DVB Logo
Home
မြန်မာသတင်း
မဲစာရင်း စိစစ်ရေးကိစ္စ အလေးထားဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး
DVB
·
October 5, 2015
မဲစာရင်း စိစစ်ရေးကိစ္စ အလေးထားဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည် သတိပေး
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဲစာရင်းစိစစ်ရေးကိစ္စကို အလေးထား ဆောင်ရွက်ပေးကြဖို့ နိုင်ငံတ၀န်း မဲဆွယ်စည်းရုံးရာမှာ ပြည်သူတွေကို ထပ်ဆင့် သတိပေး ဟောပြောနေပါတယ်။

အောက်တိုဘာ ၃ ရက်နေ့က ကချင်ပြည်နယ် ဟိုပင်မြို့ မဲဆွယ်ရာမှာ  ဒေါ်အောင်ဆန်းစုကြည်က “အခု ရွေးကောက်ပွဲကော်မရှင်က ပြောသွားပါတယ်။ ၃၀ ရာခိုင်နှုန်းပဲ မဲစာရင်းတွေကို တာဝန်ယူနိုင်မယ်တဲ့။ ဒီတော့ ကျမတို့ပြည်သူတွေက ကြိုးစားရမယ်။ ရွေးကောက်ပွဲကော်မရှင်က တာဝန်မယူနိုင်ရင် ၇၀ ရာခိုင်နှုန်းအတွက်ကို ကျမတို့အားလုံးက ကြိုးစားပြီးတော့ တာဝန်ယူရမယ်။ ဘာဖြစ်လို့လဲဆို ဒီရွေးကောက်ပွဲဟာ ကျမတို့ အနာဂတ်အတွက် အင်မတန်မှ အရေးကြီးလို့ပါ။ နိုင်ငံတနိုင်ငံရဲ့ သမိုင်းမှာဆိုရင် ဒီလို အကွေ့အပြောင်းဆိုတာဟာ အင်မတန်မှ ရှားပါတယ်။ ဒီတော့ ရွေးကောက်ပွဲနေ့မှာ မဲပေးလို့ရအောင် ကိုယ့်ဘာသာ ကြိုးစားရမှာပါ။ ကိုယ်ဟာ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းထဲမှာ ပါအောင်လို့ လုပ်ရမယ်၊ အကယ်၍ မပါခဲ့လို့ရှိရင် ပါအောင်လို့ သွားပြီးတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးမှာ သွားပြီးတော့ လုပ်ရမယ်။ ဘယ်လိုပုံစံနဲ့ လုပ်ရမယ်ဆိုတာ မသိလို့ရှိရင် ကျမတို့ အဖွဲ့ချုပ်ကို မေးပါ။” လို့ ပြောဆိုခဲ့ပါတယ်။

မဲဆန္ဒရှင်စာရင်းမှာ မိသားစုဝင်မဟုတ်တဲ့ အမည်စိမ်း လူပိုတွေ စာရင်းပေါက်နေခြင်းရှိမရှိ အရေးတကြီး စိစစ်ပြီး လူပိုစာရင်းကနေ ပယ်ဖျက်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ကလည်း အမတ်လောင်းတွေနဲ့ မြို့နယ်ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့၊ မြို့နယ်စည်းရုံးရေးအဖွဲ့တွေထံ ညွှန်ကြားပါတယ်။

မဲစာရင်းတွေထဲမှာ မိသားစုဝင်တွေမဟုတ်တဲ့ အမည်စိမ်းတွေ ပါဝင်နေကြောင်း၊ ဒီကိစ္စကို ဒေသခံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေထံ တင်ပြရာမှာ တချို့က အမည်စာရင်းက ထုတ်ပေးသော်လည်း တချို့က ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာအရ စာရင်းပေါက်လူပိုဦးရေ သိန်းဂဏန်းထိ ရှိနိုင်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် ဒေသကော်မရှင်အဖွဲ့ခွဲတွေထံ ဖိဖိစီးစီးတင်ပြပြီး လူပိုတွေကို စာရင်းကနေ ပယ်ဖျက်ကြဖို့ အောက်တိုဘာ ၃ ရက်နေ့ ထုတ်ပြန်ချက်မှာ  တိုက်တွန်းထားပါတယ်။

မဲစာရင်းမှာ လူပိုတဲ့ကိစ္စဟာ မဲစာရင်း မှန်ကန်တိကျမှုနဲ့ ပတ်သက်လို့ တတိယအကြိမ်မြောက် ကြုံတွေ့ကြရတဲ့ မဲစာရင်းအခက်အခဲ ဖြစ်ပါတယ်။ အရင်အကြိမ်တွေတုန်းက အမည်စာရင်းမှားတာ၊ သေသူတွေ နာမည်ပါတာ၊ မဲဆန္ဒရှင်အမည် ရှာဖွေရခက်ခဲမှုနဲ့ အခုအခါ ကိုယ့်မိသားစုမှာ လူပို အမည်စိမ်းတွေ ပါဝင်နေမှု ဖြစ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီက လူပိုတဲ့ကိစ္စဟာ မဲမသမာမှုကို ကျူးလွန်ဖို့ အခွင့်အရေးတရပ် ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

သူက “လူပိုတဲ့ကိစ္စဟာ မဲမသမာမှု ကျူးလွန်ဖို့ အခွင့်အရေးတခုပဲ။ ဆိုလိုတာက မဲစာရင်း voter list ဆိုတာက registration ဆိုတာက မဲပေးမယ့်သူ ဘယ်လောက်ရှိသလဲဆိုတာကို စာရင်းကောက်တာပေါ့။ အဲသလို အတိအကျ စာရင်းကောက်ထားမှ အဲဒီစာရင်းနဲ့ မဲပုံးထဲက မဲနဲ့ကလည်း ကိုက်ညီရမယ်။ အဲဒီတော့ အပြင်မှာ လူ ၁၀၀ ရှိရင် မဲပုံးထဲမှာလည်း မဲ ၁၀၀ ဆိုတာ မသမာမှု မဖြစ်ဘူးပေါ့။ အဲဒီတော့ အပြင်မှာ လူကရှိတာက ၁၀၀၊ ဒါပေမယ့်လို့ ၁၅၀ စာရင်းပေါက်နေပြီးတော့ မဲပုံးထဲမှာလည်း မဲ ၁၅၀ ၀င်လာမယ်ဆိုရင် အဓိပ္ပာယ်က ဒါ မသမာမှု ဖြစ်နိုင်တဲ့ အနေအထားမျိုး ရှိတာပေါ့။” လို့ ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ဟာ နိုင်ငံတ၀န်းက မဲဆန္ဒနယ်တိုင်းမှာ ပါဝင်ယှဉ်ပြိုင်ကြပြီး နှစ်ပါတီစလုံးက အစိုးရဖွဲ့စည်းနိုင်ဖို့ အများစုအနိုင်ရဖို့ ကြိုးပမ်းနေကြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က မဲစာရင်း ၃၀ ရာခိုင်နှုန်းကိုသာ တာဝန်ယူနိုင်တယ်လို့ ဥက္ကဋ္ဌကိုယ်တိုင် ထုတ်ပြောထားသလို ဆော့ဖ်ဝဲမှားယွင်းမှုကြောင့်လို့ အကြောင်းပြခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ကို သမ္မတက ဖွဲ့စည်း တာဝန်ပေးအပ်ထားတာဖြစ်ပြီး ကော်မရှင်သက်တမ်း ၅ နှစ်နီးပါးမှာ ငွေကြေးအမြောက်အမြား သုံးစွဲ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂ ရက်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက အဆိုပါ ဆော့ဖ်ဝဲကို မသုံးတော့ဘဲ Excel ပရိုဂရမ်သုံးပြီး ပြန်ပြင်တာကြောင့် အမှားအယွင်း နည်းမယ်လို့ ပြောပါတယ်။

မဲစာရင်းမှာပါမှ မဲပေးခွင့်ရမှာဖြစ်ပြီး နောက်ဆုံးတကြိမ် ပြင်ဆင်ခွင့်ရနိုင်တဲ့ အကြောင်းကိုလည်း ဦးဝင်းကိုက အခုလို ပြောပါတယ်။

“သေချာတာကတော့ မဲစာရင်းတွေကို ရွေးကောက်ပွဲမတိုင်ခင်မှာ မဲရုံမှာ ကပ်ပေးရမယ်။ အဲဒါအပြင် မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေ ဝေတဲ့အခါမှာလည်း လူထုလက်ထဲကို သူ့မဲစာရင်းအမှတ်စဉ်၊ မဲရုံတွေပါမယ်။ တကယ်လို့ စလစ် (မဲဆန္ဒရှင် သက်သေခံလက်မှတ်) မရတဲ့သူက ကော်မရှင်မှာ တောင်းဆိုမယ်ဆိုရင် ကျန်ခဲ့သူ မရှိသလောက် ဖြစ်သွားမယ်” လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013