန္တရာယ်ကြောင့် တချို့က ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြသလို မြို့မှာ ကျန်ခဲ့သူတွေကလည်း လမ်းပေါ်က ဆိုင်ကယ်သံ၊ ကားသံ ကြားတာနဲ့ ဗုံးခိုကျင်းထဲ အလိုအလျောက် ပြေးဆင်းနေရတဲ့အထိ ထိတ်လန့်နေကြရပါတယ်။
တဖက်မှာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ စကားတွေ ဆိုနေပေမဲ့ မြေပြင်မှာတော့ ရခိုင်ပြည်သူတွေရဲ့ ခေါင်းပေါ်ကို နေ့စဉ် ဗုံးတွေ ကြဲချနေဆဲပဲ ဖြစ်ပါတယ်။










