DVB Logo
Home
မြန်မာသတင်း
ရောဂါရှာဖွေရေးနှင့် ခွဲစိတ်မှု အကြိုပြင်ဆင်ရေးအတွက် ပုံရိပ်ဖော်နည်းပညာသစ် (ရုပ်သံ)
DVB
·
October 6, 2015
ရောဂါရှာဖွေရေးနှင့် ခွဲစိတ်မှု အကြိုပြင်ဆင်ရေးအတွက် ပုံရိပ်ဖော်နည်းပညာသစ် (ရုပ်သံ)
Donate to DVB

လူ့အူမကြီးရဲ့ ရုပ်လုံးကြွသရုပ်ဖော်ပုံရိပ်က ဆရာဝန်စစ်ဆေးနေစဉ် လေထဲမှာ လွင့်မျောနေပါတယ်။ ကယ်လီဖိုးနီးယားက Echopixel ကတော့ ဒီပုံရိပ်ဖော်နည်းပညာသစ်နဲ့ ရေးထားတဲ့ ဆော့ဖ်ဝဲဟာ ဆေးစစ်ထားတဲ့ စကန်ပုံရိပ် ရာချီ သရုပ်ဖော်နိုင်ပြီး လူ့ခန္ဓာကိုယ်ရဲ့ 3D ပုံရိပ်ကို ဖော်ပေးနိုင်ပါတယ်။

"ကျနော်တို့ဆော့ဖ်ဝဲရဲ့ အလုပ်လုပ်ပုံကတော့ အချက်အလက်တွေကိုယူပြီး ဒီအချက်အလက်တွေကတဆင့် ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်း ပုံရိပ်တွေအဖြစ် အသွင်ပြောင်းပေးပါတယ်။ ပြီးမှ သုံးဘက်မြင် လေဟာနယ်ထဲမှာ တုံ့ပြန်ဆက်သွယ်ပေးပါတယ်။"

ဆရာဝန်တွေအနေနဲ့ ပုံရိပ်ယောင်အလွှာတွေကို ခွာချပြီး ခန္ဓာကိုယ်တွင်းက တစ်ရှူးနဲ့ အင်္ဂါတွေကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ လက်တွေ့စမ်းသပ်မှုတွေအရ ခွဲစိတ်ဆရာတွေအဖို့ မွေးကင်းစကလေးတွေမှာ ဖြစ်တတ်တဲ့ မွေးရာပါ နှလုံးချို့ယွင်းမှုတွေကို ပိုပြီး ထိထိရောက်ရောက် ကုသနိုင်သလို ခွဲစိတ်ဖို့ ပြင်ဆင်ရတဲ့ အချိန်ကိုလည်း အံ့မခန်း လျှော့ချပစ်နိုင်ပါတယ်။ အထူးထုတ်လုပ်ထားတဲ့ မော်နီတာတွေ၊ မှန်ပြင်တွေကို သုံးထားတာမို့ တုပ 3D ပုံရိပ်ဟာ ခွဲစိတ်ခန်း မ၀င်ခင်မှာ ဆံခြည်မျှင်သွေးကြောမျှင်တွေကို ပုံဖော်ပြီး ဆရာဝန်တွေအနေနဲ့ ခွဲစိတ်မှုကို ကြိုတင်လေ့ကျင့်ထားနိုင်ပါတယ်။

"ဒီသွေးကြောလေးတွေက မီလီမီတာဝက်လောက်ပဲရှိပြီး မွေးကင်းစကလေးဆိုရင် ကိုယ့်လက်ဝါး အရွယ်အစားလောက်ပဲ ရှိတာလေ။ ဒီတော့ ဒီဆော့ဖ်ဝဲကိုသုံးပြီး သွေးကြောရဲ့ ကွေးပုံညွတ်ပုံတွေအပေါ် နားလည်အောင် သွေးကြောတွေအတိုင်း အဆုတ်ထိ လိုက်ကြည့်ပြီး ဘယ်သွေးကြောကို ခွဲစိတ်ပြုပြင်ရမယ်ဆိုတာ ဆရာဝန်တွေ သိလာအောင် ကူညီပေးပါတယ်။"

စတန်းဖို့ဒ်တက္ကသိုလ်က ဒေါက်တာလူးဝစ်ဝက်ဇလာဟာ ပုံရိပ်နည်းပညာနဲ့ ရောဂါရှာဖွေရေးလုပ်ငန်းရဲ့ ရှေ့ဆောင်အဖြစ် ဆောင်ရွက်နေတာ နှစ် ၅၀ ကျော်ခဲ့ပါပြီ။

"ဒီနည်းပညာက ခွဲစိတ်မှုလုပ်ငန်းအတွက် အလွန်အမင်း အသုံးဝင်မှာပါ။ တချို့ ခွဲစိတ်ဆရာဝန်တွေဆိုရင် အိက်ခ်စ်ရေး စီတီစကန်နဲ့ အမ်အာ ဓာတ်မှန်တွေဖတ်ပြီး ကိုယ်တွင်းမှာ ဘာတွေဖြစ်နေတယ်လို့ ခန့်မှန်းတာ သိပ်တော်တယ်။ ဒီနည်းပညာကတော့ ကိုယ်တွင်းမှာ ဘာတွေဖြစ်နေလဲဆိုတာ အတိအကျ ပြနိုင်မှာပါ။"

ဒီနည်းပညာက အချိန်ကုန်သက်သာသလောက် ခွဲစိတ်မှုတွေမှာ ပိုမိုတိကျအောင် ထောက်ကူပေးသလို လူနာတွေ ငွေကုန်ကြေးကျ သက်သာစေပြီး ပိုမိုကောင်းမွန်တဲ့ ကုသမှုကို အားဖြည့်ပေးမှာပါ။

"ကိုယ်တွင်းက ၀တ္ထုတခုကိုမြင်ဖို့ သူ့ကို သရုပ်ခွဲပြီး ကိုယ်တွင်းကနေ ဆွဲထုတ်ကြည့်တယ်ဆိုတာ သိပ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဒါပေမယ့် ဒါတင်မကသေးပါဘူး၊ ဆေးပညာရှုထောင့်အရ ဘာလုပ်ရမလဲဆိုတာ စဉ်းစားရတဲ့ အပိုင်းတွေလည်း ပါပါတယ်။"

ဒါတွေကို အဆုံးသတ်ဖို့ Echopixel ကုမ္ပဏီက နောက်ထပ်စမ်းသပ်မှုတွေကို အားစိုက်လုပ်ဆောင်နေပါပြီ။ ဒါကြောင့် FDA က ဒီနှစ်အစောပိုင်းကပဲ ဒီကိရိယာကို ရောဂါရှာဖွေရေးနဲ့ ခွဲစိတ်မှု အကြိုပြင်ဆင်ရေး ကိရိယာအဖြစ် သုံးခွင့်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013