DVB Logo
Home
Lead Story
အားလုံး မပါဝင်တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတာ မပီပြင်ဘူး - နိုင်ဟံသာ
DVB
·
October 4, 2015
အားလုံး မပါဝင်တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတာ မပီပြင်ဘူး - နိုင်ဟံသာ
Donate to DVB

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ အဖွဲ့အစည်းတချို့သာ လက်မှတ်ရေးထိုးတဲ့အတွက် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) ဟာ ပြီးပြည့်စုံတဲ့အနေအထားမှာ မရှိနိုင်ဘူးလို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၃ ရက်ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ယ် ယူအန်အက်ဖ်စီရဲ့ ကြေညာချက်ထဲမှာ စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်လာစေဖို့ လူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းတို့က ၀ိုင်းဝန်းအားဖြည့်ကြိုးပမ်းပေးကြပါလို့ ဖော်ပြထားပါတယ်။

ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာကို ဆက်သွယ်မေးမြန်းထားပါတယ်။

ကြေညာချက် ထုတ်ပြန်ရတဲ့အကြောင်းရင်း ပြောပြပေးပါ။

“ကနေ့ ကျနော်တို့က အန်စီစီတီတို့၊ အက်စ်ဒီတို့ ဖွဲ့ပြီးတော့ ဆွေးနွေးလာခဲ့တယ်။ နောက်ဆုံးတော့ အစိုးရဘက်က ကျနော်တို့ ဖြစ်စေချင်တဲ့ အားလုံးပါဝင်ရေးဆိုတာကို လက်မခံချင်ဘူးဆိုတော့ ရသလောက်နဲ့ သွားမယ်ဆိုတဲ့ ပုံစံမျိုးပဲ ဖြစ်သွားတယ်လေ။ တဘက်က အားလုံး မပါဝင်တော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုတာ မပီပြင်ဘူးပေါ့၊ မဆီလျော်ဘူး ဖြစ်နေတယ်။ အဖွဲ့တချို့ကိုပဲ အပစ်ရပ်ပြီးတော့မှ လုပ်မယ်ဆိုရင် တချို့နေရာမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် ကျနော်တို့နိုင်ငံ အေးချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးလုပ်တဲ့နည်း မဟုတ်ဘူးလို့ မြင်တယ်။ နိုင်ငံရေးဆွေးနွေးပွဲကို တက်မယ်ဆိုရင်လည်း အားလုံး မပါရင် ကျနော်တို့ ကြိုးပမ်းနေတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ဘူးဆိုတဲ့အမြင်မျိုး ကျနော်တို့မှာ ရှိပါတယ်။

လူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ၀ိုင်းဝန်းအားဖြည့်ပေးဖို့ဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာလဲခင်ဗျ။

“လူထုနဲ့ နိုင်ငံတကာအနေနဲ့  တကယ့် တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေးကနေပြီးတော့မှ အဖွဲ့အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီး ဖြစ်ပေါ်လာစေဖို့အတွက် သူတို့ တတ်နိုင်တဲ့ဘက်က ၀ိုင်းဝန်းအားဖြည့်ပေးဖို့ပေါ့ဗျာ။ ဒီ တပိုင်းတစ ပုံစံမျိုးနဲ့ကတော့ ကျနော်တို့ ဦးတည်တဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်သွားနိုင်မှာလည်း မဟုတ်ဘူး၊ လူထုတွေ လိုလားနေတဲ့ အမြန်အေးချမ်းပြီးတော့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာလည်း ရောက်နိုင်မှာ မဟုတ်ဘူးဖြစ်လို့ လူထုအနေနဲ့လည်း ကြိုးစားဖို့ ၀ိုင်းဝန်းပြီးတော့မှ အားပေးတိုက်တွန်းဖို့ပေါ့ဗျာ။ သဘောကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ အားလုံး ပါဝင်ရေး၊ နောက် နိုင်ငံရေးဆွေးနွေးပွဲမှာလည်း အားလုံးပါဝင်ရေးဆိုတဲ့ အနေအထားကို လူထုအနေနဲ့ ကြိုးပမ်းဖို့ သင့်တယ်၊ အားပေးဖို့ သင့်တယ်၊ နိုင်ငံတကာကလည်း ကျနော်တို့နိုင်ငံအေးချမ်းဖို့ ဘက်ပေါင်းစုံ အကူအညီပေးနေတယ်ဆိုတော့ အဲ့ဒီနည်းနာကပဲ မှန်ကန်တဲ့ နည်းနာဖြစ်တော့ နိုင်ငံတကာကလည်း အားပေးကူညီဖို့ပေါ့၊ အဲ့ဒါကို ကျနော်တို့က တိုက်တွန်း တောင်းဆိုထားတာဖြစ်တယ်။”

