DVB Logo
Home
Lead Story
Bullets မှ Ballots သို့
DVB
·
September 30, 2015
Bullets မှ Ballots သို့
Donate to DVB

ယခုအခါ “ပြောင်းလဲချိန်တန်ပြီ” ဟူသော စကားတစ်ခု လူထုကြားမှာ ပြန့်ပွားလျက် ရှိသည်။

တကယ်တော့ တိုင်းပြည်အာဏာကို ထိန်းချုပ်ထားနိုင်သူ၊ ဆယ်စုနှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့သူတို့ကလည်း ပြောင်းပါမည်၊ ပြောင်းနေပါပြီ စသဖြင့် ပြောဆိုနေခဲ့တာ ဖြစ်သည်။

ပြောင်းသည်ဆိုတာ ဘယ်လို ပြောင်းမလဲ၊ ဘယ်ကို ပြောင်းမလဲ၊ အဲသည်မှာ ပြောကြတာ နှစ်ခုရှိသည်။

တစ်ခုက၊

အစိုးရပြောင်းဖို့ ဖြစ်သည်။

လက်ရှိ အစိုးရအဖွဲ့နေရာမှာ နောက်အစိုးရအဖွဲ့သစ် တစ်ခု ရောက်ရှိလာဖို့၊ လက်ရှိ ပုဂ္ဂိုလ်များအစား အခြား ပုဂ္ဂိုလ်များက စီမံခန့်ခွဲဖို့။

နောက်တစ်ခုက၊

စနစ်ပြောင်းဖို့ ဆိုတာ ဖြစ်သည်။

အာဏာ လက်ရှိ ပုဂ္ဂိုလ်တို့ ကိုယ်တိုင်ကလည်း အစိုးရပြောင်းဖို့ (လူပြောင်းဖို့) ကိုသာ မလိုလားကြသော်လည်း စနစ်ပြောင်းဖို့ကိုတော့ နှုတ်က တဖွဖွ ပြောခဲ့ကြတာ ဖြစ်သည်။ တကယ်တမ်း သေသေချာချာ မပြောင်းလဲနိုင်သေးတာတော့ ထားပါတော့။

သို့သော် စနစ် တကယ်ပြောင်းမည်ဆိုလျှင် ဘယ်လို ပြောင်းရမည်လဲ။ ဘယ်စနစ်က ဘယ်စနစ်သို့ ပြောင်းရမည်လဲ။

အကြိမ်ကြိမ် ပြောခဲ့ ရေးခဲ့သော စကားကိုပင် ထပ်ပြော ထပ်ရေးပါမည်။

နိုင်ငံရေး အကူးအပြောင်းဟူသည်၊

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခြင်းကို ဆိုလိုတာ ဖြစ်ပါသည်။

ဒါကို ထပ်ဖွင့်လျှင်၊

အာဏာရှင်တစ်ဦးနှင့် ၎င်း၏ လက်အောက်ခံ လူတစ်စု အုပ်စိုးသော စနစ်မှနေ၍ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူ့ဆန္ဒနှင့်အညီ အုပ်စိုးသော စနစ်သို့ ကူးပြောင်းခြင်း ဖြစ်ပါသည်။

နောက်တစ်နည်း ပြောပါမည်။

တရုတ် ကွန်မြူနစ်ခေါင်းဆောင်ကြီး မော်စီတုန်းက နိုင်ငံရေးအာဏာသည် သေနတ်ပြောင်းဝက ထွက်သည် (သို့မဟုတ် ပေါက်ဖွားဖြစ်ပေါ်သည်) (Political power grows out of the barrel of a gun.)ဟု ဆိုခဲ့သည်။ အဲဒါသည် လက်နက်ကိုင် တော်လှန်ရေးသမားများ၏ လက်စွဲ စကားဖြစ်သလို၊ အာဏာရှင် အစိုးရတို့ ကိုင်စွဲသည့် လမ်းညွှန်သဘောတရားလည်း ဖြစ်သည်။

