DVB Logo
Home
Lead Story
၅ နှစ်ကာလ ဘာတွေရခဲ့ကြသလဲ
DVB
·
October 1, 2015
၅ နှစ်ကာလ ဘာတွေရခဲ့ကြသလဲ
Donate to DVB

၂ဝ၁၅ သည် သမ္မတဦးသိန်းစိန်အစိုးရ၏ နောက်ဆုံးနှစ် ဖြစ်ပြီး ၂ဝ၁၆ ရောက်လျှင် အနိုင်ရသောပါတီနဲ့ အစိုးရသစ်လက်ထဲ အာဏာလွှဲပြောင်းပေးရမည် ဖြစ်သည်။ ဦးသိန်းစိန် သမ္မတဖြစ်ချင်လည်းဖြစ်နိုင်လေသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲမဝင်ပဲနဲ့လည်း အစိုးရဖွဲ့နိုင်သော အကွက်များ ရှိနေ၍ ဦးသိန်းစိန်သမ္မတ ပြန်မဖြစ်နိုင်ဟု ကံသေကံမ ပြော၍ မရနိုင်ပေ။ ယခု ရွေးကောက်ပွဲမှာ အင်အားအကောင်းဆုံးသော ပြည်ခိုင်ဖြိုးပါတီနဲ့ အတိုက်အခံ ဘက်မှ အင်အားကောင်းသော အန်အယ်လ်ဒီပါတီတို့ ကျားနဲ့ ဆင် လယ်ပြင်တွေ့ဆိုသော စကားအတိုင်း ဒေါင်းနဲ့ ခြသေ့င်္ လယ်ပြင်တွင်တွေ့ရမည် ဖြစ်သည်။ ၁၉၉ဝ ပြည့်တုန်းကလို ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလို အန်အယ်လ်ဒီ၏ ရပ်တည်ချက်အတိုင်းဆိုလျှင် အဖြူအမဲ သဲကွဲစရာ ရှိသော်လည်း ယခုအခြေအနေမှာမူ အဖြူအမဲ မသဲကွဲနိုင်ပေ။ ဘူးလတ်ဦးလှဆွေ ပြောသလို ပြည်ခိုင်ဖြိုး ၂၆ ရာခိုင်နှုန်းလောက်ဆိုလျှင် အပျော့လေးပင်ဟု မိမိကိုယ်ကို ယုံကြည်လွန်းအားကြီးသော အပြောမျိုးရှိပြီး အန်အယ်လ်ဒီ သပိတ်ဝင်အိတ်ဝင် နိုင်ဖို့မှာလည်း မလွယ်လှပေ။

၅ နှစ်တာကာလ ပြည်ခိုင်ဖြိုးအစိုးရ၏ လှုပ်ရှားဆောင်ရွက်မှုများကို အမှန်အတိုင်း၊ အရှိအတိုင်း သုံးသပ်ကြည်ဖို့ လိုလာပါသည်။ ယခင်စစ်အစိုးရလက်ထက်ကလို အကန့်အသတ်မရှိ အုပ်ချုပ်ခဲ့သော အစိုးရမဟုတ်ပဲ ၅ နှစ် ၁ ကြိမ် ရွေးကောက်ပွဲလုပ်ပြီး ပါတီစုံ ယှဉ်ပြိုင်ကာ အုပ်ချုပ်ခဲ့သော အစိုးရ ဖြစ်၍ ဝေဖန် သုံးသပ်ကြည့်ဖို့ လိုလာပါသည်။ ထိုသို့ သုံးသပ်ရာတွင် အစိုးရအဖွဲ့သစ် ကြွေးကြော်ခဲ့သော ယခင်အစိုးရလို မဟုတ်တော့ပဲ ပြုပြင်ပြောင်းလဲရေးများ လုပ်ပါမည်။ ဒီမိုကရေစီလမ်းကြောင်း ချီတက်ပါမည်ဆိုသော ကတိအာမခံချက်များကြောင့် အရပ်ဝတ် စစ်ဗိုလ်ချုပ်ကြီးများ အုပ်ချုပ်သော အစိုးရသစ်၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ကို သုံးသပ်တွက်ချက်ဖို့မှာ ပညာရှင်များ၏ တာဝန်ဖြစ်ပြီး ပြည်သူများအနေဖြင့်မူ တိုးတက်မှု ဘာမှမရှိပါဟု ဆိုရမလို ဖြစ်နေပါသည်။ ထို့ကြောင့် သမ္မတဦးသိန်းစိန် အစိုးရ၏ ၅ နှစ်တာ အစိုးရသက်တမ်းတိုးတက်မှုရှိ၊ မရှိ၊ ပြောင်းလဲမှု ရှိ၊ မရှိကို ရှင်းပြနေသည်ထက် သင်္ဂဇာဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော ဖိုးတရုတ်ဖက်ရောင်း သွားသလို ဆိုသော ဟောကြားချက်အား တင်ပြလိုက်ရပါသည်။