လူထုနဲ့ နိုင်ငံတကာအနေနဲ့ ဘယ်လို နည်းလမ်းတွေနဲ့ ပါဝင်ဖို့ ဆိုလိုချင်တာလဲခင်ဗျ။

“လူထုတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေအနေနဲ့ တပိုင်းတစနဲ့ ရသလောက်နဲ့ အပစ်ရပ်စဲရေးဆိုတဲ့ဟာကတော့ ပြည်စုံမှာ မဟုတ်ဘူး၊ အားလုံးပါဝင်နိုင်ဖို့ကို သူ့နည်းသူ့ဟန်နဲ့ပေါ့ဗျာ၊ တောင်းဆိုဖို့ လှုပ်ရှားဖို့၊ အဲ့ဒါမျိုး။ ရှားရှားပါးပါး ခုလို အခြေအနေမျိုးမှာ ဒါ အကောင်းဆုံး လုပ်သွားဖို့၊ မဟုတ်ရင် တပိုင်းတပျက်ကြီးနဲ့လုပ်သွားရင် တကယ်မှန်ကန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလေ။”

နိုင်ငံတကာက အခုလည်း ငြိမ်းချမ်းဖြစ်စဉ်မှာ ပါဝင်ကူညီနေတာပဲ၊ ဘယ်လို ဟာမျိုး ထပ်လုပ်ပေးစေချင်တာလဲ။

“နိုင်ငံတကာက အခုအချိန်ထိ အားပေးကူညီတဲ့အပိုင်း အများကြီး ရှိပါတယ်။ ဒီကနေ့ အစိုးရလုပ်တဲ့ ပုံစံလောက်နဲ့ကတော့ ဒါစစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးဆိုတာကို မြင်ပြီးတော့ သူတို့အနေနဲ့ သူတို့ တတ်နိုင်တဲ့ဘက်ကနေ အကူအညီပေးဖို့ ဆိုလိုပါတယ်။”

ယူအန်အက်ဖ်စီအနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ နည်းလမ်းတွေရှာကြံပြီး လုပ်ဆောင်သွားမယ်ဆိုထားတော့ ဘယ်လို နည်းလမ်းတွေလဲ ရှင်းပြပေးပါ။

“အသေပြောလို့ရတဲ့ကိစ္စမျိုးတော့ မဟုတ်ဘူးဗျ၊ အခြေအနေပေါ်မူတည်ပြီးတော့ ကြိုးပမ်းသွားဖို့ ဖြစ်တယ်။ လောလောဆယ်ကတော့ အပစ်အခတ်ရပ်စဲရေးမှာ အားလုံး ပါဝင်သွားနိုင်ဖို့နဲ့ ဥပမာ တချို့အဖွဲ့အစည်းတွေက လောလောဆယ် မပါဝင်နိုင်သေးဘူးဆိုရင် သူတို့အတွက် စစ်ရေးအရ အရေးမယူဘူး၊ မတိုက်ခိုက်ဘူး၊ နိုင်ငံရေးအရ သူတို့ရဲ့ အခွင့်အရေးတွေ မဆုံးရှုံးစေရဘူး၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သူတို့လည်း ပါဝင်မှ ပြီးဆုံးပြေလည်မှာဖြစ်တဲ့အတွက် သူတို့လည်း ပါဝင်နိုင်ဖို့နဲ့ ၁၇(၁) တို့ဘာတို့မှာ သူတို့ကိုလည်း စာနာပေးဖို့ပေါ့ဗျာ၊ အဲ့ဒါကို ဆိုလိုတာပါ။”

