DVB Logo
Home
မြန်မာသတင်း
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းအချို့ကို အန်အယ်လ်ဒီက အမှုဖွင့်
DVB
·
October 3, 2015
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းအချို့ကို အန်အယ်လ်ဒီက အမှုဖွင့်
1 / 6
Donate to DVB

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ၀င်ရောက်အရွေးခံမယ့် ကြံ့ခိုင်ရေးပါတီက လျှပ်စစ်စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးနဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးအပါအ၀င် ၇ ဦးကို အန်အယ်လ်ဒီအမတ် ဦးဖြိုးမင်းသိမ်းက ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားလိုက်ပါတယ်။

အောက်တိုဘာ ၂ ရက်က လှည်းကူးရဲစခန်းမှာ ရွေးကောက်ပွဲဥပဒေပုဒ်မ၅၈ (က) နဲ့ အမှုဖွင့်တိုင်ကြားလိုက်တာဖြစ်ပြီး ရဲစခန်းက တိုင်ကြားချက်ကို လက်ခံထားပါတယ်။

လက်ရှိ လျှပ်စစ်စွမ်းအားပြည်ထောင်စုဝန်ကြီးလည်းဖြစ် လှည်းကူးမြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းလည်း ဖြစ်တဲ့ ဦးခင်မောင်စိုး၊ ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်ကြတဲ့  ဦးဆွေအောင်နဲ့ ဦးအောင်မြတ်သူပါ ၇ ဦးကို လာဘ်လာဘပေးမဲဆွယ်မှုကြောင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကိုပါ ထိခိုက်လာလို့ အမှုဖွင့်လိုက်တာဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“ကြံ့ခိုင်ရေးကို မဲပေးမယ်ဆိုရင် ဓာတ်မီးတိုင် ထောင်ပေးမယ်၊ ထရန်စဖော်မာပုံးပေးမယ်၊ ဒီလို ပြောဆိုဆွေးနွေးမှုတွေဟာ ရပ်ရွာအတွင်း နေရာအတော်များများမှာ ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေတာတွေဟာ ရွေးကောက်ပွဲအကြိုကာလ တည်ငြိမ်အေးချမ်းမှုကိုပါ ပျက်ပြားစေ သလိုဖြစ်တယ်၊ ရွာတွေမှာ အုပ်စု ၂ စု ဖြစ်လာတယ်၊ လက်ကိုလက်ခံမယ်ဆိုတဲ့သူ၊ လက်မခံဘူးဆိုတဲ့သူ၊ လက်မခံဘူးဆိုသူတွေက ဒီလိုလုပ်တာကို မကျေနပ်ကြဘူး။ လက်ခံမယ်ဆိုတဲ့သူတွေ ကြားထဲကျ နောက်ထပ်ပြဿ နာတခု ထပ်ဖြစ်တယ်။ ရွေးကောက်ပွဲမတိုင်မီ မီးတိုင်ထောင်ပေးမယ်ဆို လာထောင်ပါလား၊ ရွေးကောက်ပွဲပြီးမှ လုပ်ပေးမှာလား၊ အဲ့ဒါဆိုမသေချာတော့ဘူး၊ ဒီလိုတွေ ဖြစ်ကုန်တယ်။”

အောက်တိုဘာ ၁ ရက်က လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအုပ်စုမှာ ကြံ့ခိုင်ရေးအလံထောင်ပြီး ထရန်စဖော်မာဖွင့်ပွဲတခု လုပ်တယ်၊ ဒါ ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းလို့ မလုပ်သင့်ကြောင်း ရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌတို့ထံ အကြောင်းကြားပေမယ့် ဘာမှ လုပ်မပေးခဲ့ဘူးလို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စက်တင်ဘာ ၃၀ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တခုမှာ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို ဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းဖို့ တိုက်တွန်းခဲ့ပြီးတဲ့နောက် အခု လှည်းကူးမှာ အဖွဲ့ချုပ်အမတ်လောင်းက ပြိုင်ဘက် ကြံ့ခိုင်ရေးအမတ်လောင်းကို ပထမဆုံး အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ကျော်ဇေယျာဝင်း

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013