DVB Logo
Home
မြန်မာသတင်း
မောင်းနှင်သူ၏ ကျန်းမာရေးကို စောင့်ကြည့်မည့် ကမ္ဘာ့ပထမဆုံး ကားထိုင်ခုံ (ရုပ်သံ)
DVB
·
October 2, 2015
မောင်းနှင်သူ၏ ကျန်းမာရေးကို စောင့်ကြည့်မည့် ကမ္ဘာ့ပထမဆုံး ကားထိုင်ခုံ (ရုပ်သံ)
Donate to DVB

အသိဉာဏ်ရှိ ကားထိုင်ခုံရဲ့ ကျေးဇူးကြောင့် လက်ကိုင်ခွေရဲ့နောက်မှာ တည်တည်ငြိမ်ငြိမ် သတိရှိရှိနဲ့ မောင်းနိုင်ဖို့က သိပ်လွယ်သွားပါပြီ။ ဖော်ရေးရှား ကုမ္ပဏီကတော့ သူတို့ရဲ့ Active Wellness (အက်တစ်ဗ် ၀ဲလ်နပ်စ်) ဆိုတဲ့ ထိုင်ခုံဟာ မောင်းနှင်သူရဲ့ ကျန်းမာရေးကို စောင့်ကြည့်မယ့် ကမ္ဘာ့ပထမဆုံး ကားထိုင်ခုံပဲလို့ ဆိုပါတယ်။ ဒီထိုင်ခုံဟာ ဇီဝကမ္မဖြစ်စဉ် အာရုံခံကိရိယာဖြစ်ပြီး ဒရိုင်ဘာမှာ စိတ်ဖိအားများနေသလား၊ စွမ်းအင်ဆုံးရှုံးနေသလားဆိုတာ ထောက်လှမ်းပြီး လှုပ်ရှားမှုကုထုံးနဲ့ တုံ့ပြန်ဖြေရှင်းပေးပါတယ်။

"Active Wellness ထိုင်ခုံဟာ ဖော်ရေးရှားရဲ့ တကိုယ်ရည် သက်သောင့်သက်သာရှိမှုအပေါ် နောက်တဆင့် တိုးမြှင့်အားထုတ်လိုက်တဲ့ ခြေလှမ်းတရပ်ပါ။ ဒီတော့ ကျနော်တို့ အဓိကလုပ်ပေးတာကတော့ ထိုင်ခုံကနေ မောင်းနှင်သူရဲ့ အသက်ရှူနှုန်း နှလုံးခုန်နှုန်းကို စောင့်ကြည့်ပြီး စွမ်းအင်ဆုံးရှုံးမှုနဲ့ စိတ်ဖိအားတွေကို လျှော့ချပေးတာပါ။ ဒီလိုထောက်လှမ်းပြီး အမြဲကျန်းမာနေစေဖို့  သက်သောင့်သက်သာ ရှိစေမယ့် စနစ်ကို ထည့်ပေးထားပါတယ်။ ဒါကြောင့် စိတ်ဖိအားများလာခဲ့ရင် ဖြေလျှော့တဲ့ မက်ဆေ့ခ်ျတို့၊ စွမ်းအင်တွေ ကျလာခဲ့ရင် အားတက်စေမယ့် မက်ဆေ့ခ်ျ ပို့ပေးတာတို့ လုပ်ပေးပါတယ်။"

၅ နှစ်ကျော် အချိန်ယူပြီး တိုးတက်တီထွင်ထားတဲ့ Active Wellness ထိုင်ခုံရဲ့ ကူရှင်ထဲမှာ ထိတွေ့မှုမလိုဘဲ အာရုံခံနိုင်တဲ့ဆင်ဆာတွေ တပ်ဆင်ထားပါတယ်။ ပြိုင်ဘက်ကင်း အယ်လ်ဂိုရီသမ်စနစ်နဲ့အတူ အချက်ပြ ပရော်ဆက်ဆာတွေက အချိန်နဲ့တပြေးညီ စောင့်ကြည့်ပေးနေမှာ ဖြစ်ပါတယ်။

"ထိပ်တန်းနည်းပညာကို သုံးထားတာပါ။ ထိုင်ခုံကူရှင်ထဲမှာ မြှုပ်သွင်းထားတာကတော့ ပုံဆောင်ခဲ ဖိအားသုံးလျှပ်စစ်နဲ့ အလုပ်လုပ်တဲ့ ဆင်ဆာတွေပါ။ အရမ်းရိုးရှင်းပြီး အားကောင်းတဲ့အတွက် သတင်းအချက်အလက်တွေကို တိုင်းတာလို့ ရပါတယ်။"

အလုပ်လုပ်ပုံကတော့ ဒီထိုင်ခုံက ထိုင်နေသူရဲ့ နှလုံးခုန်နှုန်းနဲ့ အသက်ရှူပုံကို သရုပ်ခွဲပေးပါတယ်။ ရလာတဲ့ အချက်အလက်တွေကိုသုံးပြီး စိတ်ပိုင်းနဲ့ ရုပ်ပိုင်း အခြေအနေကို တွက်ထုတ်ပေးကာ ကားတွင်းက စခရင်ပေါ်မှာ ကုထုံးမက်ဆေ့ခ်ျ ပေါ်လာပါတော့တယ်။ ကာယကံရှင်က ဒီအကြံပြုချက်ကို လက်ခံလိုက်တာနဲ့ ထိုင်ခုံရဲ့ လေ၀င်လေထွက်စနစ်ကနေ နွေးတဲ့ ဒါမှမဟုတ် အေးတဲ့ ခံစားမှုတွေ ထုတ်ပေးပြီး သက်သောင့်သက်သာဖြစ်အောင် အားဖြည့်ပေးပါတယ်။ ဒီကိရိယာကို အခြားဝတ်ဆင်နိုင်တဲ့ ကိရိယာတွေနဲ့ တွဲဖက်ပြီး သုံးနိုင်အောင် ဒီဇိုင်းထုတ်ထားတာမို့ မောင်းနှင်သူအနေနဲ့ ကားတွင်းမ၀င်ခင်မှာ လေ့ကျင့်ခန်း လုပ်ဦးမလား စတဲ့ အကြံပြုချက်တွေကို လိုသလို ချိန်ညှိထုတ်လွှတ်ပေးနိုင်ပါတယ်။ တီထွင်သူတွေကတော့ သူတို့ရဲ့ အသိဉာဏ်ရှိထိုင်ခုံကို လာမယ့် ၂၀၂၀ မှာ ဈေးကွက်ဖြန့်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013