“ပြည်မြို့ကလင် မောင်တရုတ်နဲ့ မယား မိတုတ်တို့သည် အိုးအိမ်နဲ့ နေကြရာ ရန်ကုန်မြို့မှာ ဖက်ဈေး ကောင်းသည်ဟု သတင်းကြားသောကြောင့် မယားမိတုတ်က ‘မောင်တရုတ် ရန်ကုန်မြို့၌ ဖက်ဈေးကောင်းသည်ဟု လူအပေါင်းတို့ ပြောကြသည်။ မောင်မင်းသွား၍ ဖက်များကို ရောင်းချေ” ဟုဆို၏။

ထိုအခါ ဖိုးတရုတ်က “မိတုတ်၊ ညည်းကတော့ အလွယ်ကလေးပြောလို့။ ရန်ကုန်မြို့ ဆိုတာ တခါတခေါက်မျှ မရောက်ဖူးသည့်အတွက် အသွားရခက်သည်” ဟု ပြောကြားလျှင် မယားမိတုတ်က “ကျွန်ုပ်စခန်းကျအောင် လမ်းပြလိုက်ပါမည်။ ပုတ်ကြီးကတလုံး၊ ပုတ်ငယ်က တလုံး။ ဤ ၂ လုံးကို ပြီးဆုံး အောင်ရက်၍ ဖက်များကိုသာ အဆင်သင့်ထည့်ထားပါ” ဟုဆိုရာ ဖိုးတရုတ်သည် ပုတ်ကြီးပုတ်ငယ် ၂ လုံး ကို ပြီးဆုံးအောင် ရက်ပြီးလျှင် ဖက်များကို ထည့်သွင်းပြီး၍ “ညည်းပြောမည့်ခရီးလမ်းကိုသာ စခန်းကျမှာ လိုက်တော့။ ငါဖက်ရောင်းသွားမည်” ဟု ပြောကြားရာ မယားမိတုတ်က ရန်ကုန်မြို့သို့သွားသော ခရီးလမ်းစကို ပြ၍ “ဟောသည်က သည်လိုသွား။ ပုတ်ကြီးကိုရှေ့ကထား၊ သညာအမှတ်အားဖြင့် ပုတ်ကြီးသွားရာကို သာ အမြဲမှတ်လိုက်ပေတော့” ဟု လမ်းညွှန်လိုက်သတဲ့။

ထိုအခါ မောင်တရုတ်သည် ပုတ်ကြီးကို ရှေ့ကထား၍ ပုတ်ငယ်ကိုနောက်က ထားပြီးလျှင် အစဉ်အတိုင်း ပြည်မြို့မှ ရန်ကုန်မြို့သို့ သွားရာ လမ်းခရီးမှာ မောပန်းသဖြင့် ပုတ်ထမ်းကို လမ်းပေါ်တွင် ချထား၍ နားနေလေသတည်း။ ထိုသို့ ပုတ်ထမ်းကို လမ်းလယ်တွင် ချထားရာ ခရီးသွားလမ်းလာတို့က “ဤပုတ်ထမ်းကို လမ်းပေါ်မှာ ထားသည့်အတွက် အသွားရခက်သည်” ဟု ဆိုပြီးလျှင် ယခင်ရှေ့ကထားသော ပုတ်ကြီးကို နောက်ကထားပြီးလျှင် ပုတ်ငယ်ကို ရှေ့ကထား၍ ဘေးနားတွင် ပြင်၍ ချထားခဲ့ကြသတဲ့။

