DVB Logo
Home
မြန်မာသတင်း
အန်စီအေ လက်မှတ်ထိုးမည့်အပေါ် ကရင်အရပ်ဘက်အဖွဲ့အစည်းများ တုံ့ပြန်
DVB
·
October 1, 2015
အန်စီအေ လက်မှတ်ထိုးမည့်အပေါ် ကရင်အရပ်ဘက်အဖွဲ့အစည်းများ တုံ့ပြန်
Donate to DVB

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ ရက်ကြာ ကျင်းပပြီးစီးသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးအစည်းအဝေးမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) ကို တက်ရောက်သူအများစုက လက်ရှိအချိန်မှာ လက်မှတ်မထိုးနိုင်သေးဘူးလို့ ဆုံးဖြတ်လိုက်ပြီး အဖွဲ့ ၇ ဖွဲ့ကတော့ ပါဝင်လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားပါတယ်။

ဒီလက်မှတ်ထိုးမယ့် ၇ ဖွဲ့ထဲမှာ ၃ ဖွဲ့ဟာ KNU၊ DKBA နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ ကရင်လက်နက်ကိုင်အဖွဲ့တွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ကရင် လူထုအခြေပြု အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားကို စုစည်းထားပါတယ်။

ဒေါက်တာ စင်သီယာမောင် (မယ်တော်ဆေးခန်းတည်ထောင်သူ)

“ကျမတို့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေရှည်ငြိမ်းချမ်းရေး တကယ်ပဲတည်တံ့ဖို့ကကျတော့ အားလုံးတပြိုင်တည်းထိုးတာတော့ အကောင်းဆုံးဖြစ်ပါတယ်။”

နော်ကညောဖော (ကရင်အမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး)

“ကျမတို့ အခြေခံလူမှုအဖွဲ့အစည်းတွေရဲ့ သဘောထားကတော့ အတူတူပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီစာချုပ်ဟာ ‘တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်’ လို့ ခေါ်တဲ့အတွက် လက်မှတ်ထိုးရာမှာလည်း တနိုင်ငံလုံးက လက်မှတ်ရေးထိုးရမယ်။ အခုက ၇ ဖွဲ့ပဲထိုးမယ်။ အဲဒီ ၇ ဖွဲ့ထဲကမှ ကရင်က ၃ ဖွဲ့ဆိုတော့ ကျမတို့ရဲ့ စိုးရိမ်မှုက ဒီလူနည်းစု ၇ ဖွဲ့ပဲထိုးမယ်။ ကျန်အများစုကမထိုးဘူး။  အထူးသဖြင့် တိုက်ပွဲဖြစ်နေတဲ့ဒေသက လက်မှတ် မထိုးဘူးဆိုတော့ ဒီ ၇ ဖွဲ့အနည်းစုရဲ့ နိုင်ငံရေးဆွေးနွေးမယ့်အသံတွေ မရှိမှာကို စိုးရိမ်တယ်။ ကျမတို့အတွက် စိုးရိမ်စရာဖြစ်သလို စိတ်မကောင်းစရာ တွေအများကြီဖြစ်ပေါ်လာတယ်။

ကျမတို့မျှော်လင့်တာက ဒီအန်စီအေစာချုပ်ဟာ အားလုံပါဝင်ရေးပါ။ ပါဝင်လို့မရ သေးတဲ့သူတွေ အတွက်တောင် အနည်းစုဖြစ်ရမယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်း သမ္မတဦးသိန်းစိန်နဲ့ သွားတွေ့တဲ့အချိန်တုန်းက အခြေအနေအမျိုးမျိုး ကြောင့်လက်မှတ်မထိုးနိုင်သည့် တိုင်းရင်းသား လက်နက်ကိုင်လူနည်းစုတွေအတွက် နိုင်ငံရေး/စစ်ရေး/လူမှုရေး အာမခံချက် ရရှိဖို့လုပ်မယ်လို့ ပြောထားတယ်။ ဒါပေမယ့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမရှိတဲ့အခါ ကျတော့ ကျမတို့အတွက် စိုးရိမ်စရာဖြစ်တယ်။

အထူးသဖြင့် ကရင်ပြည်နယ်ဟာ မွန်ပြည်နယ်နဲ့နယ်နိမိတ်ထိစပ်နေတယ်။ ကရင်နီနဲ့ ထိစပ်နေ တယ်။ ကရင်တွေပဲ လက်မှတ်ထိုး ငြိမ်းချမ်းရေးတည်ဆောက်ပြီး  တခြားပြည်နယ်က တိုက်ပွဲဖြစ်နေ မယ်ဆိုရင် ကျမတို့ ကရင်ပြည်နယ်ကိုလည်း လာရောက်ထိခိုက်နေမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ နယ်နိမိတ်ချင်းထိစပ်နေလို့ပါ။”

ဆရာအောနက် (မယ်လဒုက္ခသည်စခန်းဥက္ကဋ္ဌ)

