DVB Logo
Home
မေးမြန်းခန်း
ကုလားတန်စီမံကိန်း ဒေသခံများ အသက်မွေးဝမ်းကျောင်း ထိခိုက်
DVB
·
June 23, 2011
ကုလားတန်စီမံကိန်း ဒေသခံများ အသက်မွေးဝမ်းကျောင်း ထိခိုက်
Donate to DVB

မြန်မာပြည်ကို ရောက်နေတဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်အမ် ကရစ်ရှနာနဲ့ မြန်မာအာဏာပိုင်တွေ မနေ့တုန်းက ဆွေးနွေးတဲ့အခါမှာ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကုန်ကျခံတည်ဆောက်မယ့် ကုလားတန်စီမံကိန်း အကောင်အထည်ဖော်ဖို့ ကိစ္စလည်း ပါဝင်တယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ရခိုင်သဘာဝ အရင်းအမြစ် စောင့်ကြည့်ရေး အဖွဲ့တွေကတော့ ရခိုင်ပြည်နယ်ထဲမှာ အိန္ဒိယအစိုးရက အကောင်အထည်ဖော်နေတဲ့ ကုလားတန် စီမံကိန်းဟာ ဒေသခံတွေ အတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေပဲ ဖြစ်မယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် အစိုးရနှစ်ရပ်အတွက်တော့ တူညီတဲ့ အကျိုးစီးပွားတရပ်တော့ ရှိပုံရပါတယ်။

ရခိုင်မြစ်ချောင်းကွန်ရက်ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုထွန်းဇော်က အခုလို ပြောပါတယ်။

“အိန္ဒိယအတွက် ဘယ်လောက် အရေးပါသလဲဆိုရင် ဒီစီမံကိန်းနဲ့ ဆက်နွယ်ပြီးတော့ နောက်ထပ်ကျန်နေသေးတဲ့ ဂတ်စ်တွင်းတွေ ရေနံတွင်းတွေကို သူတို့ ထပ်မံပြီးတော့မှ မျက်စိကျနေတာရှိတယ်။ ပြီးတော့ မကြာမကြာ အိန္ဒိယက ဒီ အာဏာပိုင်တွေနဲ့ လုပ်ငန်းရှင်တွေက ပြောပြောနေတာတွေ ကျနော်တို့ သတင်းတွေမှာ တွေ့ရတယ်ပေါ့။ ကျနော်တို့ သုတေသနအရ။ ရခိုင်ပြည် မြန်မာပြည်က ရေနံနဲ့ ဂတ်စ်ကိုလည်း သူတို့ သွယ်လိမ့်ပေါ့ဗျာ။ ဒီ လမ်းကြောင်း ကုလားတန်စီမံကိန်းနဲ့ ဆက်နွယ်ပြီးတော့။ ဆိုလိုတာကတော့ အဲဒီ ကျန်ရှိနေတဲ့ ဂတ်စ်တွေကို သူတို့ သင်္ဘောနဲ့ သယ်မယ်ပေါ့ဗျာ။ အဲဒီ သူတို့ရဲ့ အရှေ့မြောက်ဒေသကိုပေါ့။ အဲဒီလိုမျိုး အစီအစဉ်တွေ ထပ်ပြီးတော့ လာလိမ့်မယ်။ အဲဒါကြောင့် ဒီ် ကုလားတန်စီမံကိန်းက အိန္ဒိယအစိုးရအတွက် တော်တော်လေးကို မဟာဗျူဟာအရ အရေးပါတယ်။ အခုသူတို့မှာ ရှိနေတဲ့ တော်လှန်ရေးသမားတွေ၊ ပြောက်ကျားတွေ၊ ခွဲထွက်ရေးသမားတွေကို သူတို့ ရှင်းလိမ့်မယ်ပေါ့နော်။ တပြိုင်နက်အတွင်းမှာ ကျနော်တို့ ဗမာအစိုးရမှာလည်း လက်နက်ကိုင် တော်လှန်ရေးသမားတွေကို သူတို့လည်း ရှင်းချင်တယ်ပေါ့ဗျာ။ ဆိုရင်  နှစ်နိုင်ငံအကျိုးစီးပွားကတော့ ဒီနေရာမှာ သွားပြီးတော့ ထပ်တူကျတယ်လို့ ကျနော်တော့ မြင်တယ်။”

