DVB Logo
Home
မြန်မာသတင်း
တကိုယ်တော် တသီးပုဂ္ဂလများအကြောင်း စုစည်းတင်ပြချက်
DVB
·
September 27, 2015
တကိုယ်တော် တသီးပုဂ္ဂလများအကြောင်း စုစည်းတင်ပြချက်
Donate to DVB

၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၆၀၀၀ ကျော် စံချိန်တင် ၀င်ပြိုင်ကြမှာဖြစ်ပြီး ဒီထဲ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၀၀ ကျော် ပါဝင်ပါတယ်။

ခုချိန် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေးကာလမှာ ပါတီကြီးတွေဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေ အပြိုင်အဆိုင် မြိုင်မြိုင်ဆိုင်ဆိုင် မဲဆွယ်စည်းရုံးနေကြတာ တွေ့မြင်နေရပြီး တသီးပုဂ္ဂလိကတွေထဲတော့ တဦးစနှစ်ဦးစပဲ မဲဆွယ်နေတာ တွေ့ရပါတယ်။

ဒီတကြိမ် ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလက ၀င်ပြိုင်ကြတဲ့ထဲ ပြီးခဲ့တဲ့ လွှတ်တော်အရပ်ရပ်မှာ အမတ်ဖြစ်ခဲ့ပြီး မီဒီယာမှာ ကျော်ကြားထင်ရှားတဲ့ ဒေါ်ညိုညိုသင်း၊ ဦးဖုန်းမြင့်အောင် စတဲ့ အမတ်တွေ ပါဝင်သလို စီးပွားရေးလုပ်ငန်းရှင်တချို့လည်း ရွေးကောက်ပွဲမှာ ၀င်ရောက်အကဲစမ်းကြတာ တွေ့ရပါတယ်။

နေရာဟောင်းဖြစ်တဲ့ ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော်အမှတ်-၃မှာပဲ ၀င်ပြိုင်မယ့် ဦးဖုန်းမြင့်အောင်က သူ့မဲဆွယ်ရေးလှုပ်ရှားမှု မစတင်သေးဘဲ ဒီတကြိမ် ရွေးကောက်ပွဲဝင်တာဟာ သူ့အတွက်တော့ ဆွဲလက်စကျားမြီး ဆက်ဆွဲတာပါပဲလို့ ပြောပါတယ်။

“အခု ဒေါက်တာမြတ်ဉာဏစိုး ပန်းဖလက် ကျနော်ရပြီ၊ ဘာမှ ရေးမထားဘူး၊ သူတို့ကတော့ အမေစုကိုပဲ ထိပ်တင်ထားတာကိုးဗျ။ အမေစုကလည်း ပါတီကိုပဲကြည့် မဲပေးပါ၊ သူတို့လူကြည့် မဲ မပေးပါနဲ့ဆိုတော့ ဒါ အဖြေပဲလေ။ ပါတီကိုကြည့်တဲ့သူက ပါတီကိုပဲ ကြည့်မှာပေါ့။ ကျနော့်ဘက်က ရွှေထွက်နေတောင် ရမှာ မဟုတ်ဘူး။ လူကြည့်တဲ့သူကလည်း မြတ်ဉာဏစိုးနဲ့ ကျနော်နဲ့ ယှဉ်ပေါ့၊ ဒီလိုပဲ ရှိမှာပါ။ ကျနော်က ဒီကိစ္စ သိပ်မရှိဘူး၊ ကျားမြီးဆွဲထားလို့သာ ဆက်ဆွဲရတဲ့ သဘောပါပဲ။”

ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် အမှတ်-၃နေရာမှာ ၀င်ပြိုင်ကြတဲ့ထဲ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အန်ဒီအက်ဖ်ပါတီ ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးကောက်ပွဲဝင်ပြီး အရွေးခံခဲ့ရတဲ့ ဒေါက်တာမြတ်ဉာဏစိုး၊ ဦးဖုန်းမြင့်အောင်နဲ့ ဦးကျော်တို့ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီတကြိမ်မှာတော့ ဒေါက်တာမြတ်ဉာဏစိုးက အန်အယ်လ်ဒီကိုယ်စားလှယ်၊ ဦးဖုန်းမြင့်အောင်က တသီးပုဂ္ဂလနဲ့ ဦးကျော်က အမျိုးသားဒီမိုကရေစီပါတီသစ် ကိုယ်စားလှယ်အဖြစ် ၀င်ပြိုင်ကြမှာ ဖြစ်ပါတယ်။

နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ်မှာတော့ ပြည်ခိုင်ဖြိုးက ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်၊ အန်အယ်လ်ဒီကိုယ်စားလှယ်လောင်း ကဗျာဆရာ မောင်တင်သစ် ခေါ် ဦးရည်မွန်တို့နဲ့ ၀င်ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတယောက် ရှိနေပြီး သူကတော့ လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးမြင့်လွင်သန်းပါ။

ဦးမြင့်လွင်သန်းကတော့ သူ့ကိုရွေးရင် မတရားသိမ်းဆည်းခံရတဲ့ လယ်တွေ ပြန်ရအောင်လုပ်ပေးမယ်လို့ ဆိုပါတယ်။

“ကျနော့် လက်ကမ်းစာစောင်ထဲမှာ တခါတည်း ရေးထားတယ်၊ စီမံကိန်းနဲ့ သိမ်းထားတဲ့လယ်တွေ၊ မတရားသိမ်းထားတဲ့လယ်တွေ၊ ခရိုနီတွေသိမ်းထားတဲ့လယ်တွေကို ဥပဒေနဲ့အညီ ပြန်ရအောင် လုပ်ပေးမယ်၊ နံပါတ်နှစ်က အမျိုးဘာသာသာသနာကို ပြည်သူဘက်က ကျနော် ရပ်တည်ပေးမယ်၊ နံပါတ်သုံးက အလုပ်အကိုင် ရရှိရေးအတွက် ကျနော် ကူညီပေးမယ်၊ နောက် တရားရေးတို့ ဥပဒေရေးတို့ကို နိုင်ငံတကာစံနှုန်းနဲ့ညီအောင် လွှတ်တော်မှာ ကြိုးစားပြီး တင်ပြပေးမယ်၊ဒါတွေပဲ၊ ကျနော် ဘာလုပ်ပေးမယ်၊ ပစ္စည်းပေးမယ်၊ ဘာတခုမှ ကျနော် မပြောဘူး။”

သူဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း တသီးပုဂ္ဂလ အနေနဲ့ ၀င်ပြိုင်ပြီး ရှုံးခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲရန်ပုံငွေအဖြစ် သူပိုင်ငွေကြေးကိုပဲ သုံးစွဲပြီး ၂၀၁၂ တုန်းက ငွေကျပ် ၂၅ သိန်းလောက်ကုန်ကျခဲ့ပြီး ဒီတကြိမ်တော့ သိန်း ၅၀ လောက် ကုန်ကျနိုင်တယ်လို့ သုံးသပ်ပြောပါတယ်။

ဦးမြင့်လွင်သန်းလိုပဲ ကိုယ်ပိုင်ငွေကြေးနဲ့ တသီးပုဂ္ဂလ ၀င်ပြိုင်မယ့်သူ နောက်တယောက်ကတော့ ဦးမောင်မောင်လှိုင် ဆိုသူ ဖြစ်ပါတယ်။

သူဟာ ၁၉၈၈ တုန်းက ဗကသ ကျောင်းသားတယောက်ဖြစ်ခဲ့ပြီး အခုတော့ လုပ်ငန်းရှင်တယောက်ဖြစ်နေပါပြီ။ သူနေထိုင်တဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ၀င်ပြိုင်မှာဖြစ်ပြီး အကဲစမ်းကြည့်တာလို့ ဆိုပါတယ်။

