DVB Logo
Home
မြန်မာသတင်း
ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမှု အရေးယူသင့်ကြောင်း ဒေါ်စုပြော
DVB
·
October 3, 2015
ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမှု အရေးယူသင့်ကြောင်း ဒေါ်စုပြော
Donate to DVB

ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချတာဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်ရာ ရောက်တာကြောင့် အရေးယူသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့မှာ ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရာမှာ အခုလို ပြောကြားလိုက်တာပါ။

“ကျမကတော့ ဗုဒ္ဓဘာသာ မိသားစုက ပေါက်ဖွားလာတဲ့ ဗုဒ္ဓဘာသာဝင်ပါ။ ဒါပေမယ့် ကျမရဲ့ ဘာသာရေး ကိုင်းရှိုင်းမှုဟာ ကျမတယောက်တည်းနဲ့ပဲ ဆိုင်ပါတယ်။ ကျမအဲဒီဟာကို နိုင်ငံရေးအတွက် အသုံးချရမယ်ဆိုရင် ကျမဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ရာရောက်လို့ ကျမတို့ဆိုရင် အရေးယူမှာပဲ။ တခြားလူတွေ ဘာလို့ အရေးမယူတာလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေနော် ရိုးရိုးသားသား ဥပဒေမဟုတ်ဘူး။ အဲတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တဲ့ ပုဂ္ဂိုလ်တွေက ယုံကြည့်သင့်တဲ့ ပုဂ္ဂိုလ်တွေလားဆိုတာ စဉ်းစားကြရမယ်။”

ဒါ့အပြင် ငြိမ်းချုပ်ရေးဖြစ်စဉ်တွေမှာ အဖွဲ့ချုပ်က မပါဝင်သေးတဲ့အခြေအတွေနဲ့ ပတ်သက်ပြီးလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဘာလို့ မပါသလဲဆိုပြီး တချို့က မေးကြတယ်။ တိုတိုပဲ ပြောရရင် ကျမတို့ကို မဖိတ်ခေါ်လို့ မပါတာပါ။ ဖိတ်ခေါ်တဲ့အခါကျလို့ရှိရင် ကျမတို့ဟာ ပါဝင်ဖို့ အဆင်သင့်ပါလို့ ကျမ ပြောချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၂ ရက်နေ့ကစပြီး ကချင်ပြည်နယ် မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို စတင်လိုက်တာဖြစ်ပြီး ၆ ရက်နေ့အထိ ကချင်ပြည်နယ်က မြို့တွေမှာ မဲဆွယ်စည်းရုံးမှာဖြစ်ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့က မြစ်ကြီးနားနဲ့ ၀ိုင်းမော်မှာ လူထုဟောပြောပွဲပြုလုပ်ခဲ့ပြီးနောက် ဒီနေ့ နမ္မတီး ဟောပြောပွဲပြုလုပ်ခဲ့တာပါ။ ဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ မိုးကောင်းမြို့နဲ့ မိုးညှင်းမြို့တွေမှာ လူထုဟောပြောပွဲတွေ ပြုလုပ်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013