အိန္ဒိယအစိုးရဟာ ကုလားတန်စီမံကိန်းရဲ့ တစိတ်တဒေသဖြစ်တဲ့ စစ်တွေ ရေနက်ဆိပ်ကမ်းစီမံကိန်းကို မနှစ်နှစ်ကုန်ပိုင်းက စပြီး အကောင်အထည် ဖော်နေတာပါ။ ရခိုင်ပြည်နယ်ကနေ တရုတ်ပြည် ယူနန်ပြည်နယ်ကို သွယ်တန်းမယ့် တရုတ်ရဲ့ ကျောက်ဖြူ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနဲ့ အပြိုင်ပါ။

ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒါရိုက်တာ ကိုကျော်ခိုင်က ...

“‘ဒီကုလားတန်စီမံကိန်းက တရုတ်ကနေ တရုတ်နဲ့ ဗမာ ရေနံနဲ့ ဂတ်စ်ပိုက်လိုင်း တည်ဆောက်နေသလို အဲဒါ တရုတ်အတွက် တော်တော် အရေးပါနေသလို အိန္ဒိယက ဒီ ဖြစ်စဉ်ကနေပြီးတော့ ဒီ ကုလားတန်စီမံကိန်း တလျှောက် မြစ်ကြောတလျှောက် အိန္ဒိယ အရှေ့မြောက်ပြည်နယ်ကို ဖောက်လုပ်နေတာကလည်း တော်တော်ကို အရေးပါ ပါတယ်။ တရုတ်အတွက် ဒီဘက်မှာ ရေနံနဲ့ ဂတ်စ်ပိုက်လိုင်း စီမံကိန်းက တော်တော်ကို ဒီ နိုင်ငံရေးအရကော အင်နာဂျီ အရကော အရေးပါသလို အိန္ဒိယ အတွက်လည်း ဒီ ကုလားတန်စီမံကိန်းက ပို အရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယမှာ ကြည့်လိုက်မယ်ဆို ကျနော်တို့ အရှေ့မြောက်ပြည်နယ်တွေက ကုန်းတွင်းပိုင်း ကုန်းတွေလို့ ပြောတာပေါ့ အများအားဖြင့် ရေကြောင်းလည်း မရှိဘူး။ ကုန်သွယ်ဆက်သွယ်မှုက တော်တော်ကို ခက်ခဲမှု ရှိတယ်။ အဲဒီက ဖွံ့ဖြိုးမှု နည်းတာပေါ့နော်။ အဲဒီ အရှေ့မြောက် ပြည်နယ်တွေက ဒီ ကုလားတန်စီမံကိန်းကနေ ပြီးသွားလို့ရှိရင် ဒီ ရခိုင်ကတဆင့် ဒီ အရှေ့မြောက်ပြည်နယ်တွေကို ကုန်ပစ္စည်းတွေကော သူတို့လိုချင်တဲ့ဟာတွေ တော်တော်များများကို အိန္ဒိယအတွက် တော်တော်ကို စီးပွားရေးအရကော လုံခြုံရေးအရကော ကောင်းသွားမယ့် အနေအထားမှာ ရှိပါတယ်။”

ကုလားတန်မြစ်ကြောင်းတလျှောက်က မြို့နယ် ၆ မြို့နယ်က လူဦးရေ တသန်းကျော် နေထိုင်ကြပါတယ်။ ဒေသရဲ့ စိုက်ပျိုးရေးနဲ့ ရေထွက်ကုန်ဟာ ရခိုင်ပြည်နယ်တခုလုံးရဲ့ ထွက်ကုန်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်တယ်လို့ သိရပါတယ်။

လောလောဆယ်တော့ ရခိုင်ဒေသခံတွေကတော့ အဲဒီစီမံကိန်း ၂ ခုစလုံးမှာ အောက်ခြေ အလုပ်ကြမ်းသမားတွေ အဖြစ်နဲ့ပဲ လုပ်ကိုင်နေကြပါတယ်။

အကယ်၍ စီမံကိန်းပြီးသွားရင်လည်း ဒေသခံတွေအနေနဲ့ အသက်မွေးဝမ်းကြောင်းနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ဆိုးကျိုးပဲ ဖြစ်လာမှာကို  သဘာဝ အရင်းအမြစ် စောင့်ကြည့်ရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။

ရခိုင်မြစ်ချောင်းကွန်ရက်ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုထွန်းဇော်က ...

