DVB Logo
Home
မြန်မာသတင်း
ရန်ကုန် အရှေ့ပိုင်းခရိုင်တွင် လူမရှိဘဲ မဲစာရင်း ပါဝင်သူ ၁ သိန်း ၈ သောင်းကျော်ရှိ
DVB
·
October 6, 2015
ရန်ကုန် အရှေ့ပိုင်းခရိုင်တွင် လူမရှိဘဲ မဲစာရင်း ပါဝင်သူ ၁ သိန်း ၈ သောင်းကျော်ရှိ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ၁၄ မြို့နယ် မဲစာရင်းတွေမှာ လူမရှိဘဲ မဲစာရင်းထဲ ပါဝင်နေသူ ၁ သိန်း ၈ သောင်းကျော် ရှိနေတယ်လို့ ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြောပါတယ်။

"ဒီအိမ်တအိမ်ပဲ အိမ်ထောင်စုက စာရင်းအရ သုံးလေးစောင်လောက် ဖြစ်နေတယ်။ ဖြစ်ရတဲ့အကြောင်းအရင်းက ကိုယ့်မိသားစုတွေပဲ အရင် တစုနေတယ်။ သူက ပြောင်းသွားတဲ့အခါမှာ သူတို့အမျိုးထဲကပဲ နောက်တခုလာနေတယ်။ ကိုယ့်မိသားစုကနေတယ်။ ပြောင်းသွားတယ် နောက်မိသားစုက နေကြတယ်။ အဲ့အတွက် ပြောင်းသွားတဲ့အခါမှာ အိမ်ထောင်စုစာရင်းဇယား ပုံစံ ၁၀ ယူမသွားတဲ့ အခါကြတော့ ဒီတအိမ်ထဲမှာ အိမ်ထောင်စုစာရင်းက တစောင်မက ရှိနေတာပေါ့" လို့ ခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဦးခင်မောင်ကျော်က ပြောပါတယ်။

မဲစာရင်းတွေ ကောက်ခံရာမှာ အိမ်ထောင်စုစာရင်းပုံစံ ၆၆ ကို အခြေခံကောက်ယူခဲ့တာဖြစ်ပြီး မဲစာရင်းပြုစုရာမှာ လူလည်းရှိ အိမ်ထောင်စုစာရင်းလည်း ရှိသူတွေအပြင် အိမ်ထောင်စုစာရင်းရှိပေမယ့် လူမရှိသူတွေကိုလည်း ကောက်ယူခဲ့တယ်လို့ သိရပါတယ်။

၁၄ မြို့နယ်ရဲ့ လူမရှိဘဲ မဲစာရင်းထဲပါနေတဲ့ အထဲမှာ တောင်ဥက္ကလာပမြို့နယ်က ၉ သောင်းနဲ့ အများဆုံးဖြစ်ပြီး  မြောက်ဥက္ကလာပမြို့နယ်က ဒုတိယအများဆုံး ဖြစ်နေပါတယ်။

"ပိုနေတဲ့စာရင်းကို အစကတော့ ကျနော်တို့က မသိဘူးပေါ့ဗျ။ တအိမ်တက် တအိမ်ဆင်း လိုက်စစ်လိုက်တဲ့ အခါကြတော့ တချို့အိမ်တွေက သူတို့ဆီမှာ ဒီလူတွေမပါဘူး။ လူတွေမရှိဘဲ မဲတွေပါလာတယ်ပေါ့။ အဲ့လိုပြောတယ်။ အဲ့လိုပြောတော့ ကျနော်တို့က ရပ်ကွက်ကော်မရှင်ရုံးတွေကို မေးတယ်။ ဒီဟာတွေက ဘယ်လိုလုပ်ရောက်လာတာလဲပေါ့ ဒီလူတွေက။ သူတို့က ဘာပြောလဲဆိုတော့ ဒါက လဝကစာရင်းတွေ ဖြစ်ပါတယ်တဲ့။ လဝက စာရင်းတွေအရ ထည့်ထားတယ်ပေါ့။ ကျနော်တို့ လဝကကို သွားမေးတယ်။ သွားမေးတော့ လဝက က ဒါက ပုံစံ ၁၀ မထုတ်ရသေးတဲ့ သူတွေပေါ့နော်။ ပုံစံ ၁၀ မထုတ်ရသေးတဲ့သူတွေ စာရင်းကို သူတို့ ထည့်ထားတာဖြစ်တယ်။ ဒါကလည်း ကော်မရှင်ကနေ တာဝန်ပေးလို့ လုပ်ပါတယ် အဲ့လိုပြောတယ်။ တချို့ပြည်သူတွေကတော့ သူတို့အိမ်ထဲမှာ သူတို့ တခါမှမရှိတဲ့သူတွေ ရောက်လာတဲ့အတွက် အဲ့ဒီအပေါ်မှာတော့ တော်တော်လေး မကျေမနပ် ဖြစ်နေကြတယ်။" လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တောင်ဥက္ကလာပမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာစောနိုင်က ဆိုပါတယ်။

တောင်ဥက္ကလာပမြို့နယ်၊ ဓမ္မရာဇာ ၂ လမ်းမှာ  မိသားစုဝင် ၃ ဦးနဲ့အတူ နေထိုင်နေတာ ၂၇ ကျော်ရှိနေပြီဖြစ်တဲ့ ဦးဝင်းနိုင်က ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် မဲစာရင်း သွားကြည့်တဲ့အခါ သူ့ရဲ့အိမ်လိပ်စာမှာ သူတို့မိသားစုဝင်မဟုတ်တဲ့ သူစိမ်း ၁၁ ဦးရဲ့ အမည်စာရင်း ပါနေတာကို တွေ့ရတယ်လို့ ပြောပါတယ်။

"ကျနော့်အိမ်မှာ သန်းခေါင်စာရင်းကို မသုံးပေမယ့်လို့ ကျနော့်ရဲ့အိမ်နံပါတ်ကို သုံးပြီးတော့၊ အိမ်လိပ်စာကို သုံးပြီးတော့ လူ ၁၁ ယောက် အပို မဲစာရင်းထဲမှာ ထည့်ထားတဲ့အတွက်ကို ကျနော်ကတော့ လုံးဝလက်မခံနိုင်ပါဘူးလို့ ကျနော်ပြောတယ်။ ပြောတဲ့အခါကြတော့ သူတို့က ဘာပြန်ပြောလဲဆိုတော့ မဲကာယကံရှင်တွေက တယောက်ချင်းစီ လာဖျက်လို့ရှိရင် ရပါမယ်လို့ ကျနော့်ကို ပြောတယ်။ ကျနော်က ပြောတယ်၊ တယောက်ချင်းစီ ဖျက်ဖို့ဆိုတာ ဒီလူတွေသည် ဘယ်သူမှန်းလည်း မသိဘဲနဲ့ ကျနော် ဘယ်လိုက်ရှာရမလဲ" လို့ သူကြုံတွေ့နေရတာကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲပေးနိုင်သူဦးရေ ၅ သန်းကျော်ရှိပြီး အရှေ့ပိုင်းခရိုင်အတွင်း မဲပေးနိုင်သူ ၁ ဒသမ ၄ သန်းကျော် ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013