DVB Logo
Home
မြန်မာသတင်း
မဲဆွယ်စည်းရုံးမှုကို တားမြစ်သည့် ဦးဇခုန်တိန်ယိန်းကို အရေးယူပေးရန် ပါတီများတိုင်ကြား
DVB
·
September 28, 2015
မဲဆွယ်စည်းရုံးမှုကို တားမြစ်သည့် ဦးဇခုန်တိန်ယိန်းကို အရေးယူပေးရန် ပါတီများတိုင်ကြား
Donate to DVB

ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးနယ်မြေအတွင်း နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံး ရေးမလုပ်ဖို့ တားမြစ်ခဲ့တဲ့ ဦးဇခုန်တိန်ယိန်းကို အရေးယူပေးဖို့ အဲဒီဒေသမှာ ၀င်ရောက်ယှဉ်ပြိုင် မယ့်ပါတီတွေက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြား လိုက်ပါတယ်။

ကချင်ပြည်နယ် ချီဖွေ၊ ဆော့လော် ဒေသတ၀ိုက်က  ဦးဇခုန်တိန်ယိန်းထိန်း အုပ်ချုပ်တဲ့ နယ်မြေတွေမှာ မဲဆွယ်စည်းရုံးမှု လုပ်ဆောင်နေတဲ့ ပါတီတွေကို တားမြစ်ခဲ့ပါတယ်။

ဦးဇခုန်တိန်ယိန်းနေနဲ့ အဲဒီဒေသဟာ ငြိမ်းချမ်းရေးတည်ဆောက်နေဆဲကာလဖြစ်လို့ အာဏာတွေကို လွှဲပြောင်းပေးလို့မရတဲ့အကြောင်း ပိတ်ပင်တာလို့ လက်မှတ်ထိုး စာထုတ်ထားတာလို့ တားမြစ်ခံရတဲ့ ချီဖွေ ပြည်နယ်မဲဆန္ဒနယ်အမှတ် ၂ က အန်အယ်ဒီ ကိုယ်စားလောင်း ဦးခေါဘော့မ်က ပြောပါတယ်။

“တားမြစ်တယ်ဆိုတာ သူကိုယ်တိုင် လက်မှတ်ထိုးပြီး ပေးလိုက်တဲ့စာရှိပါတယ်။ အဲဒီစာထဲမှာ ရေးထားတာကတော့ အဲဒီဒေသဟာ ငြိမ်းချမ်းရေးတည်ဆောက်ဆဲကာလဖြစ်နေလို့ အာဏာတွေကို လွှဲပြောင်းပေးဖို့ အဆင်သင့်မရှိသေးတဲ့အကြောင်း၊ အခြား ဘယ်ပါတီပဲလာလာ သူတို့မဲဆွယ်စည်းရုံးခွင်ကို ပိတ်ပင်တယ်တဲ့။ အန်အယ်လ်ဒီလည်း ဒီကိုမလာဖို့ပေါ့ အဲလို ရေးထားပါတယ်။ ”

ဒီလိုအလားတူပဲ  လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ် ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလောင်းတွေလည်း တားမြစ်ထားပါတယ်။

တားမြစ်ခံရတဲ့ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ချီဖွေပြည်သူ့လွတ် တော် ကိုယ်စားလှယ်လောင်း ဦးဒေါင်တိုင်းကလည်း သူ့ကို တားမြစ်မှုနဲ့ပတ်သက်ပြီး

“သူတို့က ဘယ်လိုပြောရမလဲဆိုတော့ ကြံ့ခိုင်ရေးပါတီနဲ့ပဲ နိုင်ငံရေးရှေ့ဆက် ခရီးဆက်မှာပေါ့ ကျန်တဲ့ပါတီတွေနဲ့ သူတို့ လက်မတွဲချင်သေးဘူးလို့ ဦးဇခုန်တိန်ယိမ်းကအဲလိုပြောတာ။ အစိုးရကလည်းပဲ သူကငြိမ်းချမ်းရေးဖော်ဆောင်ဆဲမှ ကတိက၀တ်ပြုထားတာတဲ့။ ဒီနိုင်ငံရေးပါတီ တွေ အနေနဲ့ သူ့ဒေသမှာ ကတိက၀တ်ပြုထားတဲ့အပိုင်းမရှိဘူးပေါ့။ အဲဒါကြောင့် ဒီအခြားပါတီကို သူတို့ဒေသကနေ လက်မခံဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ အကြောင်းကြားစာ တားမြစ်စာ ရေးပြီးတော့ ကျနော်တို့ကို တားမြစ်ခဲ့တာပါပဲ။”

ဒီလိုတားဖြစ်ခံရတာနဲ့ပတ်သက်ပြီး အန်အယ်ဒီပါတီရော၊ လော်ဝေါ်အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကပါ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဆီ အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

“ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကို စာတင်ထားပါတယ်။ ဦးဇခုန်တိန့်ယိန်းအဖွဲ့က ပေးလိုက်တဲ့ ကျနော်တို့ကို တားမြစ်စာနဲ့ပူးတွဲပြီးမှ ရွေးကောက်ပွဲဥပဒေ အခန်း ၁၃ ပုဒ်မ ၅၇ နဲ့ညှိတယ်ဆိုပြီးတော့မှ အဲဒါကို ဖြေရှင်းပေးဖို့  စာတင်ထားပါတယ်။ စာတင်ထားတဲ့နေရာမှာ ကျနော်တို့ အားလုံး ကိုယ်စားလှယ်လောင်းတွေ လက်မှတ်ထိုးပြီးတင်ထားပါတယ်။ ” လို့ အန်အယ်ဒီပါတီရဲ့ ချီဖွေ ပြည်နယ်မဲဆန္ဒနယ်အမှတ် ၂ က ကိုယ်စားလောင်း ဦးခေါဘော့မ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၄ ရက်နေ့က တိုင်ကြားခဲ့တာဖြစ်ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကလည်း မနက်ဖြန် ၂၉ ရက်နေ့မှာ လာရောက်တွေ့ဆုံဖို့ ဦးဇခုန်တိန့်ယိမ်းကို ဖိတ်ခေါ်ထားတယ်လို့လည်း ပြောပါတယ်။

ပန်ဝါမြို့အခြေစိုက် ကချင်ပြည်နယ် အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဇခုန်တိန်ယိန်းဟာ လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ် သလို လာမယ့်ရွေး ကောက်ပွဲမှာလည်း ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် စတဲ့မြို့နယ်သုံးခု အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသား လွှတ်တော်မဲဆန္ဒနယ်မြေ အမှတ် ၅ မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013