
နိုင်ငံလုံးဆိုင်ရာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးစင်တာ ညွှန်ကြားရေးမှူးနဲ့ ဒေါ်နယ်ထရမ့်ပ် ထောက်ခံသူ လက်ယာစွန်းဝါဒီ ဂျိုးကန့်ဟာ အီရန်စစ်ပွဲကို ကန့်ကွက်တဲ့အနေနဲ့ မတ် ၁၇ ရက်မှာ ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။
“အီရန်မှာဖြစ်နေတဲ့ စစ်ပွဲကို ကျနော် လိပ်ပြာသန့်သန့်နဲ့ မထောက်ခံနိုင်ပါဘူး” လို့ ကန့်က X လူမှု ကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အီရန်ဟာ အမေရိကန်အတွက် ခြိမ်းခြောက်မှု မရှိဘဲ အစ္စရေးနဲ့ သူတို့ရဲ့ သြဇာလွှမ်းမိုးမှုတွေကြောင့် သာ ဒီစစ်ပွဲကို စတင်ခဲ့တာလို့ သူက ဆိုပါတယ်။
ကန့်ဟာ အထူးတပ်ဖွဲ့ အရာရှိဟောင်းတယောက်ဖြစ်ပြီး သူ့ရဲ့ ဇနီးဖြစ်သူ ရေတပ်အရာရှိ ရှန်နွန်ကန့် ဟာ ၂၀၁၉ ခုနှစ်က ဆီးရီးယားနိုင်ငံက အသေခံဗုံးခွဲမှုတခုမှာ သေဆုံးခဲ့ပါတယ်။
အစ္စရေးအရာရှိတွေနဲ့ အမေရိကန်မီဒီယာတွေက သတင်းမှားတွေဖြန့်ပြီး အီရန်ကို စစ်တိုက်ဖို့ ထရမ့်ပ်ကို လှည့်စားခဲ့တာလို့ ကန့်ရဲ့ နုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ် လွှတ်တော်ရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့သူဖြစ်ပြီး အစွန်းရောက်အဖွဲ့တွေနဲ့လည်း ပတ်သက်မှုရှိခဲ့ပါတယ်။
ဒီနုတ်ထွက်မှုနဲ့ ပတ်သက်ပြီး ထရမ့်ပ်က ကန့်ဟာ လုံခြုံရေးပိုင်းမှာ အားနည်းသူဖြစ်တယ်လို့ တုံ့ပြန် လိုက်ပါတယ်။
အီရန်ဟာ အမေရိကန်အတွက် ခြိမ်းခြောက်မှုဖြစ်ပြီး အီရန်ကို ခြိမ်းခြောက်မှု မဟုတ်ဘူးလို့ ထင်တဲ့ သူမျိုးကို အလိုမရှိဘူးလို့ အိမ်ဖြူတော် အခမ်းအနားတခုမှာ ထရမ့်ပ်က မှတ်ချက်ပေးခဲ့ပါတယ်။
Source: Reuters