“ကျနော့်အတွက် အတွေ့အကြုံသစ်တခုဖြစ်သလို တကယ်လို့များ ဒီနှစ် ကျနော် မပါခဲ့ဘူးဆိုရင် နောက်နှစ်ကျရင် ကျနော် စိတ်တိုင်းကျဖြစ်တဲ့ ပါတီကြီးတခုခုက၀င်ပြီးတော့ အတူလက်တွဲလုပ်ဖြစ်မှာပါ။ တကယ်တမ်းတော့ တသီပုဂ္ဂလက တယောက်တည်း ရပ်ရတယ်ဆိုတာ အားတော့ သိပ်မရှိဘူးပေါ့။ ဒါပေမယ့် ဒါ ကျနော် အကဲစမ်းကြည့်တဲ့ သဘောပါ။”

၂၀၁၀ ရွေးကောက်ပွဲတုန်းက ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ကိုယ်စားလှယ်တယောက်အနေနဲ့ ယှဉ်ပြိုင် အနိုင်ရခဲ့တဲ့ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်ဟာ ဒီတကြိမ် ရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလအဖြစ် ၀င်ပြိုင်မှာ ဖြစ်ပါတယ်။

သူတို့ပါတီတွင်းပြဿ  နာကြောင့် တသီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်ရတာဖြစ်ပြီး သူပြိုင်မယ့် ပြည်နယ်လွှတ်တော်နေရာမှာ မိခင်ပါတီက ၀င်မပြိုင်ဘဲ နေရာလွတ်လုပ်ပေးထားတယ်လို့လည်း ဦးအောင်မြတ်ကျော်က ပြောပါတယ်။

ဒီတကြိမ် တသီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်ရာမှာ သူ့အတွက် အဓိကအခက်အခဲကတော့ ငွေကြေးဖြစ်တယ်လို့ ဆိုပါတယ်။

“ပြောရမယ်ဆိုရင် ကျနော်က ၅ နှစ်တာ တည်ဆောက်ထားခဲ့တာဆိုတော့ ရွာတွေသွားတဲ့အခါ အခက်အခဲ သိပ်မတွေ့ရပါဘူး၊ အဓိက အခက်အခဲပြောရမယ်ဆိုရင်တော့ ဘတ်ဂျက်ပါပဲ၊ ငွေကြေးသုံးစွဲမှုအပိုင်းမှာ ပါတီအနေနဲ့ဆိုရင်တော့ လူလေးယောက် တပြိုင်တည်း သွားတဲ့အခါ လေးယောက်မျှခံတော့ အဆင်ပြေတာပေါ့။ အခု တသီးပုဂ္ဂလဆိုတော့ ကုန်ကျစရိတ်က တယောက်တည်းပဲ ကုန်တယ်၊ အဲ့ဒါတခုပါပဲ။ ကျန်တဲ့အပိုင်းတော့ သိပ်ပြီး ပြဿ   နာ မရှိပါဘူး။”

သူပြိုင်မယ့် စစ်တွေပြည်နယ်လွှတ်တော်အမှတ်-၂ မှာ ပါတီ ၅ ခုက ကိုယ်စားလှယ် ၅ ဦးနဲ့ သူအပါအ၀င် တသီးပုဂ္ဂလ ၃ ဦး စုစုပေါင်း ၈ ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီအရေအတွက်ဟာ ၂၀၁၀ နဲ့ ယှဉ်ကြည့်ရင် ၂ ဆ တိုးလာတာ ဖြစ်ပါတယ်။

တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ၀င်ပြိုင်ကြမယ့် အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို ဆက်သွယ်နေတုန်းဖြစ်ပြီး ရရင် အမျိုးသမီးတသီးပုဂ္ဂလတွေချည်း စုစည်း တင်ဆက်ပေးပါဦးမယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013