DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရပ်ဘက်အဖွဲ့အစည်းများအား ပါဝင်ခွင့်ပြုရန် တောင်းဆို
DVB
·
September 25, 2015
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရပ်ဘက်အဖွဲ့အစည်းများအား ပါဝင်ခွင့်ပြုရန် တောင်းဆို
Donate to DVB

လက်ရှိအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ကြိုးပမ်းဆောင်ရွက်နေတဲ့   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေပါ ပါဝင်ပူးပေါင်းခွင့်ရဖို့  မွန် ပြည်နယ်မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအရှေ့တောင်ဒေသအရပ်ဘက်လူမှု အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ညီလာခံက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ အရှေ့တောင်ဘက်မှာရှိတဲ့ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးက အရပ် ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်ပေါင်း  ၄၀၀ ကျော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်ကနေ ၂၃ ရက်နေ့ထိ ၃ ရက်တာ တွေ့ဆုံဆွေးနွေးအပြီး  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်လိုတဲ့  အချက်တွေကို တောင်းဆိုခဲ့တယ်လို့ ညီလာခံ ဖြစ်မြောက်ရေး တာဝန်ခံ ဦးမင်းအောင်ထူးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ပြည်နယ်နဲ့တိုင်းဒေသ ၄ ခုက လူမှုအခြေပြုအဖွဲ့တွေအနေနဲ့  ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အတူတကွ လက်တွဲဆောင်ရွက်သွားဖို့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ လူထုတွေ အတွက် အာမခံချက်ပေးနိုင်အောင် ဆောင်ရွက်ေပးဖို့ နိုင်ငံတော် အစိုးရကိုရော သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုပါ  တောင်းဆိုထားပါတယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကဏ္ဍ၊ အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အရပ်သားလုံခြုံရေး၊  အကြီးစားစီမံကိန်းနဲ့ရင်းနှီးမြှုပ်နှံမှု၊ မြေယာစီမံခန့်ခွဲရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စတဲ့ခေါင်းစဉ် ၆ ခုအောက် မှာ တောင်းဆိုချက်ပေါင်း ၁၆ ချက် ပါဝင်ပါတယ်ခင်ဗျ”

အဆိုပါ တောင်းဆိုချက်တွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့  နိုင်ငံရေးဆွေးနွေး ပွဲမှာ မှတ်တမ်းပြုစုခြင်း၊ သုတေသနပြုခြင်းနဲ့  ရုံးပိုင်းဆိုင်ရာမှာ ပါဝင်ဆောင်ရွက်ရဖို့၊ အပစ်ခတ်ရပ်စဲရေးကိစ္စကို နိုင်ငံတကာစောင့်ကြည့်လေ့လာရေး အဖွဲ့နဲ့  ပူးပေါင်းဆောင်ရွက်ရဖို့၊  စစ်ဘေးရှောင်ပြည်သူတွေကို ကံယကံရှင်တွေရဲ့ ဆန္ဒနဲ့သာ ရွှေ့ပြောင်းနေရာချထားပြီး လုံခြုံရေးအာမခံရှိဖို့  စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးဖော်ဆောင်နေဆဲကာလအတွင်း အကြီးစားစီမံကိန်းတွေ ရပ်တံ့ ထားဖို့၊ စီမံကိန်းတွေဖော်ဆောင်ရာမှ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်ပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်ဖို့၊ မြေယာပိုင်ဆိုင်မှုဥပဒေထဲမှာ ရိုးရာထုံးတမ်းစဉ်လာနဲ့ ဘိုးဘွားပိုင်မြေ ဆိုင်ရာဥပဒေပြဌာန်းပေးဖို့၊  စီမံကိန်းအကောင်အထည်မဖော်နိုင်တဲ့ သိမ်းဆည်းခံမြေ ယာတွေကို  ပိုင်ရှင်ထံပြန် အပ်နှံဖို့၊ မြေယာစီမံခန့်ခွဲမှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စီမံခန့်ခွဲမှုတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့လည်း တောင်းဆိုပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကဏ္ဍမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ ပါဝင်တဲ့ အဖွဲ့ဖွဲ့စည်းနှိမ်နင်းဖို့၊ အကျင့်ပျက်ဝန်ထမ်းတွေကို ထိရောက်စွာနှိမ်နင်းဖို့၊ မူးယစ်ဆေး အန္တရာယ်ပညာပေးလုပ်ငန်းနဲ့ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေပေးရေး၊ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ကျယ်ပြန့်စွာ ဆောင်ရွက်ပေဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

မွန်ပြည်နယ်က အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်တဲ့ ပထမဆုံးအကြိမ်  မြန်မာနိုင်ငံ အရှေ့တောင်ဒေသအရပ်ဘက်လူမှုအဖွဲ့ အစည်းများငြိမ်းချမ်းရေးညီလာခံမှာ ဒေသကြီး ၄ ခုက ကိုယ်စားလှယ်တွေအြ့ပင် မွန်ပြည်နယ်အစိုးရအဖွဲ့၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များနဲ့ ယူအန်ဒီပီ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် က  ပညာရှင်တွေပါ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013