သို့သော်၊ ဒီမိုကရေစီစနစ်မှာတော့ အာဏာသည် သေနတ်ပြောင်းက မထွက်၊ မဖြစ်ပေါ်။ မဲပုံးများ ဆန္ဒမဲပြားများမှသာ ဖြစ်ပေါ်သည်။ ပြည်သူလူထုက မိမိတို့ နှစ်သက်လိုလားသော ကိုယ်စားလှယ်များသို့ မိမိတို့၏ ဆန္ဒမဲပြားများကို စုပေါင်း ပေးအပ်သောနည်းဖြင့် ၎င်းတို့အား အာဏာအပ်နှင်းသည်။

ထိုသဘောအရ၊ ကျွန်တော်တို့ ဖြစ်ပေါ်စေချင်သော အပြောင်းအလဲဟူသည်၊

သေနတ်ပြောင်းဝက နိုင်ငံရေးအာဏာ ထွက်ပေါ်သော စနစ်မှနေ၍၊ မဲပြားများမှ နိုင်ငံရေးအာဏာ ဆင်းသက်သော စနစ်သို့၊

သို့မဟုတ်

ကျည်ဆန်များများ သုံးနိုင်သူ အနိုင်ယူသော စနစ်မှ မဲပြားများများ ရရှိသူ အနိုင်ယူသော စနစ်သို့၊

သို့မဟုတ်

bullet များက အဆုံးအဖြတ်ပေးသော စနစ်မှ ballot များက အဆုံးအဖြတ်ပေးသော စနစ်သို့ ပြောင်းလဲဖို့ ဖြစ်သည်ဟု ဆိုချင်သည်။

သည်ကနေ့ အဲသည်စနစ်ကို တစ်စိတ်တစ်ပိုင်း စမ်းသပ် သုံးစွဲကြည့်ဖို့ ပြင်ဆင်နေကြပြီ။

အထွေထွေ ရွေးကောက်ပွဲ။

၇၅ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ် နေရာများကို ဆန္ဒမဲပြား (ballot) များဖြင့် ရွေးချယ်ကြတော့မည်။

သို့သော်၊ အဆင်ပြေပါ့မလား။

လာမည့် ရွေးကောက်ပွဲသည် ဒီမိုကရေစီ အကူးအပြောင်းအတွက် ကနဦး အဆင့်တစ်ခုပဲ ရှိသေးသည်။ သို့သော်၊ ဒါမှာပင်လျှင် တကယ့် သတ်မှတ်ရက် နီးလာသည်နှင့်အမျှ ပြဿနာသံတွေ တိုး၍ တိုး၍ ကြားလာနေရသည်။

မဲစာရင်း အမှားအယွင်း ပြဿနာကို တိုင်းပြည်အနှံ့ ပြောလာဆိုလာ ဝေဖန်လာခဲ့တာ လနှင့်ချီနေပြီ။ ယခုထိ ကျေနပ်လောက်ဖွယ် ဖြေရှင်းနိုင်ခြင်း မရှိ။ ဆန္ဒမဲပေးသည့် နေ့ကျလျှင် အဲသည် စာရင်းအမှားများကြောင့် မဲရုံတကာမှာ အငြင်းပွားမှု ခိုက်ရန်ဖြစ်ပွားမှုတွေ ပေါ်ပေါက်နိုင်တာ မှန်းဆ၍ ရနေသည်။

ပြီး၊ မဲစာရင်း အမှားကြောင့် ရွေးကောက်ပွဲရလဒ်များ မည်မျှအထိ လွဲမှားသွားမည် မသိနိုင်။

သည့်အပြင်၊ ယခုမှ မဲဆွယ်စည်းရုံးမှုတွေ စရုံရှိသေး၊ သူတစ်ပါး စည်းဝေးပွဲထဲ ၀င်ရောက် နှောင့်ယှက်တာ၊ ခဲနှင့် ပေါက်တာ၊ ဆဲရေးတိုင်းထွာတာ၊ ထိုးကြိတ်ရိုက်နှက်တာတွေ ကြားနေရပြီ။ နောက်ထပ် ဘယ်လောက် ဆိုးတာတွေ လာဦးမည်မသိ။

သည့်အပြင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းတွေ မိမိ ပြိုင်ဆိုင်မည့် မဲဆန္ဒနယ်မြေသို့ သွားမရတာ၊ မလာပါနှင့်ဟု တားမြစ်တာတွေ သိနေရသလို၊ တချို့ ဒေသများမှာလည်း ကျုပ်တို့ကို မဲထည့်ပါ၊ တခြားပါတီကို မဲထည့်ရင် ခင်ဗျားတို့ ဒေသ နာလန်မထူအောင် ဘယ်လို ဘယ်ပုံ နည်းမျိုးစုံဖြင့် နှိပ်စက်မည်ဟူ၍ ခြိမ်းခြောက်တာတွေလည်း ကြားနေရသည်။

