DVB Logo
Home
Lead Story
အပစ်ရပ် လက်မှတ်ထိုးရေး နှစ်ဖွဲ့ကွဲသွားသည့်အပေါ် ဗိုလ်ချုပ်ဂွန်မော်ကို မေးမြန်းချက်
DVB
·
October 3, 2015
အပစ်ရပ် လက်မှတ်ထိုးရေး နှစ်ဖွဲ့ကွဲသွားသည့်အပေါ် ဗိုလ်ချုပ်ဂွန်မော်ကို မေးမြန်းချက်
1 / 2
Donate to DVB

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ၃ ရက်ကြာမြင့်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးကို ၁၉ ဖွဲ့က တက်ရောက်တဲ့အနက် ၇ ဖွဲ့က လတ်တလော လက်မှတ်ထိုးဖို့ ဆုံးဖြတ်ပြီး ကျန် ၁၂ ဖွဲ့က အားလုံးအတူတကွ ပါဝင်လက်မှတ်ရေးထိုးရေးကို ဆက်လက်စွဲကိုင်ခဲ့ကြပါတယ်။

အပစ်ရပ် လက်မှတ်ထိုးမယ်အဖွဲ့နဲ့ မထိုးမယ့်အဖွဲ့ဆိုပြီး အဖွဲ့ ၂ ခု ပေါ်ထွက်ခဲ့တာနဲ့ ပတ်သက်ပြီး ထိပ်သီးစည်းဝေးပွဲပြောခွင့်ရသူတဦးဖြစ်တဲ့ ကေအိုင်အေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ထိုးမယ့်အဖွဲ့နဲ့ မထိုးမယ့်အဖွဲ့ဆိုပြီး အုပ်စု ၂ ခု ပေါ်ထွက်ခဲ့တော့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး ရည်မှန်းချက်အပေါ် ဘယ်လိုမျိုး သက်ရောက်မှု ရှိနိုင်မလဲ။

“အဲ့ဒီအပိုင်းကတော့ ကျနော်တို့ သီးသန့်ဆွေးနွေးဖို့ ရှိပါတယ်။ ဒါပေမယ့် အားလုံးရဲ့ တူညီချက်ကတော့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အဓိကထားမယ်၊ မတူညီတဲ့ ချဉ်းကပ်မှုတွေ မတူညီတဲ့လှုပ်ရှားမှုတွေနဲ့ လုပ်ရမှာ မှန်သော်လဲ ချိတ်ဆက်ပြီး ဘယ်လိုလုပ်ကြမလဲဆိုတဲ့အပိုင်းကို အဓိက ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”

ယူအန်အက်ဖ်စီ (ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ) ရဲ့ အခန်းကဏ္ဍက ဘယ်လို ဖြစ်လာမလဲ။

“ယူအန်အက်ဖ်စီက ဒီကြားထဲမှာ ဆက်ပြီး အစည်းအဝေးထိုင်မယ်လို့ သိရပါတယ်။ အခု ကျန်နေခဲ့တဲ့ အဖွဲ့တွေအများစုက ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ အဲ့ကိစ္စတော့ ယူအန်အက်ဖ်စီက သီးခြား ပြန်ဆွေးနွေးပါမယ်။”

လက်မှတ်ထိုးမယ့်အဖွဲ့တွေနဲ့ ကျန်နေခဲ့တဲ့အဖွဲ့တွေအကြား ရေရှည်ပူးပေါင်းဆောင်ရွက်မှာတွေကို အကျယ်တ၀င့် ပြောပြပေးပါ။

“လက်မှတ်ထိုးတဲ့အဖွဲ့တွေနဲ့ လက်မှတ်မထိုးတဲ့အဖွဲ့တွေက လက်မျတ်ထိုးတဲ့အဖွဲ့တွေ အဆင်သင့်ဖြစ်တဲ့အချိန်မှာ တွေ့ကြမယ်ဆိုတဲ့ ယေဘုယျဆုံးဖြတ်ချက် ရှိပါတယ်။ အခုအချိန်မှာ ဘယ်လို ချိတ်ဆက်ရမလဲဆိုတဲ့အပိုင်းက သိပ် မရှင်းလင်းသေးပါဘူး။ အဲ့ဒီတော့ အစိုးရနဲ့ တွေ့ပြီးမှ သူတို့ဘက်က လက်မှတ်ထိုးပြီး နောက်ပိုင်းပဲ ဖြစ်ဖြစ် သူတို့ အဆင်ပြေတဲ့အချိန် တချိန်ချိန်မှာ နှစ်ဘက် တွေ့ကြမယ်ဆိုတဲ့ သဘောတူညီချက်ကို အဓိကထားတာ ဖြစ်ပါတယ်။”

အဲ့ဒါ ဘယ်လောက်ထိ ဖြစ်နိုင်မလဲ၊ ကျနော်တို့ သိထားတာက လက်မှတ်ထိုးပြီးရင် ၁၄ ရက်အတွင်း ပူးပေါင်းကော်မတီဖွဲ့ရမှာတို့၊ ဘာတို့ ရှိတော့ နှစ်ဘက်ချိတ်ဆက်လုပ်ဆောင်မယ်ဆိုတာ ဘယ်လောက်ထိ ဖြစ်နိုင်မလဲ။

“တချို့ အယူအဆပိုင်းတော့ ကျနော်တို့ ဆွေးနွေးကြရဦးမှာပေါ့၊ ဥပမာ-ရက်ပေါင်း ၆၀ မှာ မူဘောင်ဆွဲမယ်။ ၉၀ မှာ နိုင်ငံရေးဆွေးနွေးပွဲ စမယ်ဆိုတာက ပြီးပြည့်စုံတဲ့ အန်စီအေ ထိုးပြီးရင်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ သို့သော်လည်းပဲ အခု တချို့ထိုးမယ်။ တချို့ မထိုးဘူးဆိုရင်  ဒီ အန်စီအေက အားလုံးပြီးပြည့်စုံတဲ့ အခြေအနေ ရောက်သလား၊ မရောက်ဘူးလားဆိုတာကို ၀ိုင်းပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီအပေါ်မှာ အဓိက ထားမှာပါ။”

အဲ့ဒါကိုပဲ ထပ်ရှင်းအောင် မေးပါရစေ၊ အခုလို အုပ်စု ၂ စုကွဲသွားတော့ နိုင်ငံရေးမူဘောင်ရေးဆွဲတာတို့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီ ဆက်သွားဖို့ ဆိုတာတွေအပေါ် ဘယ်လောက်ထိ သက်ရောက်မှု ရှိသွားနိုင်မလဲ။

“မူဘောင်အကြမ်းကို အန်စီစီတီက တာဝန်ပေးထားတဲ့ ၇ ဦးကော်မတီက ရေးဆွဲပြီး တိုင်းရင်းသားထိပ်သီးညီလာခံကို တင်ပြထားပါတယ်။ အဲ့ဒီတော့ အဲ့ဒီမူကြမ်းကို မိမိတို့ရဲ့ မိခင်အဖွဲ့အစည်းအသီးသီးမှာ ဆွေးနွေးကြမယ်၊ ပြီးလို့ရှိရင် လက်မှတ်ထိုးမယ့်အဖွဲ့တွေနဲ့ မထိုးမယ့်အဖွဲ့တွေ ဘယ်လိုချိတ်ဆက်မလဲ၊ အန်စီအေပြီး ပြည့်စုံအောင်ဆောင်ရွက်ပြီး ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့အပိုင်း ၂ ပိုင်းကို သီးခြား ကျနော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

၇ ဖွဲ့က သီးခြားလက်မှတ်သွားထိုးမယ်ဆိုတော့ ပြည်တွင်းပြည်ပမှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

“ဒါရှိပါတယ်၊ အင်တာနေရှယ်နယ်မှာရော ပြည်တွင်းမှာရော ပြီးတော့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေထဲမှာရော ဒါ  ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အန်စီအေမူကြမ်းကို နောက်ဆုံး အားလုံးပါဝင်ရေး တခုပဲ ကျန်ပြီးတော့ လက်ခံလိုက်တာက ဘာလဲဆိုတော့ အားလုံး တစုတစည်းတည်း ဆွေးနွေးလို့ရှိရင်  နိုင်ငံရေးဆွေးနွေးပွဲမှာ အားရှိမယ်လို့ ယုံကြည်လို့ မူကြမ်းအပေါ်မှာ အပြည့်အ၀ကျေနပ်မှု မရှိသော်လည်းပဲ အားလုံးပါဝင်ရင် ထိုးမယ်လို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီတော့ အခု တချို့တ၀က်ပဲ ထိုးတယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲမှာ အားရှိမလားဆိုတာ ကျနော်တို့ အခု စဉ်းစားရမယ့် မေးခွန်းတခု ဖြစ်နေပါတယ်။”

အခု ထိပ်သီးစည်းဝေးနေချိန်မှာပဲ မန်စီဘက်မှာ စစ်ပွဲတွေဖြစ်နေတော့ အခု လက်မှတ်မထိုးတဲ့အချိန်မှာ စစ်ရေးအရ ဖိအားပေးမှုတွေ ဖြစ်လာနိုင်သလား၊ ဘယ်လို ပြင်ဆင်ထားပါသလဲ။

“တိုက်ပွဲတွေကို နှစ်မျိုး မြင်ပါတယ်။ ဖိအားပေးတာလား၊ မဟုတ်ရင် တကယ်ပဲ ချေမှုန်းရေး စစ်လုပ်နေတာလား၊ ဒါကို ကေအိုင်အို ဗဟိုကော်မတီမှာ သုံးသပ်နေပါတယ်။ အရင် ကျနော်တို့ ပြောနေသလိုပါပဲ။ ဆွေးနွေးပွဲဆိုတာကိုတော့ စစ်ရေးနဲ့ ဖိအားပေးလို့ မရပါဘူး၊ ကေအိုင်အိုအနေနဲ့လည်း စစ်ရေးနဲ့ ဖိအားပေးလို့ လက်မျတ်ထိုးမယ်လို့ အဲ့ဒီလို မယူဆပါနဲ့လို့ ဆွေးနွေးပွဲတွေမှာ အကြိမ်ကြိမ် တရားဝင် တင်ပြခဲ့တာ ဖြစ်ပါတယ်။”

မထိုးသေးတဲ့အဖွဲ့တွေဟာ ရရှိတဲ့အခွင့်အရေးကို အမိအရ မဆုတ်ကိုင်နိုင်ဘူးလို့ ဝေဖန်ပြောဆိုချက်တွေအပေါ် ဘာပြောချင်လဲ။

“ကျနော်တို့အနေနဲ့ အခုအချိန်မှာ ဝေဖန်ချက် မပေးချင်သေးပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တချို့အဖွဲ့တွေက ဒီအချိန်ဟာ အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ဖို့လိုတယ်ဆိုတဲ့ ယုံကြည်ချက်ရှိလို့ အခုလိုပဲ တချို့အဖွဲ့တွေက ကြိုပြီး ထိုးနှင့်တာ ဖြစ်ပါတယ်။ အဲ့ဒီတော့ သူတို့ရဲ့ ဆွေးနွေးမှုနဲ့ ဖြစ်လာမယ့် ပကတိအခြေအနေပေါ်မှာပဲ ကျနော်တို့က သုံးသပ်သွားမှာ ဖြစ်ပါတယ်။”

အခုလို လက်မှတ်ထိုးဖို့ တက်သုတ်ရိုက် ဆုံးဖြတ်ခဲ့တာတွေက ဘာကြောင်းခြင်းရာပေါ် မူတည်သလဲခင်ဗျ။

“ဒီဟာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးရဲ့ မိမိတို့အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။ အဲ့ဒီတော့ ကျနော်တို့က ဒီကိစ္စကို ဝေဖန်လို့ မရပါဘူး။”

ထိပ်သီးစည်းဝေးကထွက်လာတဲ့ ဆုံးဖြတ်ချက် အကောင်းဘက်က ရှုမြင်လို့ရမလား။

“အကောင်းဘက်ကရှုမြင်လို့ မရသလို အဆိုးဘက်က ရှုမြင်လို့လည်း မရပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ တူညီတဲ့ပန်းတိုင်တခုကို မတူညီတဲ့ချဉ်းကပ်မှုမျိုးနဲ့ သွားမယ်ဆိုတဲ့ ယေဘုယျဆန်ဆန် အဖြေမျိုးပဲ ရရှိထားတာ ဖြစ်ပါတယ်။ တကယ်ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ကျနော်တို့အားလုံး အဖြေထုတ်လို့ မရသေးပါဘူး။”

အစိုးရက သူထိုးမယ်ဆိုပြီး ပေးထားတဲ့ရက် သတ်မျတ်ပြီးနေပြီ။ ကျန်တဲ့အဖွဲ့တွေအတွက် အချိန် ရှိသေးတယ်ဆိုတာ လက်တွေ့ ဖြစ်နိုင်ပါ့မလား၊

“ကျနော်ထင်တယ်၊ ခုချိန်မှာတော့ မဖြစ်နိုင်တော့ပါဘူး။ တိုင်းရင်းသားတွေဘက်မှာလည်း တချို့အဖွဲ့တွေက ထိုးမယ်လို့ ဆုံးဖြတ်ပြီ၊ တချို့က မထိုးသေးဘူးလို့ ဆုံးဖြတ်တယ်။ အဲ့ဒီတော့ အစိုးရကတော့ ဒီကြားထဲမှာပဲ ထိုးမယ်လို့ ဆုံးဖြတ်ထားတဲ့အဖွဲ့တွေနဲ့ ထိုးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ အချိန်ဆိုတာတော့ မရှိတော့ပါဘူး။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013