“နောက်တဖက်က ဘာရှိသလဲဆိုတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုပေါ့။ မြစ်ချောင်းကို အဓိက သူတို့က တိုးချဲ့မယ်ဆိုရင် ကုလားတန်မြစ်ကြောင်းမှာ ပြေးဆွဲနေတဲ့ သင်္ဘောတွေ ရေယာဉ်တွေက တန် ၃ ထောင်ကျော်ပဲ အမြင့်ဆုံး ရှိတယ်ပေါ့နော်။ သူတို့က တန် ၆ ထောင်ကျော်အထိ ရှိတဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေ အဝင်အထွက် လုပ်လို့ရအောင် တူးလိမ့်မယ်။ ချဲ့လိမ့်မယ်ပေါ့နော်။ ချဲ့တဲ့အခါမှာ အဲဒီမှာ ရေနေသတ္တဝါတွေ ပျက်စီးမှု၊ မြစ်ကမ်းပါးတွေ ပျက်စီးမှုကြောင့် မြစ်ကြောင်းရဲ့ ကမ်းနံဘေးတွေမှာ နေကြတဲ့ ရွာတွေ ဒေသခံလူထုတွေအတွက် အဲဒါ ဆိုးကျိုးဖြစ်စေတယ်။ တပြိုင်နက်တည်းမှာ အဲဒီ ကုလားတန်မြစ်ကြောင်းပေါ်မှာ မှီခိုပြီး လုပ်ကိုင်စားသောက်နေရတဲ့ ဒေသခံ ရေလုပ်သားတွေအတွက် အခွင့်အလမ်းက ပိုနည်းသွားတယ်။ အဲဒီလိုမျိုး တန် ၆ ထောင်ကျော် သင်္ဘောကြီးတွေ သွားပြီဆိုလို့ရှိရင် ဒေသခံ ရေလုပ်သားတွေက လှေသေးသေးလေးတွေနဲ့ လုပ်နေရတဲ့အခါကျတော့ သူတို့ ဘယ်လိုမှ အဲဒီမှာ ငါးရှာဖားရှာ နိစ္စဓူဝ လုပ်ကိုင်စားသောက်ရမယ့် အခွင့်အလမ်းက တော်တော်လေး နည်းသွားမယ်။ အဲဒီလိုမျိုး လုပ်လို့ မရတော့ဘူး အဲဒီလိုမျိုးတွေ ရှိတယ်။”

၂၀၀၈ ခုနှစ်တုန်းက နှစ်နိုင်ငံ အစိုးရတွေ သဘောတူထားခဲ့တဲ့ ဒီစီမံကိန်းဟာ ၂၀၁၃ ကျရင် အပြီးသတ်မှာဖြစ်ပြီး၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်မှာလည်း ဒီအကြောင်း ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယက လာတဲ့သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဒီနေ့ မြန်မာသတင်းစာတွေမှာတော့ ကုလားတန် စီမံကိန်းနဲ့ ပတ်သက်လို့ လုံးဝမဖော်ပြဘဲ တန် ၅၀၀ ဆံ့ ရိက္ခာ သိုလှောင်ရုံနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ လွှဲပေးတာ၊ တာလေမြေငလျင်ဘေးအတွက် အိန္ဒိယက ငွေလှူတာ၊ အိန္ဒိယ-မြန်မာ စက်မှုသင်တန်းကျောင်း (မြင်းခြံ) ထူထောင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ထိုးခဲ့ကြတယ် ဆိုတာတွေကိုပဲ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013