DVB Logo
Home
မြန်မာသတင်း
ထိပ်သီးခေါင်းဆောင် ၁၈ ဦး ချင်းမိုင်တွင် ဆွေးနွေးပွဲစတင်
DVB
·
September 28, 2015
ထိပ်သီးခေါင်းဆောင် ၁၈ ဦး ချင်းမိုင်တွင် ဆွေးနွေးပွဲစတင်
1 / 8
Donate to DVB

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ၃ ရက်ကြာ ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ စက်တင်ဘာ ၂၈ ရက်နေ့က စတင်ကျင်းပါတယ်။

ဒီထိပ်သီးအစည်းအဝေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၈ ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ပါတယ်။

ဒီထိပ်သီးအစည်းအဝေးမှာ တပြည်လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် အပြီးသတ်နိုင်ဖို့ စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်မှာ သမ္မတနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ ညှိနှိုင်းမှုကနေ ရလာတဲ့ ရလဒ်ကို အစီရင်ခံတင်ပြပြီး NCA နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်ကိစ္စတွေကို ညှိနှိုင်းကြမယ်လို့ ထုတ်ပြန်ပါတယ်။

အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဒုခေါင်းဆောင် ပူးဇင်ကျုံး ဒီထိပ်သီးအစည်းအဝေးမှာ အရေးပါပုံကို ခုလို ပြောပါတယ်။ “ကျနော်တို့ ဒီပွဲကတော့ အစိုးရနဲ့ အဆက်ဆက် ဆွေးနွေးတဲ့နေရာမှာ အခန်း (၇) ခန်း အပိုဒ် ၃၃ ပိုဒ်ပါတဲ့ အန်စီအေ (တပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်) မူချောတခုကို ရပါတယ်။ အဲဒီမူချောထဲမှာ မပြီးသေးတဲ့ အပိုဒ်တပိုဒ်ရှိပါတယ်။ အဲဒါ ၃၃ ပိုဒ်မြောက်မှာ ကျနော်တို့ ဘယ်အဖွဲ့အစည်းတွေ လက်မှတ်ရေးထိုးမယ်ဆိုတဲ့ အပိုဒ်ဖြစ်ပါတယ်။ ဒီကနေ့ဆွေးနွေးမှာကတော့ အစိုးရနဲ့ ကျနော်တို့ကြားမှာ ညှိလို့မရသေးတဲ့ အန်စီအေမှာ လက်မှတ်ရေးထိုးဖို့အတွက် အစိုးရက ဒီကနေ့အထိ ခွင့်ပြုချက်မရသေးတဲ့ အဖွဲ့အစည်း ၆ ဖွဲ့ရှိပါတယ်။ အဲဒီကိစ္စကို အထူးအနေနဲ့ ဆွေးနွေးမှာပါ” လို့ ပြောပါတယ်။

နေပြည်တော်ဆွေးနွေးပွဲရလဒ်တွေအပေါ် အခြေခံပြီး လက်ရှိ တိုင်းရင်းသားနယ်မြေ အသီးသီးအတွင်း စစ်ရေး၊ နိုင်ငံရေး ဖြစ်ပေါ်မှုတွေကို အကျေအလည် ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲကနေ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်နိုင်ရန်နှင့် စစ်မှန်သောငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း ကြေညာချက်က ဆိုပါတယ်။

နော်စီဖိုးရာစိန်က“ ဒီပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် အရေးကြီးတဲ့ အစည်းအဝေးဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံရေးဆုံးဖြတ်ချက်တခုအနေနဲ့ အစည်းအဝေးတခု ဖြစ်တဲ့အတွက်ကြောင့် အရေးကြီးတယ်။ ကျမတို့ သမ္မတနဲ့ သွားတွေ့တဲ့ အခါမှာ အားလုံးပါဝင်ရေးကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာဖြစ်တယ်။ လက်မှတ်ထိုးဖို့ ကိစ္စ သမ္မတက တင်ပြတာလည်းဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီကနေ့မှာ ကျမတို့ ဆွေးနွေးရတာဖြစ်တယ်” လို့ ပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) ကို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ လပေါင်းများစွာ ပူးတွဲရေးဆွဲ ခဲ့ကြတာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013