DVB Logo
Home
မြန်မာသတင်း
ဟဂ်ျဘုရားဖူး သေဆုံးသူများတွင် မြန်မာ ၆ ဦး ပါဝင်
DVB
·
September 29, 2015
ဟဂ်ျဘုရားဖူး သေဆုံးသူများတွင် မြန်မာ ၆ ဦး ပါဝင်
Donate to DVB

ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ ဟဂ်ျဘုရားဖူးရင်း တိုးကြိတ်မိလို့ သေဆုံးကြသူတွေမှာ မြန်မာနိုင်ငံက ၆ ဦး ပါတယ်လို့ ၂၀၁၅ ဟဂ်ျစေလွှတ်မှုကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးတင်မောင်သန်းက အတည်ပြု ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့က  မက္ကာမြို့ကနေ မီနာမြို့ကို အသွားမှာ တိုးကြိတ် နင်းမိကြရင်း ဘုရာဖူး ၇၀၀ ကျော် သေဆုံးကြရာမှာ မြန်မာနိုင်ငံက ဟာဂျီတွေလည်း ပါဝင်ခဲ့တာပါ။

"နောက်ဆုံးသိရတာက ကွယ်လွန်တာ ၆ ယောက်ပါ။ ရန်ကုန်က ၂ ယောက်၊ ပုသိမ်၊ ထားဝယ်၊ လှည်းကူးက ၁ ယောက်စီလို့ သိထားပါတယ်။ ပျောက်နေတဲ့ ၆ ယောက်မှာတော့ ၁ ယောက်ကို ဆေးရုံမှာ ပြန်တွေ့ထားပါပြီ။ ကျန်တဲ့သူတွေကိုတော့ သက်ဆိုင်ရာ အေးဂျင့်တွေက ရှာနေတုန်းပဲ” လို့ သူက ပြောပါတယ်။

ဒါဟာ ၂၅ နှစ်အတွင်း အဆိုးရွားဆုံး လူနင်းမိမှုဖြစ်ပြီး ဘုရားဖူး ၈၀၀ ကျော်လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြတာပါ။

“ဆော်ဒီမှာက နိုင်ငံအရပ်ရပ်ကလာတဲ့ ဟာဂျီက ၂ သန်းကျော်ရှိတယ်။ သေဆုံး၊ ထိခိုက်တာတွေလည်း အများကြီး ရှိနေတော့ ရှာရဖွေရ မလွယ်ဘူးပေါ့” လို့ ဦးတင်မောင်သန်းက ဆက်ပြောပါတယ်။

ဆော်ဒီနိုင်ငံကို ဟဂ်ျဘုရားဖူးဖို့ ဒီနှစ်မှာ မြန်မာနိုင်ငံက လူ ၄၀၀၀ လောက် သွားခဲ့တာပါ။

ဘုရားဖူးလမ်းကြောင်း ၂ ခု ဆုံတဲ့နေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘုရားဖူးတွေဟာ သတ်မှတ်ပေးထားတဲ့ အချိန်ဇယားအတိုင်း မသွားရောက်ကြလို့ အခုလိုဖြစ်ရတာလို့ ဆော်ဒီကျန်းမာရေးဝန်ကြီးက ပြောဆိုပြီး အခုလို လမ်းလျှောက်သွားရောက်တဲ့ အစီအစဉ်ဟာ စီမံခန့်ခွဲမှု လိုအပ်နေသေးတယ်လို့ ဆော်ဒီဘုရင်က ပြောကြားထားပါတယ်။

အခုလိုအချိန်မှာ တနှစ်ကိုတကြိမ် သွားရောက်ကြတဲ့ ဟဂ်ျဘုရားဖူးခရီးစဉ်ဟာ အစ္စလာမ် ဘာသာဝင်တိုင်း တတ်နိုင်ရင် တသက်မှာ အနည်းဆုံး တကြိမ်တော့ သွားရောက်ကြတဲ့ ဘာသာရေးခရီးစဉ် ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013