
ကားဟောင်းအပ်နှံပြီး လျှပ်စစ်ကား (EV) အစားထိုးတင်သွင်းခွင့်ရမယ်ဆိုတဲ့ သတင်းတွေနဲ့ ကောလာဟလတွေကြောင့် ရန်ကုန်နဲ့ မန္တလေး ကားဈေးကွက်တွေမှာ သက်တမ်းနှစ် ၂၀ ဝန်းကျင်ရှိ မော်ဒယ်နိမ့်၊ အင်ဂျင်ပါဝါကြီး ကားဟောင်းတွေ ဝယ်လိုအား မြင့်တက်နေပါတယ်။
ဇူလိုင် ၂၁ ရက်ကစပြီး Mercedes-Benz၊ BMW၊ Ford၊ KIA အပါအဝင် ဥရောပနဲ့ ကိုရီးယားထုတ် ကားဟောင်းတွေ၊ Toyota Celsior၊ Crown Majesta၊ Surf နဲ့ Station Wagon အမျိုးအစားတွေကို ကားဝယ်ရောင်းသမားတချို့က လိုက်လံဝယ်ယူလာကြတာ ဖြစ်ပါတယ်။
ကားပိုင်ရှင်တချို့ကတော့ မူဝါဒအသေးစိတ် ထွက်လာတဲ့အထိ မရောင်းသေးဘဲ စောင့်ကြည့် နေကြပါတယ်။
ကားဈေးကွက်အတွင်းက အချက်အလက်တွေအရ အင်ဂျင်ပါဝါ ၄၀၀၀ စီစီနဲ့အထက် Mercedes-Benz နဲ့ BMW အပ်ကားတစီးဟာ ကျပ်သိန်း ၉၀၀ ကျော်အထိ ဈေးခေါ်လာပါတယ်။
Toyota Celsior နဲ့ Crown Majesta တစီးကို ကျပ်သိန်း ၆၅၀ ဝန်းကျင်၊ အင်ဂျင်ပါဝါ ၃၀၀၀ စီစီနဲ့အထက် Station Wagon နဲ့ Surf အမျိုးအစားတွေကို ကျပ်သိန်း ၆၀၀ ဝန်းကျင်၊ ရန်ကုန်လိုင်စင်နဲ့ အင်ဂျင်ပါဝါ ၂၅၀၀ စီစီအထိရှိတဲ့ အပ်ကားတွေကို ကျပ်သိန်း ၅၀၀ ဝန်းကျင်အထိ ဈေးခေါ်နေကြတယ်လို့ သိရပါတယ်။
ကားပွဲစားတယောက်က “ကားစျေးကွက်ထဲ အိမ်ခြံမြေ မြှုပ်နှံသူတွေပါ ဝင်ချကုန်လို့ စျေးတွေက တက်ကုန်ကြတာ” လို့ ပြောပါတယ်။
နှစ် ၂၀ ပြည့် တရုတ်နိုင်ငံထုတ် လူစီးကားတစီးကို ကျပ်သိန်း ၃၃၀ ဝန်းကျင်နဲ့ ပြည်တွင်း စက်မှုဇုန်ထုတ် Double Cab ကားတစီးကို ကျပ်သိန်း ၃၅၀ ဝန်းကျင်အထိ ဈေးပေါက် နေတယ်လို့ လည်း ကားဈေးကွက်အတွင်းက ပြောပါတယ်။
ဒါပေမဲ့ အဲဒီဈေးနှုန်းတွေဟာ တရားဝင်သတ်မှတ်ဈေးမဟုတ်ဘဲ ကားအမျိုးအစား၊ ကြံ့ခိုင်မှု၊ လိုင်စင်နဲ့ ဈေးကွက်ကောလာဟလတွေအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။
အခုလို အင်ဂျင်ပါဝါကြီးကားတွေကို အဓိကထား ဝယ်ယူနေတာဟာ အင်ဂျင်ပါဝါကြီး ကားဟောင်း အပ်ရင် တန်ဖိုးမြင့် EV ကား တင်သွင်းခွင့်ရမယ်၊ ကားအမှတ်တံဆိပ်တူ ဒါမှမဟုတ် ထုတ်လုပ်တဲ့ ဒေသတူ EV ကားကို ပြန်သွင်းခွင့်ရမယ်ဆိုတဲ့ သတင်းတွေကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ အင်ဂျင်ပါဝါအလိုက် EV ကား တင်သွင်းခွင့်ပေးမယ်ဆိုတာ၊ အမှတ်တံဆိပ်နဲ့ ထုတ်လုပ်တဲ့ နိုင်ငံ တူရမယ်ဆိုတာ၊ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ အထိတန်တဲ့ကား သွင်းခွင့်ရမယ်ဆိုတာနဲ့ ကားစလစ်တွေ မကြာခင် ထုတ်ပေးတော့မယ်ဆိုတဲ့ အချက်တွေကို စစ်အုပ်စုလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အများပြည်သူကို တရားဝင် အတည်ပြုထားတာ မတွေ့ရသေးပါဘူး။
စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ မေ ၂၈ ရက် ထုတ်ပြန်ချက်မှာတော့ အပ်နှံတဲ့ကား ရဲ့ “တန်ဖိုးနဲ့အညီ” ကားအမျိုးအစားအလိုက် သင့်လျော်တဲ့ EV ကားတစီးကို စိစစ်ပြီး အစားထိုး တင်သွင်းခွင့်ပေးမယ်လို့သာ ဖော်ပြထားပါတယ်။
အစီအစဉ်မှာ အကျုံးဝင်တဲ့ကားတွေက ထုတ်လုပ်တဲ့ခုနှစ်ကစပြီး သက်တမ်းနှစ် ၂၀ ကျော်လွန်တဲ့ ကားတွေ၊ ဘေးကင်းစွာ မောင်းနှင်နိုင်တဲ့အထိ ပြင်ဆင်ဖို့ မဖြစ်နိုင်တော့တဲ့ ကားတွေ၊ သက်တမ်း နှစ် ၂၀ မကျော်သေးပေမဲ့ ပိုင်ရှင်ဆန္ဒအရ အပ်နှံလိုတဲ့ကားတွေ ဖြစ်ပါတယ်။
ကားအပ်နှံလိုသူဟာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးတဲ့ ဖျက်သိမ်းယာဉ် ထောက်ခံချက် ပုံစံ (ဃ) ကို တင်ပြရမှာ ဖြစ်ပါတယ်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ က စိစစ်ခွင့်ပြုပြီးရင် EV တင်သွင်းဖို့ လိုအပ်တဲ့ နိုင်ငံခြားငွေကို ဗဟိုဘဏ်က သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
တရားဝင်ထုတ်ပြန်ချက်မှာ သက်တမ်းနှစ် ၂၀ ပြည့် ကားအားလုံးကို မဖြစ်မနေ အပ်နှံရမယ်လို့ ဖော်ပြထားခြင်း မရှိပါဘူး။
မောင်းနှင်လို့ရသေးတဲ့ ကားတွေကို အပ်နှံခြင်းမပြုဘဲ ဆက်လက်အသုံးပြုနိုင်မလားဆိုတဲ့ အသေးစိတ် လုပ်ထုံးလုပ်နည်း၊ EV တင်သွင်းမဲ့ ကုမ္ပဏီရွေးချယ်ပုံ၊ အပ်ကားတန်ဖိုးတွက်ချက်ပုံနဲ့ နိုင်ငံခြားငွေ ရောင်းချပေးမဲ့ နှုန်းထားတွေကိုလည်း ဇူလိုင် ၂၉ ရက်အထိ အများပြည်သူကို ထပ်မံ ရှင်းလင်းထားတာ မတွေ့ရသေးပါဘူး။
ဇူလိုင်လအတွင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက EV တင်သွင်းဖြန့်ဖြူးသူတွေနဲ့ ကားလုပ်ငန်းရှင်တွေကို ခေါ်ယူဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ထားပေမဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လုပ်ငန်းစဉ်အသေးစိတ်ကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။










