DVB Logo
Home
မြန်မာသတင်း
ဟန့်တား နှောင့်ယှက်သူများကို ဥပဒေအရ ရင်ဆိုင်ရန် အန်အယ်လ်ဒီ တိုက်တွန်း
DVB
·
October 2, 2015
ဟန့်တား နှောင့်ယှက်သူများကို ဥပဒေအရ ရင်ဆိုင်ရန် အန်အယ်လ်ဒီ တိုက်တွန်း
Donate to DVB

အဖွဲ့ချုပ်ဗီနိုင်းဆိုင်းဘုတ်တွေ ဖျက်ဆီးတာ၊ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရာမှာ တားမြစ်ဟန့်တား နှောင့်ယှက်တာ စတဲ့ လုပ်ရပ်တွေကို ဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းကြဖို့ အန်အယ်လ်ဒီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ ၃၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲ့ဒီကြေညာချက်ထဲမှာ အချို့ဒေသတွေမှာ အဖွဲ့ချုပ်ဗီနိုင်းဆိုင်းဘုတ်နဲ့ အဖွဲ့ချုပ်အလံတွေကို ဖျက်ဆီးတာ၊ အဖွဲ့ချုပ်ဝင်တွေကို ရိုက်နှက် ထိုးကြိတ်တာ၊ မဲဆွယ်စည်းရုံးပွဲတွေကို ၀င်ရောက်နှောင့်ယှက် ဟန့်တားတာ၊ အဖွဲ့ချုပ်ခေါင်းဆောင်နဲ့ အဖွဲ့ချုပ်ကို ဝေဖန်ပုတ်ခတ်စော်ကားတဲ့ စာရွက်စာတမ်းတွေ ဖြန့်ဝေတာ၊ မိမိတို့ဒေသကို လာပြီး မဲမဆွယ်ဖို့ တားမြစ်တာ စတဲ့ လုပ်ရပ်တွေကို လူဆိုးလူသွမ်း လူရမ်းကားတစုက ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်တွေဟာ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေ၊ ပြစ်မှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းတယ်၊ ဒါ့ကြောင့် ပြစ်မှုကျုးလွန်သူတွေကို ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားကြဖို့၊ တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး တရားစွဲကြဖို့၊ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေထံ တိုင်ကြားကြဖို့ ကြေညာချက်မှာ တိုက်တွန်း ဖော်ပြထားပါတယ်။

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က လတ်တလော အမှုဖွင့်ထားတာ တမှုရှိပြီး ကော်မရှင်ကို တိုင်ကြားထားတာတွေကတော့ ခုထိ မထူးသေးဘူးလို့ ပြောပါတယ်။

“အခု လောလောဆယ်ကတော့ လှည်းကူးမြို့နယ်မှာ ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုးက ရွာတရွာမှာ ထရန်စဖော်မာတွေ ပေးပြီးတော့ မဲဆွယ်တဲ့ စကားတွေပြောလို့ ဒါဟာ ရွေးကောက်ပွဲကော်မရှင်ဥပဒေနဲ့ ငြိတယ်ဆိုပြီးတော့ အန်အယ်လ်ဒီက ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပြီးပြီ၊ အမှုဖွင့်ထားပြီးပြီလို့ ကြားတယ်။”

ဧရာဝတီတိုင်း၊ မြောင်းမြ၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနဲ့ ဆားလင်းကြီး၊ မန္တလေးတိုင်း၊ မလှိုင် စတဲ့ဒေသတွေမှာ ဆိုင်းဘုတ်နဲ့ အလံတွေ ဖျက်ဆီးခံရတာ၊ ကိုယ်စားလှယ်လောင်းတွေ တားမြစ်နှောင့်ယှက်ခံရတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်ရက်စွဲနဲ့ပဲ ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ချုပ်အောင်နိုင်ရေးအဖွဲ့ရဲ့ ကြေညာချက်တခုမှာတော့ အဖွဲ့ချုပ်က ထုတ်ထားတဲ့သူတချို့က တသီးပုဂ္ဂလအနေနဲ့ မဲဆွယ်စည်းရုံးနေရာမှာ အဖွဲ့ချုပ်နာမည်ကိုသုံးပြီး လိမ်လည်လှည့်ဖြား မဲဆွယ်နေကြတယ်၊ အဲ့ဒီတသီးပုဂ္ဂလတွေဟာ အဖွဲ့ချုပ်နဲ့ လုံးဝ မသက်ဆိုင်ကြောင်းနဲ့ နောင်မှာလည်း သက်ဆိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တနိုင်ငံလုံးမှာ ကိုယ်စားလှယ်လောင်းပေါင်း ၁၁၃၀ ၀င်ပြိုင်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013