DVB Logo
Home
မြန်မာသတင်း
ဝ တိုင်းရင်းသားများ ရွေးကောက်ပွဲဆိုင်ရာ အသိပညာအားနည်း
DVB
·
October 2, 2015
ဝ တိုင်းရင်းသားများ ရွေးကောက်ပွဲဆိုင်ရာ အသိပညာအားနည်း
1 / 2
Donate to DVB

ဝဒေသက တိုင်းရင်းသားပြည်သူ အများစုဟာ မဲထည့်နည်း အပါအ၀င် ရွေးကောက်ပွဲဆိုင်ရာ အသိပညာ အားနည်းနေသေးတယ်လို့ ဒေသထဲ ကွင်းဆင်း မဲဆွယ်စည်းရုံးရေး လုပ်နေတဲ့ ၀ နိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။

ပါတီစည်းရုံးရေးဆင်းရာမှာ မဲမဆွယ်ရဘဲ မဲဆန္ဒရှင် အမည်စာရင်း ကြည့်နည်းနဲ့ မဲထည့်ပုံ ထည့်နည်းတွေသာ ရှင်းပြခဲ့ရတယ်လို့ ၀အမျိုးသားစည်းလုံးညီညွတ်ရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဆမ်ဆောင်ကားက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ပါတီက အရင်လဆန်းကတည်းကစပြီး တန့်ယန်း၊ ဟိုပန်၊ မက်မန်း စတဲ့မြို့နယ်တွေမှာ ကွင်းဆင်းနေပါတယ်။ ကွင်းဆင်းလို့ မပြီးသေးတော့ တွေ့ရှိချက်အားလုံး ပြောလို့မရသေးဘူး။ ဒါပေမယ့် အခုသွားသလောက်တော့ မဲစာရင်းမှန်ဖို့နဲ့ မဲဘယ်လို ထည့်ရမလဲ ဆိုတာတွေပဲ လုပ်နေရတယ်။ မဲစာရင်းမှားနေတာ၊ သေတဲ့သူနာမည်တွေ ပြန်ပါတာ၊ မဲစာရင်းနာမည်မပါတာ၊ တချို့ရွာတွေဆို မဲစာရင်းလာမကပ်ပေးတဲ့ ရွာတွေရှိနေတယ်။ အဲဒါတွေ လိုက်ပြော လိုက်ရှင်းနေရတာနဲ့ မဲဆွယ်ဖို့ နှောင့်နှေးနေရပါတယ်။”

ရွေးကောက်ပွဲပညာပေး ရှင်းပြနေတာနဲ့ ရွာသားတွေလည်း သူတို့လိုလားချက်တွေ မတင်ပြသေးနိုင်ကြောင်း၊ ဒါပေမယ့် ၀ ပြည်သူတွေကြားမှာ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေ နိမ့်ကျနေသေးတဲ့အတွက် ပါတီအနိုင်ရရင် ဖွံ့ဖြိုးရေးကို အဓိကထား ဆောင်ရွက်ရမယ်လို့ သူက ဆက်ပြောပါတယ်။

ဝ အမျိုးသားစည်းလုံးညီညွတ်ရေးပါတီအနေနဲ့ အမျိုးသားလွှတ်တော် ၁ ဦး၊ ပြည်သူ့လွှတ်တော်မှာ ၅ ဦး၊ ပြည်နယ်လွှတ်တော်မှာ ၁၀ ဦး စုစုပေါင်း ၁၆ ဦး ရွေးကောက်ပွဲဝင်ဖို့ ရှိပြီး ရှမ်းပြည်မြောက်ပိုင်း တန့်ယန်း၊ ဟိုပန်၊ မက်မန်းနဲ့ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းဆတ် စတဲ့မြို့နယ် ၅ ခုမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

27-Logoအလားတူ ၀ ဒီမိုကရက်တစ်ပါတီရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာလည်း ရွေးကောက်ပွဲအကြောင်းကို ရွာသားတွေ သဘောမပေါက်သေးသလို ၀န်ထမ်းတွေ ကိုယ်တိုင်တောင်မှ သဘောမပေါက်သေးဘူးလို့ ဟိုပန်ဒေသဘက်က ပြန်ရောက်လာတဲ့  ၀ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဟိုပန်မြို့နယ်က ပန်လုံ၊ မတ်မန့်လျံ စတဲ့ ရွာတွေ၊ အစိုးရအုပ်ချုပ်ရေးရှိနေတဲ့ ရွာအားလုံးကို ကွင်းဆင်းပြီးပါပြီ။ ရွာသားတွေလည်း သဘောမပေါက်သေး၊ ၀န်ထမ်းတွေလည်း ကောင်းကောင်း သဘောမပေါက်သေးဘူး။ ရွာသားတွေက မဲပေးရမယ့် လူစာရင်းမှာ ကိုယ့်နာမည် ပါလား မပါလား ဆိုတာလည်း မသိဘူး၊ ဘာသိဘာသာပဲ နေနေကြတယ်။ မထည့်လည်း ရတယ်မဟုတ်လားလို့မေးတယ်။ နိုင်ငံသားအခွင့်အရေးဆိုတာကို အကြိမ်ကြိမ် မောနေအောင် ရှင်းပြရတယ်။”

ရွာသားတွေအနေနဲ့တော့ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်လိုတဲ့ ဆန္ဒသာရှိကြောင်း၊ ကွင်းဆင်းလေ့လာချက်အရ ရေမီးမလုံလောက်တဲ့ ပြဿ နာ၊ စာတတ်သူ ဦးရေနည်းပါးတာ၊ နိုင်ငံရေး၊ လူမှုရေး ဗဟုသုတ နည်းပါးတာတွေ တွေ့ရှိရတယ်လို့ သူက ဆက်ပြောပါတယ်။

ပါတီရည်ရွယ်ချက်ကတော့ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တိုင်းရင်းသား တန်းတူအခွင့်အရေး ရရှိရေးတို့ဖြစ်ပြီး လိုအပ်နေတဲ့ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဝ ဒီမိုကရက်တစ်ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ် ၇ နေရာ အနိုင်ရခဲ့ပြီး ဒီနှစ် ရွေးကောက်ပွဲမှာတော့ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်နယ်လွှတ်တော် ၈ နေရာနဲ့ ပြည်သူ့လွှတ်တော် ၂ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၁ ဦးတို့က ဟိုပန်၊ မက်မန်း၊ ကွန်လုံနဲ့ တန့်ယန်းမြို့နယ် ၄ ခုမှာ ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013