သည်ကြားထဲ၊ ကမ္ဘာတစ်လွှားက ပဋိပက္ခမျိုးစုံတွေကို နောကျေအောင် သိသော ကုလသမဂ္ဂ အဖွဲ့ကြီးက ၎င်း၏ ၀န်ထမ်းများကို ရွေးကောက်ပွဲ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ မသွားရောက်ကြရန် တားမြစ်သည် ဆိုတော့၊ အင်း၊ သည်အတိုင်းဆိုလျှင် အကြောင်း အမျိုးမျိုးကြောင့် ရွေးကောက်ပွဲ ပျက်တာတို့၊ ရွှေ့ဆိုင်းတာတို့ ဖြစ်မည်လား စိုးရိမ်စရာ၊...

သို့သော်၊ အဲသည် စိုးရိမ်စရာတွေ ဖြစ်လာခါမှဖြစ်ရော၊ အကူးအပြောင်းကို လိုလားသည့် ပြည်သူလူထုကတော့ တိုင်းပြည် အကောင်းဘက် ပြောင်းလဲနိုင်ဖို့အတွက် ရတောင့်ရခဲ အခွင့်အရေးဖြစ်သည့် လာမည့် ရွေးကောက်ပွဲကြီး တကယ်ကျင်းပဖြစ်ခဲ့သော်၊ ပြည်သူ့ ကိုယ်စားလှယ် စစ်စစ်တွေ မဲပြား အများဆုံးရအောင် ထည့်ပေးကြရပေလိမ့်မည်။

သည်အတွက်၊

နောက်ဆုံး မဲစာရင်းထဲမှာ မိမိအမည် ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ ပါသော်လည်း အချက်အလက် မှားယွင်းသည် ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ နိုဝင်ဘာ ၈ ရက်တွင် မိမိသည် မိမိဖြစ်ကြောင်း အထောက်အထား ပြည့်စုံစွာ ယူဆောင်လျက် မိမိနှင့် သက်ဆိုင်သည့် မဲရုံသို့ သွားရောက်ကာ ဆန္ဒမဲပေးပါ။ ပေးခွင့်ရအောင် တောင်းဆိုပါ၊ လိုအပ်လျှင် မဲရုံမှာရှိသည့် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတို့၏ မဲရုံကိုယ်စားလှယ်များ၊ ပါတီအသီးသီးမှ ပုဂ္ဂိုလ်များ၊ ရွေးကောက်ပွဲ စောင့်ကြည့်သူများထံမှာ အကူအညီတောင်းပါ။ ပြီးလျှင် မိမိ မဲပြားကို ပယ်မဲအဖြစ် စွန့်ပစ်ခြင်း မခံရအောင် ဂရုပြုမဲပေးပါ၊ ဟူ၍ တိုက်တွန်းလိုပါသည်။

နိုင်ငံရေး သဘောတရားဆရာတို့က နိုင်ငံတော် အာဏာသည် ပြည်သူလူထုမှ ဆင်းသက်သည်ဟု ဆိုလေ့ ရှိကြပါသည်။ သို့သော် တကယ်လက်တွေ့မူ၊ ရွေးကောက်ပွဲ ကျင်းပသော နေ့ရက်တွင်သာ ပြည်သူ့လက်ဝယ်၌ အာဏာ အမှန်တကယ်ရှိတာ ဖြစ်သည်။ အဲသည်နေ့ရက်တွင် မိမိ၏ အခွင့်အာဏာကို ပြည့်ပြည့်၀၀ အသုံးချခြင်းဖြင့်သာ ကျည်ဆန်အစား မဲပြားများက အဆုံးအဖြတ်ပြုသော စနစ်နှင့် လူထု အစိုးရခေတ်ဆီသို့ ရောက်အောင် ကူးပြောင်းနိုင်မည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

ဖေမြင့်

(ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၂၊ အမှတ် - ၅၃၊ ဆရာဖေမြင့်ဆောင်းပါးကို ပြန်လည်ဖော်ပြသည်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013