ဆော်ဒီ ဟဂ်ျဘုရားဖူး သေဆုံးမှုတွင် မြန်မာ ၈ ဦးပါဝင်ဟု အတည်ပြု
ပိုင်စိုး
·
October 6, 2015

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ဟဂ်ျဘုရားဖူးရင်း တိုးကြိတ်မိလို့ သေဆုံးကြသူတွေမှာ မြန်မာနိုင်ငံက ၈ ဦးပါတယ်လို့ မြန်မာမွတ်စလင်အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကိုကိုလတ်က အတည်ပြု ပြောဆိုလိုက်ပါတယ်။
“နောက်ဆုံးသိရတာကတော့ နောက်ထပ် ၂ ယောက် သေဆုံးတယ်လို့ သိရပါတယ်။ ဆေးရုံမှာ ၁ ယောက်ရှိနေတယ်။ ရန်ကုန်က ၂ ယောက်၊ မော်လမြိုင်က ၁ ယောက်၊ ပေါင်း ၃ ယောက်က ပျောက်ဆုံးစာရင်းမှာ ရှိနေတုန်းပဲ” လို့ သူက ပြောပါတယ်။
ဆော်ဒီနိုင်ငံရဲ့ ဟဂ်ျ စိစစ်ရေးရုံးမှာ သေဆုံး၊ ပျောက်ဆုံးသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကြေညာထားပြီး အတည်ပြုနိုင်ဖို့ကတော့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။
“မိသားစုတွေသွားပြီး ဒီအန်အေစစ်ရင်တော့ အတည်ပြုနိုင်မှာပါ။ ခုတော့ ပျောက်နေသူ ၁ ယောက်ရဲ့ မိသားစုတွေ ဆော်ဒီကို သွားနေတယ်” လို့ ဦးကိုကိုလတ်က ပြောပါတယ်။
ဒီလိုသွားဖို့အတွက် သက်ဆိုင်ရာ အေးဂျင့်က စီစဉ်ပေးပြီး ဆော်ဒီသံရုံးကလည်း မိသားစုတွေကို ဗီဇာ အလွယ်တကူ လုပ်ပေးတယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က မက္ကာမြို့ကနေ မီနာမြို့ကိုအသွား တိုးကြိတ် နင်းမိကြရင်း ဘုရာဖူး ၇၀၀ ကျော် သေဆုံးကြရာမှာ မြန်မာနိုင်ငံက ဟာဂျီတွေလည်း ပါဝင်ခဲ့တာပါ။
ဒါဟာ ၂၅ နှစ်အတွင်း အဆိုးရွားဆုံး လူနင်းမှုဖြစ်ပြီး ဘုရားဖူး ၈၀၀ ကျော်လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြတာပါ။