DVB Logo
Home
မြန်မာသတင်း
အစိုးရ နှင့် တိုင်းရင်းသားတပ်ဖွဲ့အချို့ အောက်တိုဘာ ၁၅ အပစ်ရပ် လက်မှတ်ထိုးမည်
DVB
·
October 4, 2015
အစိုးရ နှင့် တိုင်းရင်းသားတပ်ဖွဲ့အချို့ အောက်တိုဘာ ၁၅  အပစ်ရပ် လက်မှတ်ထိုးမည်
Donate to DVB

အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချို့ လာမယ့် အောက်တိုဘာ ၁၅ ရက် မနက်ပိုင်း နေပြည်တော်မှာ အပစ်ရပ်လက်မှတ်ထိုးကြ မှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ ကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ညှိနှိုင်းပွဲမှာ လက်မှတ်ထိုးမယ့်ရက် သတ်မှတ်နိုင်ခဲ့ကြတာလို့ မြန်မာငြိမ်းချမ်းရေးစင်တာ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တဖက် (၁၀) ဦးစီပါဝင်တဲ့ တနိုင်ငံလုံး “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ပူးတွဲကော်မတီ” ကို ဖွဲ့စည်းခဲ့တယ်လို့လည်း ဖော်ပြထား ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့လုပ်တဲ့ညှိနှိုင်းစည်းဝေးပွဲ အဖွင့်မိန့်ခွန်းမှာ  အန်စီအေ လက်မှတ်မထိုးတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို ထိုးစစ်ဆင်ပြီး တိုက်ခိုက်ဖို့ ဆိုတဲ့ ရည်မှန်းချက်မျိုး အစိုးရမှာ မရှိသလို  နှစ်ဖက် Bilateral သဘောတူညီချက်တွေကို ဆက်ထိန်းပြီး တည်တည်ငြိမ်ငြိမ်နဲ့ ငြိမ်းချမ်းရေးအတွက် အဖြေရှာသွားမယ်လို့ ပြောပါတယ်။

ဒီနေ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ညှိနှိုင်းပွဲမှာ ရှမ်းပြည်တပ်မတော်တောင်ပိုင်း အာစီအက်စ်အက်စ်/အက်စ်အက်စ်အေအဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ၃ ရက်ကြာမြင့်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးကို ၁၉ ဖွဲ့က တက်ရောက်တဲ့အနက် ၇ ဖွဲ့က လတ်တလော လက်မှတ်ထိုးဖို့ ဆုံးဖြတ်ပြီး ကျန် ၁၂ ဖွဲ့က အားလုံးအတူတကွ ပါဝင်လက်မှတ်ရေးထိုးရေးကို ဆက်လက်စွဲကိုင်ကြပါတယ်။

လက်မှတ်ထိုးမယ့် ၇ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေအန်ယူ/ကေအန်အယ်လ်အေ-ပီစီ)၊ ရခိုင်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ)၊ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအန်အယ်လ်အို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) တို့ ဖြစ်ကြပါတယ်။

ယူအန်အက်ဖ်စီခေါ် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ အဖွဲ့အစည်းတချို့သာ လက်မှတ်ရေးထိုးတဲ့အတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) ဟာ ပြီးပြည့်စုံတဲ့အနေအထားမှာ မရှိနိုင်ဘူးလို့ အောက်တိုဘာ ၃ ရက်က ထုတ်ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013