“ကျနော်တို့ ခေါင်းဆောင်တွေရဲ့လှုပ်ရှားမှုနဲ့ စီစဉ်မှုဟာ ကျနော့်အနေနဲ့ လက်ခံနိုင်ပါတယ်။  ဒါပေမယ့် ကျနော်တို့ လူမှုအဖွဲ့အစည်းထဲမှာတော့ ကျနော်တို့ ခေါင်းဆောင်တွေအနေနဲ့ သူတို့ လုပ်ဆောင်ချက်တွေကို ကောင်းကောင်းမွန်မွန်ရှင်းပြစေလိုတယ်။

ကျနော့်တယောက်တည်း အမြင်ပြောရရင်တော့ ပထမတချက်အနေနဲ့ စစ်တိုက်လာတာ နှစ်တွေလည် ကြာပြီ။ ဒီလို အပစ်ခတ်ရပ်စဲရေးလုပ်နိုင်ရင်တော့ ပြည်သူလုထု အတွက် နည်းနည်း သက်သာချောင်ချိလာမယ်လို့ မြင်တယ်။

ဒါပေမယ့်အခု ဒီလက်မှတ်ထိုးမယ့်နေရာမှာလည်း ရွေကောက်ပွဲနဲ့ကလည်း ပတ်သက်ဆက်နွှယ် နေတယ်။ တကယ်လို့ အစိုးရသစ်တက်လာမယ်ဆိုရင် ဒီလက်မှတ်ထိုးမှာ တိကျတဲ့ အာမခံချက်တွေ မရှိရင် အခက်အခဲဖြစ်လာနိုင်တယ်။ တက်လာမယ့်အစိုးရသစ်နဲ့ အာမခံချက် မပေးနိုင်ဘဲ ဒီငြိမ်းချမ်းရေးကိစ္စဆက် ဆွေးနွေးဖို့ မပြောဆိုရင်ဘူးဆိုရင် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ခေါင်းဆောင်တွေအနေနဲ့ အကောင်းဆုံး စဉ်စားသုံးသပ်ပြီး လုပ်ဆောင်မယ်လို့ ယုံကြည်ပါတယ်။”

စောပေါလ်စိန်ထွား (ညှိနှိုင်းရေးမှူး - ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်)

“ကျနော်တို့မူကတော့ အများစုဖက်က ထိုးလို့ရှိရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။ အနည်းဆုံး အားလုံးပါဝင်ရေးမှုကို ကျနော်တို့က အားပေးတယ်။ ဒါပေမယ့် မရသည့်အဆုံး အနည်းဆုံးကတော့ အများစုကပါသင့်တယ်. အများစုက တကယ့်အင်အားကြီးတဲ့အဖွဲ့တွေ ပါရမယ်။ ဥပမာ (KIO) ပါဖို့လိုတယ်။ သူတို့က နိုင်ငံရေးရော စစ်ရေးရော အင်အားရှိတဲ့အတွက်ကြောင့် နိုင်ငံရေးဆွေးနွေးတဲ့အခါ ပိုပြီးတော့ထိရောက်မှုရှိမှာပေါ့။ ဒါပေမယ့် အခု နှစ်ဖွဲ့ကွဲသွားတဲ့ပေါ်မှာ ကျနော်တို့လည်း လုံးဝစိတ်မကောင်းဘူး။ အန်စီအေကို နောက်ဆုံးထိုးရမယ့်အချိန်မှာ ဒီလိုထပ်ပြီး ကွဲတဲ့အခါကျတော့ အခြေအနေပြန်ကြည့်မယ်ဆိုရင် အန်စီအေထိုးမယ်ဆိုရင်လည်းဘာအဓိပ္ပါယ်ရှိ မှာလဲပေါ့။ အခု သိနေတဲ့အတိုင်းပဲ ကချင်ပြည်တို့ ရှမ်းပြည်တို့မှာ တိုက်ပွဲတွေကလည်း မရပ်သေးဘူး။ ပြီးတော့လည်း ဒေသအသီးသီးမှာ ကျနော်တို့ သိရသလောက်ကတော့ စစ်တပ်တွေက ပိုပြီးတော့ လှုပ်ရှားနေတယ်။ လျော့နည်းသွားတာ မတွေ့ရဘူး။ အပစ်အခတ်ရပ်စဲရေး အကြောင်း ပြောပြီး အပစ်ရပ်ရေး လုံးဝအကောင်အထည်မဖော်တဲ့ အနေအထားမျိုးဖြစ်နေတော့ စစ်ပြေးဒုက္ခသည်အပါအ၀င် ပြည်သူလူထုအတွက်ဘာမှ အကြောင်းထူးမလာဘူးဆိုရင် ဘာကြောင့် လက်မှတ်ထိုးရမှာ လဲပေါ့။ အန်စီအေလက်မှတ်ထိုးမယ်ဆိုရင် အားလုံးပူးပေါင်းပါဝင်ထိုးမှ ငြိမ်းချမ်းရေးကနေ နိုင်ငံရေးဆွေးနွေးပွဲ သွားနိုင်မှာပေါ့။ အခုဟာက အန်စီအေထိုးရေးမထိုးရေးအပေါ် သဘောထား ကွဲလွဲမှုတွေ ရှိနေဆဲဆိုတော့ ဒီအချိန်မှာ ဒီလို တကွဲတပြားသွားနေရင် အားလုံးမျှော်လင့်သော တနိုင်ငံလုံးအတိုင်းအတာ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးကို ဘယ်အချိန်မှ ကျတော်တို့ရနိုင်မှာလဲ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013