မောင်တရုတ်သည် အမောအပန်းပြေသဖြင့် “သွားဦးမှပဲ” ဟု ထမ်းမြဲပုတ် ၂ လုံးကို ထမ်း၍ ခရီးလမ်းသို့သွားမည်ရှိရာ၊ မယားက မှာလိုက်သောနည်းဖြင့် ပုတ်ကြီးသွားရာသို့ လိုက်မည်ဟုကြံပြီးလျှင် နောက်ပြန်ဖြစ်နေသည်ကို မသိ။ ပုတ်ကြီးကို ကြည့်၍သွားသဖြင့် မှောက်မှားချွတ်ယွင်း၍ နေရင်းဖြစ်သော ပြည်မြို့သို့ လူတို့မီးထွန်းသော အချိန်ဆိုက်ရောက်လျှင် ဆင်ခြင် စဉ်းစားသည်မှာ “အင့်ဟင် - ရန်ကုန်မြို့က လည်း ငါတို့ ပြည်မြို့နှင့် တယ်တူပါတကား။ ရွှေတိဂုံဘုရားကလည်း ငါတို့ ပြည်ဆံတော်ဘုရားနဲ့  မခြားပါ ကလား” ဟု အောက်မေ့၍ သွားရာ မယားမိတုတ်အိမ်၏ အနီးအပါးသို့ ရောက်ပြန်သောအခါ “အို - သည်အိမ်နှယ် ငါတို့အိမ်နဲ့  တူလေသည်။ ” ဟု ဆိုပြီးလျှင် တည်းခိုသင့်မည်ဟု နှလုံးထားလျှက် အိမ်ရှေ့အပါးက ရပ်၍ “အို - အိမ် ရှင်တို့ အို - အိမ်ရှင်တို့ ” နှင့် ခေါ်သံကိုကြားသဖြင့် မယားမိတုတ်က “မောင်တရုတ်အသံနဲ့ တူသည်” ဟု အောက်မေ့လျက် အပြင်သို့ထွက်၍ မေးသည်မှာ “ဘယ်အရေးဘယ်ကိစ္စ ဘယ်အရပ်ဌာနကလဲရှင်”ဟု မေးသော် “အမိရယ် - ပြည်မြို့ကပါ။ ရန်ကုန်မြို့သို့ ဖက်ရောင်း လာခဲ့ပါသည်။ ညဥ့်အခါနဲ့ ကြိမ်သောကြောင့် တည်းအိမ်လိုက်၍ ရှာပါသည်။ တညဥ့်တာ တည်းခိုပါရစေ။” ဟု ပြောကြားလျှင် မယားမိတုတ်က “မောင်တရုတ်အသံနဲ့ တူသည်။ လူပုံကို ဆင်းသက်၍ မီးခွက်နဲ့ ကြည့်ဦးမည်” ဟု ဆင်းလာသည်ကို မောင်တရုတ်မြင်လျှင် “အင့်ဟင် - ပြည်မြို့၌ ဖြစ်ပါမူ အိမ်သူသက်ထား ငါ့မယားမိတုတ်ဟု ဧကဝုစ် စွပ်စွဲရာ၏။ ယခုမှာကား ရန်ကုန်မြို့၌ ဖြစ်ခြင်းကြောင့် မစဉ်းစားတတ်နိုင်အောင် ရှိတော့မည်။”ဟု အောက်မေ့ ဆင်ခြင်၍ အိမ်ရှင်မိန်းမအား “စကားတစ်လုံးမေးပါရစေ အမိရယ်။ စိတ်မရှိပါနဲ့”ဟု ပြောကြားသော် မယားဖြစ်သူ မိတုတ်က မောင်တရုတ်ဖြစ်သည်ကို စင်စစ်သိငြားသော်လည်း “အဘယ်စကားကို သူပြောမည်နည်း” ဟု နှလုံးထား၍ “အဘယ်စကားကို မေးချင်ပါသလဲရှင် မေးသာမေးပါ” ဟု ဆိုသောအခါ “ပြည်မြို့မှာ အမိနှင့် ညီအမအရင်းရှိသလား” ဟု ပေး၏။

