DVB Logo
Home
မြန်မာသတင်း
မဲစာရင်း မှန်အောင်မလုပ်ပေးနိုင်ပါက နုတ်ထွက်ရန် ကယန်းပြည်သစ်တောင်းဆို
DVB
·
September 30, 2015
မဲစာရင်း မှန်အောင်မလုပ်ပေးနိုင်ပါက နုတ်ထွက်ရန် ကယန်းပြည်သစ်တောင်းဆို
Donate to DVB

ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲစာရင်းတွေ ရာနှုန်းပြည့် မှန်ကန်ရေး တာဝန်မယူပေးနိုင်ပါက အချိန်မီနုတ်ထွက်ပေးဖို့ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးယူထားတဲ့ ကယန်းပြည်သစ်ပါတီက တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ မဲစာရင်းတွေဟာ အမှားအယွင်းတွေ များနေတဲ့အတွက် မဲစာရင်း ရာနှုန်းပြည့်မှန်ကန်အောင် လုပ်ဆောင်ပေးဖို့ တောင်းဆိုတာလို့ ကယန်းပြည်သစ်ပါတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်က ပြောပါတယ်။

“အသက် ၁၈ နှစ်ပြည့်တဲ့ နိုင်ငံသားတိုင်းဟာ သူတို့ ကြိုက်တဲ့အစိုးရကို ရွေးချယ်တင်မြှောက်ဖို့အတွက် မဲပေးခွင့်ရှိပါတယ်။ ဒါပေမယ့် ပြည်တောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ သူတို့ ထုတ်ပြန်တဲ့ မဲစာရင်းတွေက အကြီးအကျယ် မှားယွင်းပြီးတော့ မဲစာရင်းမှန်ကန်မှုနဲ့ပတ်သက်ရင် ၃၀ ရာခိုင်နှုန်ပဲ တာဝန်ယူတယ်လို့ ပြောပါတယ်။ ဒါဆိုလို့ရှိရင်တော့ မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူလူထုအများစုဟာ သူတို့ကြိုက်တဲ့ အစိုးရကို ရွေးချယ်ဖို့ အခွင့်အရေးဆုံးရှုံးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မဲဆန္ဒရှင်ပြည်သူလူထုတွေ မဲပေးခွင့်မဆုံးရှုံးရအောင် မဲစာရင်းတွေ ရာနှုန်းပြည့် မှန်ကန်ရေးကို တာဝန်ယူပေးပါ။ တကယ်လို့ အဲလို တာဝန်ယူနိုင်စွမ်း မရှိဘူးဆိုလို့ရှိရင်တော့ အချိန်မီ နုတ်ထွက်ပေးပါလို့ ကျနော်တို့ တောင်းဆိုတာဖြစ်ပါတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်ဟာ ကျပ်ငွေဘီလီယံများစွာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာနဲ့ နည်းပညာအထောက်အပံ့များစွာကို သုံးစွဲပြီး ၅ နှစ် အချိန်ယူပြုစုခဲ့တဲ့ မဲစာရင်းတွေ မှားယွင်းနေတာဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်မဲ့မှုနဲ့ ညံ့ဖျင်းမှုဖြစ်တယ်လို့လည်း ထောက်ပြဝေဖန်ထားပါတယ်။

လက်ရှိ ကယားပြည်နယ်ရှိ မဲစာရင်းတွေမှာဆိုရင် သေဆုံးသွားသူတွေဟာ မဲစာရင်းမှာ ပါဝင်နေပြီး အသက်ရှင်သူတွေဟာ မဲစာရင်းမှာ မပါဝင်ဘဲ ဖြစ်နေတဲ့ အနေအထားများနေတယ်လို့လည်း ဗိုလ်မှူးကြီး စောလွင်က ပြောပါတယ် ။

ဒီမဲစာရင်း အကြီးအကျယ် မှားယွင်းမှုဟာ မဲလိမ်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

“နောက်အကြောင်းတခုကတော့ ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြုံခဲ့ရပြီးဖြစ်ပါတယ်။ ဘာလဲဆိုတော့ ကြိုတင်မဲဆိုပြီးတော့ အကြီးအကျယ် မဲလိမ်တာဖြစ်ပါတယ်။ အခုလည်း မဲစာရင်းတွေက အကြီးအကျယ် မှားယွင်းတဲ့အတွက် ဒါက နည်းလမ်းတမျိုးနဲ့ မဲခိုးတာပဲလို့ ကျနော်တို့က ယူဆတယ်။ ဒါကြောင့် ဒီကိစ္စတွေအတွက် ရွေးကောက်ပွဲကော်မရှင်ကို တာဝန်ယူခိုင်းတာပါ။ ”

ဒါ့အပြင်  မဲစာရင်းတွေ မှန်ကန်ရေးအတွက် ပြည်သူတွေမှာ တာဝန်ရှိတယ်လို့ ပြောဆိုနေတာဟာလည်း ပြည်သူလုထုရဲ့ မူလအခွင့်အရေးကို ထိပါးနေတဲ့ တရားလက်လွတ် ပြောဆိုမှုဖြစ်တယ်လို့ ကယန်းပြည်သစ်ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကရင်ပြည်နယ်အတွင်းမှာ မဲစာရင်းမှားယွင်းမှုတွေ အတော်များနေတဲ့အကြောင်းလည်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီက ဦးခင်မောင်မြင့်က ပြောပါတယ်။

“အလားတူပါပဲ ကျနော်တို့ဘက်မှာလည်း အမှားအယွင်းတွေ အတော်တော်များပါတယ်။ နာမည်မှားတာတို့၊ သတ်ပုံမှားတာတွေကတော့ ထားလိုက်ပါတော့။ တချို့ကတော့ နာမည်ကို တခါတည်း ကွဲကွဲလွဲလွဲနဲ့ မှားတာတွေရှိသလို သေဆုံးသွားတဲ့သူတွေလည်း ပြန်ပါလာတာတွေရှိ တယ်ပေါ့။ အဲဒါကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ မှားကြမယ်လို့ ယူဆပါတယ်။”

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ ရည်ရွယ်သည်ဖြစ်၊ မရည်ရွယ်ပဲဖြစ်စေ မဲစာရင်းမှားရင် တာဝန်ယူရမှာဖြစ်တယ်လို့ ပြောပါတယ်။

“တရည်တရွယ်ပဲမှားမှား၊ အရည်အချင်းမရှိလို့ပဲမှားမှား၊ မှားရင်ကတော့ တာဝန်ယူရမှာပဲ။ တ နိုင်ငံလုံးနဲ့ဆိုင်တဲ့ ဒီလိုကြီးကျယ်တဲ့အလုပ်မျိုးကို လုပ်တဲ့အခါမှာ တာဝန်ယူမှုကလည်း ရှိဖို့ လိုတယ်ပေါ့ဗျာ။ အဲဒီတော့ အမှန်တော့ဗျာ ကိုယ့်ဟာကိုယ်အရည်အချင်းမရှိရင် ထွက်ဖို့ကောင်း တာပေါ့။ သို့သော် နှုတ်ထွက်ပေးပါလို့ သူများက တောင်းဆိုရလောက်အောင်ဖြစ်လာ တဲ့ဟာ ကတော့ ဒါ သိပ်ပြီးတော့ မကောင်းဘူးပေါ့ဗျာ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013