အခု ရန်ကုန်မှာ အစိုးရနဲ့ လက်မျတ်ထိုးမယ့်အဖွဲ့တွေ တွေ့ပြီး ပူးတွဲကော်မတီဖွဲ့မယ်ကြားတယ်၊ အဲ့ဒီ ကော်မတီတွေမှာ ကျန်နေတဲ့အဖွဲ့တွေ ပါဝင်ခွင့် ရှိပါဦးမလား၊ ဘယ်လို သုံးသပ်လဲ။

“ကျနော် ထင်တာကတော့ မပါတဲ့အဖွဲ့တွေက သွားပြီးတော့ တက်ရောက်မယ်၊ ဟိုမှာ ပါဝင်မယ် အကြံပေးမယ်ဆိုတဲ့ကိစ္စမှာတော့ ဖြစ်ဖို့ အလားအလာနည်းမယ်လို့ မြင်တယ် ယုံကြည်တယ်ဗျ။”

အခု တချို့အဖွဲ့တွေက ခွဲပြီး လက်မှတ်ထိုးကြတော့မယ်ဆိုတော့ တနိုင်ငံလုံး အပစ်ရပ်ငြိမ်းချမ်းရေးက နီးမလိုလိုနဲ့ ဝေးသွားပြီလို့ ပြောနိုင်မလား။

“အဲ့ဒီလိုလဲ ပြောလို့ မရသေးဘူးဗျ။ တချို့အဖွဲ့တွေက အပစ်ရပ်ပြီးတော့မှ သူတို့ရဲ့ ဆက်လက်ပြီးတော့ ဘယ်လို လှုပ်ရှားသွားမလဲဆိုတာအပေါ်လည်း အများကြီး မူတည်ပါတယ်။ နောက် ကျန်တဲ့အဖွဲ့အစည်းတွေပေါ်မှာ အစိုးရဘက်က ဘယ်လို သဘောထားမလဲဆိုတာကိုလည်း ကျနော်တို့က ဆက်ပြီးတော့ စောင့်ကြည့်ဖို့ လိုပါသေးတယ်ဗျ။”

တိုင်းရင်းသားထိပ်သီးတွေနဲ့ သမ္မတနဲ့ တွေ့တုန်းကလည်း လုံလောက်တဲ့ အာမခံချက် မရခဲ့ဘူးမို့လား၊ အခုရော မျှော်လင့်နေတုန်းပဲလား။

“ဟုတ်တယ်၊ ကျနော်တို့ကတော့ မျှောင်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမှ မလုပ်ရင် တကယ့် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်တော့ ကျနော်တို့ကတော့ မထူးတဲ့ လုပ်ငန်းကို လုပ်နေတဲ့ ပုံစံမျိုးဖြစ်တယ်လို့ ယုံကြည်တယ်။ စစ်မှန်တဲ့ ဦးတည်ချက်ကို ရောက်ရှိဖို့အတွက်ကတော့ ဒါကို လက်ခံဖို့ သင့်တယ်၊ လက်ခံလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အန်စီအေ စာချုပ်ကြီးရဖို့ ကျနော်တို့ အများကြီး ဆွေးနွေးလာခဲ့တယ်။ အားလုံး ပုဒ်မ ၃၃ ခု ရှိတဲ့အထဲမှာ ၃၂ ခုက နားလည်မှု ရသွားပြီ၊ ကျန်တာ တခုတည်းပါ၊ အဲ့ဒီတခုတည်းက အားလုံးပါဝင်ရေးပေါ့ဗျာ ကျနော်တို့ တောင်းဆိုနေတယ်။ ဒါလည်းပဲ တရားသေ မဟုတ်ပါဘူး။ အခြေအနေ အခက်အခဲရှိရင် သူတို့အတွက် အာမခံချက်ရှိတဲ့ အနေအထားကို တောင်းဆိုတယ်။ ဒါကို ပြန်ကြည့်ရင် ဖြစ်ဖို့သင့်တယ်။ စေတနာမှန်ရင်တော့ ဒါကို လက်ခံဖို့ သင့်တယ်လို့ မြင်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013