ထိုအခါ မိတုတ်က “ကျွန်ုပ်နှင့် ညီအမမရှိပါ။ အဘယ်အကြောင်းအရာကြောင့် မေးပါ သနည်း” ဟုဆိုလျှင် “အို - ပြည်မြို့က ကျွန်ုပ်၏ မိန်းမနဲ့ ပုံရူပတူလွန်းလို့မေးပါသည်” ဟု ပြောကြားရာ မယားမိတုတ်က ရုတ်တရက် သျှောင်ကို ဆွဲပြီးလျှင် “ဘယ့်နှယ့်ကြောင့် ရန်ကုန်သို့ ထွက်ရာက ပြည်မြို့ဘက်သို့ ပြန်ရောက်သနည်း”ဟု ဆီးကြိုရိုက်နှက်သောအခါ “မိုက်ပါဘိ ရှင်မရယ်၊ ငါ့ကိုညည်းမလုပ်နဲ့။ ပုတ်ကြီးကိုသာ ဓားနဲ့ ခုတ်ပစ်လိုက်ပါ” လို့ ဆိုသတဲ့ ဒကာတို့ရဲ့။ ဤအတူမင်းတို့ကံ၊ ဒွါရရှုပ်နည်းမှာလည်း ပုတ်ကြီးကို ဓားနဲ့ ခုတ်ပစ်လိုက်မှပဲ ငြိမ်းတော့မည် ထင်သည်။”ဟု ဆရာတော်ဘုရားကြီးက ရေးသားထားသည်ကို ဖတ်ရပါသည်။

ဦးသိန်းစိန်အစိုးရမှာလည်း ဖိုးတရုတ်ဖက်ရောင်းသွားသလို ရန်ကုန်မရောက်ပဲ ပြည်ကို ပြန်လှည့်နေသလို ဖြစ်နေတော့သည်။ ၅ နှစ်တာ ကာလလုံးလုံး ဒီမိုကရေစီခရီးလမ်းကြောင်း လျှောက်လှမ်းမည်ဆိုသော်လည်း ပုဒ်မ ၁၈ ကို ဖောခြင်းသောခြင်း သုံးကာ ဆန္ဒပြကျောင်းသားများ ကို ထောင်ထဲသွင်း၊ ဆန္ဒပြလယ်သမား၊ အလုပ်သမားများကို ထောင်ချဖြင့် ယခင်စစ်အစိုးရ ကာလနဲ့ ဘာမှ ထူးထူးခြားခြား ရှိမလာခဲ့ပေ။ စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်သည်ဆိုသော်လည်း အောက်ခြေလူတန်းစားများမှာမူ မွဲသထက်မွဲကာ ကုန်ဈေးနှုန်း ကြီးသည့်ဒဏ်ကို ခံနေရပါသည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသည် ဆိုသော်လည်း တိုက်ပွဲများ ရှိနေဆဲပင်။ ထို့ကြောင့် ပုတ်ထမ်းသမား မောင်တရုတ်ကဲ့သို့ပင် ရှေ့သို့ မရောက်ပဲ တဝဲလည်လည်ဖြစ်ကာ နောက်သို့ ပြန်ရောက်နေသည့် အဖြစ်မျိုးနဲ့ တူနေပါတော့သည်။

ထက်မြက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013