DVB Logo
Home
မြန်မာသတင်း
ဘေးထွက်ပစ္စည်းများကို အံ့သြဖွယ်ရာ ကုန်ကြမ်း အဖြစ် အသွင်ပြောင်း (ရုပ်သံ)
DVB
·
September 28, 2015
ဘေးထွက်ပစ္စည်းများကို အံ့သြဖွယ်ရာ ကုန်ကြမ်း အဖြစ် အသွင်ပြောင်း (ရုပ်သံ)
Donate to DVB

ဒီလို သာမည မုန်ဥလာဥနီရဲ့အမြစ်ကနေ တကမ္ဘာလုံးသုံးနေတဲ့ သကြားကို ထုတ်ယူနေတာပါ။ ဒါပေမယ့် ကျန်တဲ့ အစိတ်အပိုင်းတွေကိုတော့ ဈေးပေါပေါ တိရစ္ဆာန်အစာတွေအဖြစ် အသုံးပြုပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ စကော့တလန် သိပ္ပံပညာရှင်တွေဟာ သကြားချက်ပြီး ရလာတဲ့ ဘေးထွက်ပစ္စည်းတွေကို ကာရန်လို့ခေါ်တဲ့ အံ့သြဖွယ်ရာ ကုန်ကြမ်းတခုအဖြစ် အသွင်ပြောင်းနေကြပါပြီ။

"ကျနော်တို့သုံးတဲ့ အစာကတော့ သကြားစက်ရုံက ကျလာတဲ့ ဘေးထွက်ပစ္စည်းတွေပါ။ သကြားထုတ်ပြီးတဲ့နောက် ရလာတဲ့ ပျော့ဖတ်တွေကို ပြောတာပါ။ ဒီပျော့ဖတ်တွေကို သင်္ဘောတင်ရလွယ်ကူအောင် အလုံးအဖြစ် ဖိညှစ်ပြီး အခြောက်ခံလိုက်ပါတယ်။ ခုမြင်ရတဲ့အတိုင်းပဲ ဒီတုတ်ရဲ့အခြေမှာ ပျော့ဖတ်ခြောက်အလုံးတွေ ရလာပါတယ်။ ဒါပေမယ့် ကျနော်တို့က ဒီကုန်ကြမ်းတွေကို ယူပြီး တန်ဖိုးပိုရှိတဲ့ပစ္စည်းအဖြစ် အသွင်ပြောင်းချင်တာပါ။"

ဆယ်လူကွန့်ကုမ္ပဏီဟာ အီဒင်ဘာ့မြို့နားက စက်ရုံမှာ ဒီလုပ်ငန်းကို လည်ပတ်နေတာပါ။ ငါးမျှားတံတွေလုပ်ပြီး သုံးနိုင်တဲ့ ကာရန်ရဲ့ကြံ့ခိုင်မှုကို မူလကတည်းက သရုပ်ပြခဲ့ပြီးပြီမို့ စက်မှုလုပ်ငန်းသုံး အရည်တွေနဲ့ ကွန်ပို့ဇစ်တွေမှာ သုံးဖို့ အစေ့သဏ္ဌာန်ပြောင်းပြီး ရောင်းချဖို့ အားစိုက်ခဲ့ပါတယ်။ ကာရန်ဟာ ဂေဟစနစ်နဲ့ သဟဇာတဖြစ်ပြီး ကာဗွန်ဖိုက်ဘာထက် ၂ ဆ ကြံ့ခိုင်သလို  အံ့သြလောက်အောင် စေးပျစ်ဂုဏ်သတ္တိရှိတယ်လို့ တီထွင်သူတွေက ဆိုပါတယ်။ ဆယ်လူကွန့်ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ကိတ်ဝှစ်ဆန်ဟာ ၀ှစ်ဆန်သုတ်ဆေးသစ်တမျိုးဖြစ်တဲ့ အလှဆင် ဂုရု (guru) ထုတ်လုပ်ခဲ့ပါတယ်။

"အရင်ဆုံးပြောချင်တာကတော့ ဒီသုတ်ဆေးရဲ့ တာရှည်ခိုင်ခန့်မှုပါ။ ကာရန်ထုတ်ကုန်နဲ့ ပတ်သက်လို့ ကျမကို စိတ်လှုပ်ရှားစေတဲ့ အချက်တခုက ကာရန်ပမာဏ နည်းနည်းလေးကတောင် သုတ်ဆေးတွေရဲ့ တာရှည်ခိုင်ခန့်မှုကို မြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ အချက်ပါ။ ဒုတိယအချက်က စုတ်တံကနေ စီးဆင်းပြီး တညီတည်း ဆေးသားပြန့်နိုင်စွမ်းပါ။"

ဝှစ်ဆန်ကတော့ ကာရန်ဟာ သုတ်ဆေးကို အပွန်းအခြစ်ခံစွမ်းရှိပြီး စုတ်ရာထင်မကျန်ခဲ့ဘဲ ကွဲအက်မသွားအောင် ထောက်ကူပေးတယ်လို့ ဆိုပါတယ်။ သုတ်ဆေးအဖြည့်ပစ္စည်း  ထုတ်လုပ်မှုနဲ့တင် ဒေါ်လာ ဘီလီယံချီ ၀င်ငွေရှိနေပြီမို့ ဆယ်လူကွန့်ကုမ္ပဏီအဖို့ ရွှေတွင်းပေါ် ဖင်ခုထိုင်ထားတဲ့ အဖြစ်ပါပဲ။ သူတို့က လာမယ့် ၃ နှစ်အတွင်း ထုတ်လုပ်မှုကို ၅ ဆ မြှင့်တင်သွားမှာ ဖြစ်ပါတယ်။

"ကာရန်ကို ဘက်ပေါင်းစုံ အသုံးချနိုင်မယ့် အလားအလာတွေလည်း ရှိနေပါတယ်။ သုတ်ဆေးနဲ့ အပေါ်လွှာအုပ်ဆေးတွေမှာ သုံးနိုင်သလို ကွန်ကရစ်နဲ့ အလှကုန်တွေမှာလည်း ထည့်သုံးနိုင်မှာပါ။ လွန်သွားတွေမှာ ထည့်ရမယ့် အရည်အနေနဲ့ သုံးနိုင်သလို အစားအစာတွေမှာ ပေါင်းစပ်ပစ္စည်းအဖြစ် သုံးနိုင်မယ်။ ကွန်ပို့ဇစ်တွေမှာ ထည့်သုံးနိုင်မယ်။ ဒီတော့ တနေ့ကျရင် ကာရန်နဲ့ လေယာဉ်တောင်ပံတွေထိ ထုတ်လုပ်လာနိုင်တော့မှာပါ"

ဒီအလားအလာတွေဟာ ဆယ်လူကွန့်ရဲ့ အနာဂတ်ကို တောက်ပအောင် ချယ်မှုန်းပေးသွားတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013